အာဏာသိမ်းမှုအပေါ် ဆန့်ကျင်သည့် မြန်မာသံအရာရှိ ၁၀၀ ခန့်ကို နိုင်ငံသို့ပြန်လာရန် စစ်ကောင်စီညွှန်ကြား

အာဏာသိမ်းမှုအပေါ် ဆန့်ကျင်သည့် မြန်မာသံအရာရှိ ၁၀၀ ခန့်ကို နိုင်ငံသို့ပြန်လာရန် စစ်ကောင်စီညွှန်ကြား

ဖေဖေါ်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး CDM လှုပ်ရှားမှုကို ထောက်ခံအားပေးသည့် ပြည်ပရောက် မြန်မာသံ၀န်ထမ်း ၁၀၀ ခန့်ကို နိုင်ငံသို့ပြန်လာရန် အာဏာသိမ်းစစ်အုပ်စုက ညွှန်ကြားထားကြောင်းကို ပြင်ပသို့ပေါက်ကြားခဲ့သည့် ရုံးတွင်းစာရွက်စာတမ်းတစ်ခုအရ သိရသည်။

သို့သော် သံ၀န်ထမ်းအချို့သည် ထိုအမိန့်ညွှန်ကြားချက်ကို လိုက်နာခဲ့ခြင်းမရှိဘဲ ၎င်းတို့တာ၀န်ကျရာနိုင်ငံများတွင်သာ ဆက်ရှိနေကာ မြန်မာနိုင်ငံရှိ ဒီမိုကရေစီအင်အားစုများကို ထောက်ခံပြီး ထုတ်ဖော်ပြောဆိုလျက်ရှိသည်။

မြန်မာနိုင်ငံသို့ပြန်လာရန် ညွှန်ကြားခံရသည့် သံရုံး၀န်ထမ်းများသည် ဂျပန်၊ အမေရိကန်၊ ဗြိတိန်နှင့် စင်ကာပူအပါအ၀င် နိုင်ငံ‌ပေါင်း ၂၀ ခန့်တွင် တာ၀န်ထမ်းနေခဲ့ကြသူများဖြစ်သည်။

အာဏာသိမ်းမှုကို ဆန့်ကျင်သောအားဖြင့် တာ၀န်၀တ္တရားများကို မထမ်းဆောင်ဘဲ ကန့်ကွက်သပိတ်မှောက်ခဲ့မှုအတွက် တိုကျိုရှိ မြန်မာသံရုံးမှ သံအရာရှိနှစ်ဦးကို စစ်အုပ်စုက ရာထူးကနေ ထုတ်ပယ်ခဲ့ကြောင်း သံတမန်သတင်းရင်းမြစ်များက မေလ ၁၉ ရက်တွင် ပြောသည်။

အာဏာသိမ်းစစ်အုပ်စုကို ဆန့်ကျင်သူတစ်ဦးဖြစ်သည့် ကုလဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းသည် ဖေဖေါ်ဝါရီ ၂၆ ရက်က ကုလ အထွေထွေညီလာခံ အစည်းအဝေးတစ်ခုတွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ထုတ်ဖော်ထားခဲ့သည်။

ဦးကျော်မိုးထွန်းသည် ၎င်းအား ထုတ်ပယ်သည်ဆိုသည့် စစ်အုပ်စု၏ထုတ်ပြန်ချက်ကို အရေးမစိုက်ဘဲ မြန်မာနိုင်ငံရှိ ဒီမိုကရေစီအင်အားစုများကို ဆက်လက်ထောက်ခံပေးရေးအတွက် နိုင်ငံတကာအသိုင်းအဝိုင်းကို တိုက်တွန်းလျက်ရှိသည်။

အမေရိကန်ရှိ မြန်မာသံရုံးမှ ဒုတိယအတွင်း၀န် ဒေါ်သက်ထားမြရီစန်းက ဧပြီ ၂၉ ရက်တွင် The Washington Post တွင် အတွေးအမြင်ဆောင်းပါးတစ်ပုဒ် ရေးသားခဲ့သည်။

ဆောင်းပါးထဲတွင် ဒေါ်သက်ထားမြရီစန်းက သူမနှင့် သံရုံးတွင်ရှိသည့် အခြားသံအရာရှိသုံးဦးတို့သည် စစ်အုပ်စုကိုဆန့်ကျင်ကြောင်း ကြေညာရန် ဆုံးဖြတ်ခဲ့သည်ဟု ပြောထားခဲ့သည်။

ယင်းသည် ခက်ခဲသည့် ဆုံးဖြတ်ချက်တစ်ခုဖြစ်ခဲ့ကြောင်းလည်း သူမက ပြောခဲ့သည်။

“ဒါ‌ပေမယ့် ကျွန်မတို့ အောင်နိုင်လိမ့်မယ်၊ တရားမျှတမှုကို ပြန်လည်ရရှိနိုင်မယ်လို့ ကျွန်မတို့ ယုံကြည်ပါတယ်" ဟု အဆိုပါသံအရာရှိက ပြောခဲ့သည်။