ရွှေကူတွင် စစ်သားများတင်ဆောင်လာသော သင်္ဘောကို KIA ပစ်ခတ်တိုက်ခိုက်

ရွှေကူတွင် စစ်သားများတင်ဆောင်လာသော သင်္ဘောကို KIA ပစ်ခတ်တိုက်ခိုက်

ကချင်ပြည်နယ်၊ ရွှေကူမြို့တွင် အာဏာသိမ်းစစ်ကောင်စီတပ်၏ စစ်သားများတင်ဆောင်လာသည့် သင်္ဘောတစ်စီးကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

မေလ ၂၁ ရက်နေ့ (ယနေ့) နံနက်ပိုင်းက ရွှေကူမြို့တွင် စစ်သားများတင်ဆောင်လာသည့် သင်္ဘော ပစ်ခတ်တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်သည်ဟု ရွှေကူမြို့က အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။

“ဖြစ်စဉ်က အဲ့ဒီသင်္ဘောက အရင်ပစ်ခံရတဲ့ သင်္ဘောတွေလိုပဲ ကုန်တင်သင်္ဘောပုံစံပေါ့။ သူက ကသာကနေထွက်လာတာ။ ဒီရွှေကူဘက်ကိုပေါ့၊ ထွက်လာတဲ့အချိန်မှာ ဒီလမ်းမှာ ကချင်ပြည်နယ်ထဲဝင်တာ၊ စစ်ကိုင်းတိုင်းအထွက် ကချင်အဝင် အဲ့ဒီ မင်းကျောင်းကုန်းရွာကိုကျော်ပြီးတော့၊ အဲ့ဒီမင်းကျောင်းကုန်းရွာနဲ့ သာယာကုန်းရွာကြားမှာ တောရှိတယ်။ အဲ့တော့ဘက်နေ လှမ်းပစ်တယ်လို့သိရတယ်။ KIA ဘက်က လှမ်းပစ်တယ်။ လက်နက်ကြီးတွေလည်း သင်္ဘောပေါ်မှာပါတယ်လို့ ပြောတယ်။ အပြန်အလှန်ပစ်ကြတယ်တဲ့။ မနက်ပိုင်းပြောရမလား၊ ၁၂ နာရီမထိုးခင်၊ ၁၁ နာရီကျော်မှာဖြစ်တယ်လို့ သိရတယ်”

အဆိုပါသင်္ဘောမှာ KIA ကပစ်လိုက်သည့် ကျည်ထိမှန်ပြီး သာယာကုန်းရွာနှင့် မျက်စောင်းထိုးရှိ ဘိုကုန်းကျေးရွာအနီးက ရေလယ်ကျွန်းနေရာတွင် ခေတ္တရပ်နားပြီးနောက် ပြန်ဆုန်ဆင်းသွားသည်ဟု မျက်မြင်သက်သေတစ်ဦးက ပြောသည်။

“ဘယ်လို လှည့်ပြန်လဲဆိုတော့ ဒီမောင်းတဲ့လူကိုထိထားလား၊ သင်္ဘောမောင်းတဲ့အခန်းကို ထိတားလားပေါ့၊ သင်္ဘောမောင်းတဲ့အခန်းဘက်ကို မှန်တယ်လို့ပြောတယ်။ အခုက အဲ့ဒီသင်္ဘောက ဘိုကုန်းကျေးရွာအရှေ့ဘက်၊ သာယာကုန်းနားမှာပေါ့ အဲ့မှာ သာယာကုန်းနဲ့ ဘိုကုန်းက မျက်စောင်းထိုးလေး၊ ဟိုဘက်ကမ်း ဒီဘက်ကမ်းလေ အဲ့ကြားထဲမှာ ကျွန်းတွေရှိတယ်။ အဲ့အလယ်က ကျွန်းမှာ ကပ်သွားတယ်။ တအောင့်လောက်နေတော့ ပြန်ဆုန်တယ်။ ဆုန်တဲ့အချိန်မှာ နှစ်မိုင်လောက်ပဲ ရောက်သေးတယ် အဲ့နှစ်မိုင်လောက်မှာ ပြန်ကပ်သွားတယ်။ ဆုန်တာက ချာလည်ချာလည်နဲ့ ဆုန်သွားတာ။ ဟိုဘက်ရမ်းလိုက် ဒီဘက်ရမ်းလိုက်နဲ့ ကျနော်ထင်တာတော့ မောင်းတဲ့လူကို ထိသွားတာလားပေါ့၊ အဲ့လိုမျိုးမှန်းတာပေါ့” မျက်မြင်သက်သေတစ်ဦးက ပြောသည်။

သင်္ဘောပစ်ခံရသည့် နေရာအနီးတဝိုက်က ဒေသခံများ၏ ပြောပြချက်အရ အဆိုပါသင်္ဘောပေါ်တွင် စစ်သားများ၊ ရိက္ခာများအပြင် လက်နက်များလည်းပါသည်ဟု သိရသည်။

ထို့အပြင် ယခုရက်ပိုင်းအတွင်း ရွှေကူမြို့သို့ စစ်ကောင်စီတပ်က တပ်အင်အားများ ဖြည့်တင်းနေပြီး မိုးမောက်ဘက်က တပ်မ ၈၈ ကလည်း တပ်ချိန်းရောက်ရှိနေသည်ဟု ရွှေကူဒေသခံများက ပြောသည်။

“အဲ့နားက လူတွေမှန်းတာတော့ လက်နက်ကြီးတွေလည်းပါတယ်၊ စစ်သားတွေလည်းပါတယ်ဆိုတော့ စစ်သားအနည်းဆုံး ၁၀၀ လောက်ပါနိုင်တယ်ပေါ့ အဲ့လိုမှန်းကြတယ်။ အခုက ရွှေကူဘက်ကို စစ်အင်အား တော်တော်တိုးနေတယ် အရင်နေ့ကလည်း။ အရင်နေ့ဆိုတာက လွန်ခဲ့တဲ့ ၃ ရက်လောက်ကလည်း တပ်မ ၈၈ ရွှေကူကို ရောက်တယ်ပေါ့။ ရွှေကူကို ရောက်တယ်ဆိုတာက မိုးမောက်ဘက်ကနေ တပ်ချိန်းလိုက်တယ်လို့ပြောတယ်။ ဘာလို့လည်းဆိုတော့ အဲ့ရောက်လာတဲ့ထဲမှာ ဒဏ်ရာရတဲ့လူတချို့ပါလာတာတွေ့တယ်။ စစ်ကားပေါ်မှာပေါ့။ သင်္ဘောကနေ စစ်ကားပေါ်ကို ကဲ့တဲ့အချိန်မှာ။ မိုးမောက်ဘက်မှာ တပ်မ ၈၈ က ထိုးစစ်ဆင်နေတာ တော်တော်ကြာပြီလေ။ အခုက တပ်ချိန်းတယ်လို့ပြောကြတယ်” ဟု ရွှေကူမြို့က ဒေသခံက သတင်းနှင့်မီဒီယာကွန်ရက်ကို ပြောသည်။

ရွှေကူမြို့နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီတပ်၏ သင်္ဘောများကို KIA က မကြာခဏ ပစ်ခတ်တိုက်ခိုက်လျှက်ရှိရာ မေလ ၁၁ ရက်နေ့ကလည်း ရိက္ခာနှင့်စစ်သားများ တင်ဆောင်လာသည့် သင်္ဘောတစ်စီးကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်က ထိခိုက်ဒဏ်ရာရရှိမှုများရှိခဲ့သည်။

ထိုသင်္ဘောပေါ်တွင် ဆန်အိတ်များ၊ အခြားစားနပ်ရိက္ခာများနှင့် စစ်သား အယောက် ၁၀၀ ခန့်ပါကြောင်း၊ KIA က ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီက ၎င်းတို့၏ရိက္ခာများကို ကားဖြင့် ပြန်လည်သယ်ယူရာ လမ်းခုလတ်တွင် KIA က ထပ်မံတားဆီးပစ်ခတ်ခဲ့သည်ဟု သိရသည်။

April 25, 2026
ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့တွင် ဖေဖော်ဝါရီလဆန်းပိုင်းမှ စတင်၍ လျှပ်စစ်မီးပြတ်တောက်မှုနှင့်...
ဓါတ်ပုံ - PPNM
April 24, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရားဖမ်းဆီးခံထားရသည့် နိုင်ငံရေး...
April 23, 2026
ထီးချိုင့်မြို့ကို ပြန်လည်ထိန်းချုပ်ထားသည့် စစ်တပ်သည် ဧရာဝတီမြစ်ကြောင်းအတိုင်း ကသာမြို့ ဘက်သို့...
Photo-KnIC (ပုံဟောင်း)
April 22, 2026
စစ်တပ်ကို နိုင်ငံရေးမှာ ဝင်ရောက်စွတ်ဖက်ခွင့်ပြုထားသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ နှင့် NCA...