ကိုဗစ်ကာလ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဖွင့်ရန် အခက်အခဲ ရှိနေဆဲဟု စည်ပင်ဝန်ကြီး ပြောဆို

ကိုဗစ်ကာလ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဖွင့်ရန် အခက်အခဲ ရှိနေဆဲဟု စည်ပင်ဝန်ကြီး ပြောဆို

နန်းဝေဖြိုးဇာ - ကိုဗစ်ကူးစက်မှု နေ့စဉ်တိုးလာသဖြင့် ကရင်ပြည်နယ်တွင် ကာလကြာရှည်စွာ ပိတ်ထားရသည့်အတွက် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ပြန်ဖွင့်နိုင်ရေးမှာ အခက်အခဲရှိနေဆဲဖြစ်ကြောင်း ကရင်ပြည်နယ် စီမံကိန်း၊ဘဏ္ဍာရေးနှင့် စည်ပင် သာယာရေးဝန်ကြီး ဦးသန်းနိုင်က ဒီဇင်ဘာလ ၈ရက်နေ့တွင် ကေအိုင်စီသို့ ပြောသည်။

ဝန်ကြီးဦးသန်းနိုင်က “ကားဂိတ်တွေတော့ ဖွင့်တာပဲ။ သွားတာလာတာ ကိုဗစ်စစ်တာတို့ ဘယ်သူက တာဝန်ယူလုပ် ပေးမလဲ အဲဒါတွေ ရှိတယ်။ ကျန်းမာရေးဌာနဘက်က သွားလာတဲ့ ကားသမားတွေကို အကုန်လုံး စစ်ဆေးတာတောင်မှ အပြည့်အဝ စစ်ဆေးနိုင်တာ မရှိဘူး။ လိုအပ်သေးတယ်။”ဟု ကေအိုင်စီ၏ ဆက်သွယ်မေးမြန်းမှုကို ပြန်လည်ပြောဆို သည်။

ကိုဗစ်ကာလ ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်လာမည်ဆိုလျှင် တားဆီးပိတ်ပင်ခြင်း မရှိသော်လည်း ၎င်း တို့ကို ကိုဗစ်ကူးစက်မှုနှင့်ပတ်သက်၍ အကုန် စစ်ဆေးနိုင်မည်ဆိုပါက လုပ်ငန်းရှင်များအနေဖြင့် ဟိုတယ်နှင့် တည်းခို ခန်းများကို ပြန်လည်ဖွင့်လာနိုင်ကြောင်း ၎င်းက ပြောသည်။

ထိုသို့ ဟိုတယ်များ ဖွင့်လှစ်လာနိုင်မည်ဆိုပါက အများပြည်သူ ဝယ်ယူစားသုံးနေသည့် စားသောက်ဆိုင်များနှင့် လက် ဖက်ရည်ဆိုင်များ ဖွင့်လှစ်နိုင်ရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့် ကိုက်ညီမှုရှိမရှိ စတင် စစ်ဆေးနေပြီဖြစ်ကြောင်းလည်း ဝန်ကြီးဦးသန်းနိုင်က ဆက်လက် ပြောဆိုသည်။

သို့သော် ကရင်ပြည်နယ်အတွင်း အများပြည်သူ လည်ပတ်အပန်းဖြေရသည့် နေရာအချို့၌ ဒေသခံပြည်သူများ သွားလာ လည်ပတ်နိုင်ရန် ဖွင့်လှစ်ထားသည့် နေရာများရှိသလို အချို့နေရာများတွင် အနီးဝန်းကျင်ရှိ ဒေသခံ ရွာသူရွာသားများ လက်ခံနိုင်ခြင်း မရှိသေးသည့်အတွက် ဆက်လက် ပိတ်ထားရဆဲဖြစ်သည်။

ဖားအံမြို့နယ်ရှိ ချစ်သူမြိုင်အပန်းဖြေဥယျာဉ် တာဝန်ခံ စောပါလဝီးက “ကျနော်တို့ကတော့ လောလောဆယ် ပန်းခြံ မဖွင့်သေးဘူး ကိုဗစ်အခြေအနေက မထိန်းချုပ်နိုင်သေးတဲ့အပြင် နေ့တိုင်းများနေတုန်းပဲ။ ဖွင့်ရင် ခရီးသွားဧည့်သည် တွေကလည်း ပြည်နယ်အသီးသီးက လာကြမယ်ဆိုတော့ ကျနော်တို့က ပိုသတိထားရတယ်။ ဖြစ်နိုင်ရင် ရောဂါထိန်း ချုပ်နိုင်မှ ကျနော်တို့က ဖွင့်မယ်လို့ စဉ်းစားတယ်။”ဟု ကေအိုင်စီသို့ ပြောသည်။

လက်ရှိအချိန်တွင် ကရင်ပြည်နယ်၌ ကိုဗစ်ပိုးကူးစက်သူမှာ နေ့စဉ် လူဦးရေ ဆယ်ဂဏန်းအထက် တိုးလာနေဆဲဖြစ်ပြီး တစ်ပြည်နယ်လုံး အတိုင်းအတာအားဖြင့် ကိုဗစ်ပိုးတွေ့ရှိသူများထဲမှ ဆေးရုံတက်နေရဆဲ ၂၃၉ဦးရှိကြောင်း ကရင်ပြည် နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ဒီဇင်ဘာလ ၈ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

ကရင်ပြည်နယ်တွင် ဖားအံ၊ မြ၀တီမြို့များ၌ ဟိုတယ်များဖွင့်လှစ်ထားပြီး ကော့ကရိတ်၊ ဘုရားသုံးဆူနှင့် သံတောင်မြို့ များ၌မူ တည်းခိုခန်းများရှိသည်။ ပြည်နယ်တစ်ခုလုံးတွင် ဟိုတယ်နှင့် တည်းခိုခန်း စုစုပေါင်း ၆၀ကျော်ရှိကြောင်း ဟိုတယ်လုပ်ငန်းရှင်များ၏ ပြောပြချက်အရ သိရသည်။

May 18, 2026
စစ်အုပ်စုသတ်မှတ်ထားသည့် စက်သုံးဆီရောင်းချမှုစနစ်နှင့် မှောင်ခိုလောင်စာဆီဈေးကွက်တွင် ဆီဈေး နှစ်ဆ...
May 16, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်စစ်အုပ်စုက အုပ်ချုပ်ရေးမှူးများမှတဆင့်‌...
May 15, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင် (တပ်မဟာ ၅) နယ်မြေအတွင်းရှိ တပ်စခန်းများသို့...
May 14, 2026
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာသည့် လက်နက်ကိုင်ပဋိ ပက္ခများနှင့် အတူ...