ကွတ်ခိုင်ပြည်သူများ စားဝတ်နေရေးအခက်တွေ့

ကွတ်ခိုင်ပြည်သူများ စားဝတ်နေရေးအခက်တွေ့

စစ်ရေးပဋိပက္ခများ၊ တိုက်ပွဲများ ဆက်တိုက်ဖြစ်နေသည့်အတွက် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်အတွင်းက ဒေသခံပြည်သူများ အလုပ်အကိုင်များ ရပ်တန့်ထားရပြီး ယခုအခါ စားဝတ်နေရေးအတွက် အခက်အခဲများဖြစ်နေရသည်ဟု ဒေသခံများက ပြောသည်။

ကွတ်ခိုင်မြို့နယ်နှင့် ၁ မိုင်ကျော်အကွာတွင်ရှိသည့် နမ့်ပါချီးကျေးရွာမှ ရွာသား ၄၀၀ ကျော်သည် ယခုရက်ပိုင်းတွင် ကျေးရွာအနီးဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုများ၊ ဆီကားများ မီးရှို့ခံရမှုများနှင့် လက်နက်ကိုင်အဖွဲ့များ ကျေးရွာအနီး လှုပ်ရှားနေသေးသည့်အတွက် အပြင်ထွက်အလုပ်လုပ်ရန်ခက်ခဲနေသည်ဟု ဒေသခံများက ပြောသည်။

“အခုလက်ရှိက ငြိမ်နေပါတယ်။ ကျနော်တို့လည်း အဲ့ဒီရွာကို အစားအသောက်တွေ သွားလှူတာရှိပါတယ်။ တိုက်ပွဲကတော့ ငြိမ်နေပါတယ်။ သူတို့ကရွာကနေ အခုက အလုပ်လုပ်တာတွေ အခက်အခဲရှိနေတာဗျ။ အသင်းတွေကတော့ တတ်နိုင်သလောက်တော့ ကူညီပေးပါတယ်။ ငြိမ်နေတယ်ဆိုပေမယ့် လက်နက်ကိုင်တွေက ရှိနေသေးတယ်တဲ့ အဲ့လိုပြောတယ်။ စစ်တပ်ကလည်းရှိတယ်။ တိုင်းရင်းသားလက်နက်ကိုင်လည်း ရှိနေတယ်။ အလုပ်လုပ်ဖို့ မရဘူးဖြစ်တယ်တဲ့။ နေ့စားများတယ် အဲ့ဒီရွာကလူတွေက။ အဓိကတော့ ဆန်တို့၊ စားသောက်ကုန်တို့ လိုအပ်တာပါ”

မေလ ၁၇ ရက်နေ့ ညနေပိုင်းနှင့် မေလ ၁၈ ရက်နေ့ နံနက်ပိုင်းတွင် မူဆယ်-ကွတ်ခိုင်-သိန္နီလမ်းမကြီးပေါ်တွင် ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီး ကွတ်ခိုင်မြို့နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီတပ်၏ ဆီတင်ကားအချို့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က လမ်းတွင် ပစ်ခတ်ဖောက်ခွဲခဲ့သည်။

အဆိုပါပစ်ခတ်မှုများ မတိုင်ခင်ကလည်း ထိုနေရာနှင့်အနီးတဝိုက်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် စစ်ကောင်စီတပ်တို့အကြား ထိတွေ့မှုများ မကြာခနဖြစ်ပွားလျှက်ရှိသည်ဟု ဒေသခံများက ပြောသည်။

“အဲ့ဒီရွာက လူစုံပဲ။ နမ့်ပါချီး၊ တရုတ်တွေလည်းရှိတယ်။ ကချင်လည်းရှိတယ်။ ဗမာတွေလည်းများတယ်။ အိမ်ခြေက ၇၂ အိမ်၊ လူဦးရေက ၄၀၀ ကျော်ရှိတယ်။ ကွတ်ခိုင်ကအဖွဲ့တွေက သူတို့ကို သွားကူတာပေါ့။ တတ်နိုင်သလောက်ပါ။ စုပေါင်းပြီး သွားကူပေးကြတာပါ” ဟု ကွတ်ခိုင်မြို့က ဒေသခံတစ်ဦးက ပြောသည်။

ကွတ်ခိုင်မြို့က လူငယ်များ၊ Dan Church Aid (DCA)-Norwegian Church Aid (NCA) Myanmar အဖွဲ့နှင့် NeT Organization အဖွဲ့တို့က မေလ ၁၉ ရက်နေ့က ကွတ်ခိုင်မြို့နှင့် တစ်မိုင်အကျော်က နမ့်ပါချီး (နတ်ပန်းချီ) ကျေးရွာက အိမ်ထောင်စု ၇၂ စု၊ လူဦးရေ ၄၂၆ ဦးတို့အတွက် ဆန်နှင့် အခြားစားနပ်ရိက္ခာများကို သွားရောက်ပံ့ပိုးပေးခဲ့သည်ဟု သိရသည်။

နမ့်ပါချီး (နတ်ပန်းချီ) ကျေးရွာသည် တရုတ်၊ ကချင်နှင့် ဗမာတိုင်းရင်းသားများ အများစုနေထိုင်ပြီး ကျေးရွာနေပြည်သူအများစုမှ နေ့စား အလုပ်လုပ်ကိုင်ကြရာ ယခုခါ နေ့စားအလုပ်များ သွားရောက်လုပ်ရန် အခက်အခဲများကြုံနေရသည်ဟု ဒေသခံများက ပြောသည်။

ကွတ်ခိုင်မြို့နယ်အတွင်း မေလထဲတွင် စစ်ကောင်စီတပ်နှင့် တအန်း (TNLA)၊ ကိုးကန့် (MNDAA) တို့အကြားလည်း တိုက်ပွဲများဖြစ်ပွားခဲ့သည့်အတွက် လူဦးရေ ၂၀၀ ကျော်ခန့် စစ်ဘေးလွှတ်ရာသို့ ထွက်ပြေးကြရသည်။

April 27, 2026
စစ်ဦးစီးချုပ်အသစ် “လက်စွမ်းပြလိုမှုနှင့်အတူ” ကချင်ပြည်အတွင်း စစ်ရေးပိုမိုတင်းမာလာနိုင်ဟု...
April 25, 2026
ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့တွင် ဖေဖော်ဝါရီလဆန်းပိုင်းမှ စတင်၍ လျှပ်စစ်မီးပြတ်တောက်မှုနှင့်...
ဓါတ်ပုံ - PPNM
April 24, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရားဖမ်းဆီးခံထားရသည့် နိုင်ငံရေး...
April 23, 2026
ထီးချိုင့်မြို့ကို ပြန်လည်ထိန်းချုပ်ထားသည့် စစ်တပ်သည် ဧရာဝတီမြစ်ကြောင်းအတိုင်း ကသာမြို့ ဘက်သို့...