ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့ရှိ စာသင်ကျောင်းနှင့် ရဲစခန်းတို့တွင် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၆၀ ခန့် တပ်စွဲထားကြပြီး တိုက်ပွဲများဖြစ်ပွားမည်ကို စိုးရိမ်ကြသည့်အတွက် တစ်မြို့လုံးနီးပါး ထွက်ပြေးတိမ်းရှောင်နေကြရဆဲဖြစ်ကြောင်း သိရသည်။
ကန်ပက်လက်မြို့တွင် မေ ၁၃ ရက် ညက အာဏာသိမ်းစစ်ကောင်စီနှင့် ကန်ပက်လက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အကြား ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် တိုက်ပွဲဆက်လက်ဖြစ်ပွားမှု မရှိတော့သော်လည်း စစ်ကောင်စီသည် ရဟတ်ယာဉ်ဖြင့် စစ်အင်အားတိုးချဲ့ကာ ကန်ပက်လက်မြို့တွင် မေ ၁၆ ရက်မှစ၍ တပ်စွဲလာခဲ့ခြင်းဖြစ်သည်။
“အပစ်အခတ်တွေကြောင့် တောဖက်၊ ရွာဖက်ထွက်ပြေးတိမ်းရှောင်နေကြတယ်။ ဒီနေ့မနက်ကနေ နည်းနည်းပါးပါးပြန်တက်လာကြပြီး မြို့ထဲမှာ အသွားအလာတော့နည်းနည်းရှိလာတယ်။ အရင်ကလိုကြီးတော့ မဟုတ်သေးဘူး။ ဆိုင်ကယ်သံလေးတွေတော့ နည်းနည်းပြန်ကြားရပြ။၊ နေအိမ်ကိုပြန်လာ ကြည့်တဲ့ သဘောလောက်ပဲရှိတယ်။ ခနတဖြုတ် အိမ်ကိုပြန်လာကြည့်ပြီး စားနပ်ရိက္ခာလာပြန်ယူတာလောက်ပဲရှိတယ်" ဟု ကန်ပက်လက်မြို့ခံတစ်ဦးက ပြောသည်။
မေ ၁၇ ရက်က အာဏာသိမ်းစစ်ကောင်စီနှင့် ကန်ပက်လက်ပြည်သူ့ကာကွယ်ရေးတပ်မှ တာဝန်ရှိသူများ၊ ကန်ပက်လက် မြို့မိ/မြို့ဖများတွေ့ဆုံဆွေးနွေးခဲ့ကြသည်ဟုလည်း သိရသည်။
ယင်းဆွေးနွေးပွဲတွင် စစ်ကောင်စီအနေဖြင့် ပြည်သူများမြို့ပေါ်တွင်သွားလာသောအချိန်တွင် စစ်ဆေး မေးမြန်းခြင်း၊ ဖမ်းဆီးခြင်းများမပြုလုပ်ရန်၊ CDM တွင်ပါဝင်သူများကိုလည်း အိမ်တိုင်ရာရောက် သွားရောက်ဖမ်းဆီးခြင်း၊ အနှောက်အယှက်ပေးခြင်းမပြုလုပ်ရန်နှင့် မြို့ပေါ်တွင် လက်နက်ကိုင်ဆောင်ပြီး သွားလာခြင်းမျိုးမလုပ်ရန် ကန်ပက်လက် ပြည်သူ့ကာကွယ်ရေးတပ်ဘက်က တောင်းဆိုခဲ့ကြပြီး၊ အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဖက်ကလည်း ကန်ပလက်မြို့ပေါ်တွင် တပ်စွဲခွင့်ပြုရန်နှင့် ရေများပြည်လည်လွှတ်ပေးရန်တောင်းဆိုကာ သဘောတူညီမှုရရှိခဲ့ကြကြောင်း ကန်ပက်လက်မြို့ခံကပြောသည်။
“လက်ရှိအခြေအနေမှာတော့ အဆင်ပြေတယ်။ ငြိမ်နေတယ်လို့ပြောရမလား။ ရင်တထိတ်ထိတ်နဲ့ပေါ့။ မဖောက်လာဖို့လိုတယ်” ဟု ကန်ပက်လက်မြို့ခံက ပြောသည်။
Published
Thursday, May 20, 2021
ကန်ပက်လက်မြို့ စာသင်ကျောင်းနှင့်ရဲစခန်းတွင် စစ်ကောင်စီတပ်များ တပ်စွဲထားပြီး တစ်မြို့လုံးနီးပါး ထွက်ပြေးတိမ်းရှောင်နေကြရဆဲ



