ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ဖမ်းဆီးခံထားရသည့် DVB မှ သတင်းထောက်များကို မြန်မာနိုင်ငံသို့ပြန်မပို့ရန်နှင့် ထိုင်းနိုင်ငံအတွင်း ခိုလှုံခွင့်ပြုရန် နိုင်ငံခြားသတင်းထောက်များကလပ် (FCCT)၊ ထိုင်းနိုင်ငံခြားရေးသတင်းထောက်များအသင်းနှင့် DVB သတင်းဌာနတို့က တောင်းဆိုလိုက်သည်။
DVB သတင်းဌာနမှ သတင်းထောက် ၃ ဦးနှင့် နိုင်ငံရေးလှုပ်ရှားသူနှစ်ဦးတို့ကို ချင်းမိုင်မြို့တွင် မေလ ၉ ရက်နေ့က ထိုင်းအာဏာပိုင်များက ဖမ်းဆီးထိန်းသိမ်းလိုက်ခြင်းဖြစ်သည်။
“ဒီမိုကရက်တစ်မြန်မာ့အသံ (DVB) သတင်းထောက်သုံးဦးနှင့် အပေါင်းအဖော် ၂ ဦးတို့ ဖမ်းဆီးခံရခြင်းကို ထိုင်းနိုင်ငံ နိုင်ငံခြားသတင်းထောက်များအသင်း (FCCT) အဖွဲ့က စိုးရိမ်မိသည်။ ထိုင်းနိုင်ငံထဲသို့ တရားမဝင် ဝင်ရောက်လာမှုဖြင့် ဖမ်းဆီးခံထားရပြီး မေလ ၁၁ ရက်နေ့ နံနက်ပိုင်းက ချင်းမိုင်တရားရုံတွင် ရုံးချိန်းတက်ရန် စီစဉ်ထားသည်။ သူတို့ ၅ ဦးကို ဘယ်လိုအခြေအနေမျိုးမှာဆို မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ခြင်းမပြုရန်၊ ပြန်လွှတ်ပေးရန်၊ အရေးတကြီးအကာအကွယ်ပေးရန်နဲ့ ထိုင်းနိုင်ငံမှာ ခေတ္တနေထိုင်ခွင့်ပြုရန်” FCCT က မေလ ၁၁ ရက်နေ့တွင် ထုတ်ပြန်တောင်းဆိုထားသည်။
ဖမ်းဆီးခံထားရသူများကို လက်ရှိမြန်မာနိုင်ငံ၏ စစ်အာဏာသိမ်းနောက် အခြေအနေများ၊ ဖမ်းဆီးအရေးယူခံနေရမှုများကြောင့် ယာယီအကာအကွယ်ပေးရန် FCCT က တောင်းဆိုထားသည်။
မြန်မာနိုင်ငံထဲတွင် အာဏာသိမ်းစစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များက ဆန္ဒပြပြည်သူ ၅၀၀၀ ကျော်ခန့် ဖမ်းဆီးထိန်းသိမ်းထားရသည့် အခြေအနေများ၊ သတင်းထောက် ၇၀ ကျော် အဖမ်းခံနေရသည့်အခြေအနေနှင့် ညှင်းပန်းနှိပ်စက်မှုများကြောင့် ယခုအခြေအနေမျိုးတွင် ၎င်းတို့ ၅ ဦးကို လုံးဝပြန်ပို့သင့်ဟု ဆိုသည်။
“ယခုအခါ ကမ္ဘာ့အသိုင်းအဝိုင်းက စောင့်ကြည့်နေကြောင်း၊ ထိုင်းအာဏာပိုင်များသည် မြန်မာနိုင်ငံရဲ့ လွတ်လပ်စွာသတင်းတင်ပြခွင့်၊ မြန်မာအစိုးရရဲ့ ရက်စက်စွာနှိမ်နှင်းမှုတွေကနေ ခိုလှုံခွင့်တောင်းခံသူတွေကို ဘယ်လိုမျိုးအကာအကွယ်ပေးမလဲဆိုတဲ့ ကိစ္စရပ်တွေကို စောင့်ကြည့်နေတယ်” ဟု ထိုင်းနိုင်ငံခြားရေးသတင်းထောက်များအသင်းက ၎င်းတို့၏ထုတ်ပြန်ချက်ထဲတွင် ရေးသားထားသည်။
DVB သတင်းထောက်များကို ထိုင်းအစိုးအရနေဖြင့် မြန်မာနိုင်ငံသို့ပြန်မပို့ရန်၊ လုံခြုံသည့်နေရာတစ်ခုတွင် ခိုလှုံခွင့်ပေးရန်နှင့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ဘန်ကောက်ရုံးနေအဖြင့်လည်း ကြားဝင်ညှိနှိုင်းဖြေရှင်းပေးရန် DVB ၏ အမှုဆောင်ညွန်ကြားရေးမှူး ဦးအေးချမ်းနိုင်က ထုတ်ပြန်ချက်ထုတ်ကာ တောင်းဆိုထားသည်။
ဖမ်းဆီးခံထားရသူငါးဦးကို လက်ရှိအချိန်တွင် မြန်မာနိုင်ငံသို့ ပြန်ပို့မည်ဆိုပါက ၎င်းတို့အနေဖြင့် အာဏာသိမ်းစစ်ကောင်စီ၏ တရားစွဲဆိုမှု၊ ဖမ်းဆီးချုပ်နှောင်မှုများကို တွေ့ကြုံရနိုင်သည့်အတွက် မည်သည့်နည်းနှင့်မျှ ပြန်မပို့သင့်ဟုလည်း FCCT က ထုတ်ပြန်ချက်ထဲတွင် ရေးသားထားသည်။
DVB သတင်းထောက်သုံးဦးနှင့် တက်ကြွလှုပ်ရှားသူနှစ်ဦးတို့မှာ ထိုင်းနိုင်ငံထဲသို့ တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်လာမှုဖြင့် ဖမ်းဆီးထိန်းသိမ်းခံထားရသည်။
၎င်းတို့နေထိုင်ရာ ချင်းမိုင်၊ ဆန်စိုင်းရပ်ကွက်အတွင်းက အုပ်ချုပ်ရေးမှူးက ထိုင်းနိုင်ငံအတွင်း လက်ရှိဖြစ်ပေါ်နေသည့် COVID-19 ကူးစက်မှုများကြောင့် စိုးရိမ်၍ ရပ်ကွက်အတွင်း လူသစ်များရောက်ရှိနေကြောင်း အာဏာပိုင်များကို အကြောင်းကြားခဲ့ရာမှ မေလ ၉ ရက်နေ့တွင် ထိုင်းအာဏာပိုင်များက ဖမ်းဆီးထိန်းသိမ်းထားခြင်းဖြစ်သည်ဟု ထိုင်းသတင်းမီဒီယာများတွင် ရေးသားဖော်ပြထားသည်။







