ကြားကာလ အမျိုးသား ညီညွှတ်ရေး အစိုးရအဖွဲ့၏ စုဖွဲ့မှုများသည် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး အတွက် ကောင်းမွန်သည့် ခြေလှမ်းအဖြစ်ရှု့မြင်ကြောင်း တိုင်းရင်းသားခေါင်းဆောင်များက ပြော သည်။
ဧပြီလ ၁၆ ရက်နေ့က ဖြစ်ပေါ်လာသည့် ကြားကာလ အမျိုးသား ညီညွှတ်ရေး အစိုးရ NUG တွင် တိုင်းရင်းသား လူမျိုး တော်တော်များများ ပါဝင်လာသည့်အပေါ် ပြောဆိုလိုက်ခြင်းဖြစ်သည်။
NUG အနေဖြင့် ဖက်ဒရယ် ပြည်ထောင်စုကို ဖော်ဆောင်နိုင်ဖို့ မျှော်လင့်သည်ဟု ကရင်အမျိုးသားအစည်းအရုံး KNU/KNLA တပ်မဟာ ၅ ပြောရေးဆိုခွင့်ရှိသူ ပဒိုမန်းမန်း က ပြောသည်။
“အထူးသဖြင့် ကျနော်တို့ တပ်မဟာ ၅ မူတြော်ခရိုင် အနေနဲ့ အဲဒီအပေါ်မှာ CRPH ရဲ့ အစိုးရ စုဖွဲ့မှုရဲ့ ဆောင်ရွက် ချက် အပေါ်မှာတော့ ကျနော်တို့ ထောက်ခံကြိုဆိုတဲ့ ဥစ္စာကိုတော့ ပြောချင်တာပေါ့လေ။ ဘာဖြစ်လဲ ဆိုတော့ ကျနော်တို့ ဒီလက်ရှိ CRPH ရဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ်ရဲ့ အခြေခံမူအောက်မှာ ဆက်ပြီးတော့မှ တိတိကျ ကျ အကောင် အထည်ဆောင်ရွက်မယ်ဆိုတော့ ကျနော်တို့ လိုလားတဲ့ ဖက်ဒရယ်ပြည်ထောင်စုကိုတော့ ကျနော် တို့ ဆောင်ရွက်သွား နိုင်မယ်လို့လည်း ကျနော်တို့ အဲလိုမျှော်မှန်းလို့ပဲ ဖြစ်ပါတယ်။”
ကြားကာလ အမျိုးသား ညီညွှတ်ရေး အစိုးရ NUG ကို ထောက်ခံကြိုဆိုကြောင်း စစ်ကောင်စီနှင့် တိုက်ပွဲပြင်း ထန်စွာ ဖြစ်ပွားနေသည့် ကရင်အမျိုးသား အစည်းအရုံး KNU/KNLA တပ်မဟာ ၅ မူတြော်(ဖာပွန်) ခရိုင် က ထုတ်ပြန် ပြောဆိုလိုက်သကဲ့သို့ ပြည်သူများ၊ နိုင်ငံရေးသမားများ၊ တက်ကြွလှုပ်ရှားသူများနှင့် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်း အသီးသီးကလည်း ထောက်ခံကြိုဆိုခဲ့ကြသည်။
ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ (KySDP) အထွေထွေအတွင်းရေးမှူး ခူးသဲရယ် ကလည်း “ဒီလို ညီညွှတ် ရေး ကိစ္စတွေ လူနည်းစု ကိစ္စတွေ ထည့်သွင်းစဉ်းစားတဲ့အပေါ်မှာကတော့ ကျနော်အနေနဲ့ လက်ခံ ကြိုဆိုပါ တယ်။ ဒါကတော့ ဖက်ဒရယ် ဒီမိုကရေစီစနစ်ကို ဦးတည်သွားဖို့အတွက် ဒါက နည်းနည်းလေး ပုံပေါ် လာတယ် လို့ ကျနော်တို့ မြင်တာပေါ့နော။ ဒါပေမယ့် တကယ် လက်တွေ့အကောင်အထည်ဖော်တဲ့ အခါကျလို့ရှိ ရင်တော့ ဘယ်လို လာအုံးမလဲဆိုတာကတော့ ကျနော်တို့ မသိနိုင်သေးဘူး။ ကျနော်တို့ အရင်က အစောပိုင်းကတည်းက ကျနော်ပြောသလိုမျိုးပဲ အရင်ကတည်းကိုက ဒီအမျိုးသား ညီညွှတ်ရေး အစိုးရ ဖွဲ့ဖို့လိုအပ်တယ်ဆိုတာက လည်း ကျနော်တို့ တိုင်းရင်းသား ပါတီက ကျနော်တို့ အဆိုပြုခဲ့တဲ့ ကိစ္စတစ်ခုဖြစ်တဲ့ အတွက်ပေါ့နော။ ဒါက တော့ ကောင်းတဲ့ လက္ခာဏာတစ်ခုလို့ ကျနော်တို့ ဆိုလို့ရပါတယ်” ဟု ပြောသည်။
ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH က လတ်တလော ဖွဲ့ စည်းလိုက်သည့် NUG အစိုးရ အနေ ဖြင့် ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်လာဖို့အတွက် CRPH က ထုတ်ပြန်ထားသည့် ဖက်ဒရယ် ဒီမိုကရေစီ ပဋိ ညာဉ်ကြေညာစာတမ်းကို အကောင်အထည်ဖော်ဆောင်ရွက်ဖို့က အဓိကဖြစ်သည်ဟု ဖက်ဒရယ်ရေးရာနှင့် ပေါ် လစီစင်တာ ဒါရိုက်တာ နိုင်ဗညားမွန် က ပြောသည်။
စည်းစနစ်ကျတဲ့ ပိုပြီးတော့ ပီပြင်တဲ့ ဦးဆောင်မှုတွေ ထွက်လာတဲ့အခါကျတော့ ဒါက ကျနော်ထင်တယ်။ Movement တစ်ခုလုံးအတွက် အကောင်းဖက်ကို ဦးတည်သွားတယ်လို့ ကျနော် အဲလိုပဲ ယေဘုယျ ပြောချင် တယ်။ အစိုးရအပိုင်းက အထူးသဖြင့် CRPH က ထုတ်ပြန်ထားတဲ့ ပဋိညာဉ် အပိုဒ် ၁ ပေါ့။ ဒီ ပဋိညာဉ် Part One ကို သူက အကောင်အထည်ဖော်ဖို့ သူက တာဝန်တစ်ရပ်တော့ ရှိတာပေါ့။ ဆိုတော့ အဲဒီမှာပါတဲ့ ပဋိညာဉ် အတိုင်း ဖော်မယ်ဆိုလို့ရှိရင်တော့ ဒါက ဒီတိုင်းရင်းသားတွေ မျှော်လင့်တဲ့ တိုင်းရင်းသားတွေ တောင်းဆိုနေတဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပုံစံတော့ ကျနော်ထင်တယ်။ အား လုံးထပ်တူ မဟုတ်ရင်တောင်မှ ကျနော်ထင်တယ် အများစုတော့ တိုင်းရင်းသားတွေ လိုလားချက်နဲ့တော့ ထပ်တူကျတယ်လို့ ယူဆတယ်။ ကျနော်မြင်တယ်။ အဲ တော့ အဲဒီအပေါ်မှာ အခြေခံပြီးတော့မှ ဖွဲ့တာကိုး။ ဒါက တစ်ခု။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို တိုင်းရင်းသား လူမျိုးစုများနှင့် လိုအပ်သလို ဆက်လက်တိုးချဲ့ဖွဲ့ စည်း သွားမည်ဟု ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြုကော်မတီ CRPH က ပြောသည်။
ကချင်ဒီမိုကရက်တစ်ပါတီ (KDP) ဥက္ကဋ္ဌ (ဟောင်း) ဦးကွမ်ဂေါင်အောင်ခမ်း က လည်း “CRPH ကနေ ဖွဲ့စည်းတဲ့ အတိုင်းအတာမျိုးလို့ မြင်ပါတယ်။ ဒီမှာက အားလုံး ပါဝင်သလောက်လည်း ပါဝင်နေတာပေါ့။ ကျန်တဲ့ ပြည် နယ်တွေလည်း ပါဝင်ဖို့တော့ လိုတာပေါ့။ တစ်ခုရှိတာကတော့ ကျနော်တို့ CRPH ကို ဘာမှ ကျနော်တို့ ဟိုဟာ ဖြစ်တယ် ဒီဟာဖြစ်တယ် ဆိုတဲ့ဟာမျိုးတော့ ပြည်သူလူထု အနေနဲ့လည်း သိပ်မပြောရင်တော့ ကောင်းပါ တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူလုပ်သင့်တဲ့ဟာတွေ သူတို့ အနေနဲ့ သူတို့ လုပ်တဲ့ဟာလို့ပဲ ကျနော်မြင် ပါတယ်။ ကောင်းတယ် မကောင်းဘူးဆိုတာက အောင်မြင်တယ် မအောင်မြင်ဘူးဆိုတာက အလုပ် ပေါ်မှာပဲ မူတည် ပြီးမှ သွားလိမ့်မယ်လို့ ကျနော်က ဒီလိုပဲ မြင်ပါတယ်။ ဖက်ဒရယ် နိုင်ငံ တစ်ခု သွားမယ်ဆိုတာကတော့ အားလုံးပါဝင် ဖို့လိုလိမ့်မယ်။ အားလုံးနဲ့ တွေ့ဆုံဆွေးနွေးပြီးမှ သွားတာကတော့ သွားဖို့တော့ လိုလိမ့်မယ်” ဟု ပြောသည်။
ကြားကာလ အမျိုးသား ညီညွှတ်ရေး အစိုးရတွင် တာဝန်ထမ်းဆောင်မည့် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် နိုင်ငံတော် တာဝန်များကို ထမ်းဆောင်ရာတွင် အမျိုးသားညီညွတ်ရေးအစိုးရ တစ်ရပ်အနေဖြင့် ရာထူး ရယူခြင်းမျိုး မဟုတ် ပဲ ခက်ခဲလှသည့် ကြားကာလ နိုင်ငံရေး လမ်းပြမြေပုံပါ တာဝန်များကို အောင်မြင်စွာ ထမ်းဆောင်ပြီး ပဋိညာဉ်ပါ ရည်ရွယ်ချက်များကို ပြီးပြည့်စုံအောင် ဆောင်ရွက်ရမည်ဟု ဒု-သမ္မတ ဒူဝါလရှီးလ က တိုက်တွန်းထားသည်။
စစ်အာဏာရှင် အမြစ်ပြတ်ဖျက်သိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံသစ်တစ်ရပ် ထူထောင်နိုင်ရေးတို့ အတွက် NUG အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့် တိုင်းရင်းသား ပြည် သူအားလုံး လက်လက်တွဲ ကြိုးပမ်းဆောင်ရွက်သွားရမည်ဟု တိုင်းရင်းသားခေါင်းဆောင်များက ဆိုသည်။







