ကရင်ပြည်နယ်ရှိ မသန်စွမ်းကလေးငယ်များ ပညာရေးအခွင့်အလမ်းလိုအပ်ချက်များကို AAR Japan ကူညီမည်

ကရင်ပြည်နယ်ရှိ မသန်စွမ်းကလေးငယ်များ ပညာရေးအခွင့်အလမ်းလိုအပ်ချက်များကို AAR Japan ကူညီမည်

နန်းဝေဖြိုးဇာ — ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန ထောက်ပံ့ကူညီမှုဖြင့် AAR Japan မှ ကရင်ပြည်နယ်အတွင်းရှိ မသန်စွမ်းကလေး ငယ်များနှင့် ကျောင်းမနေသော ကလေးငယ်များအတွက် ပညာရေးအခွင့်အလမ်းလိုအပ်ချက်များကို ထောက်ပံ့ ကူညီသွားမည်ဖြစ်ကြောင်း ဒီဇင်ဘာလ ၁ ရက်နေ့တွင် AAR Japan အဖွဲ့က မိတ်ဆက်တင်ပြထားသည်။

အဆိုပါ စီမံကိန်းကို ၂၀၂၀ ခုနှစ် ဒီဇင်ဘာမှ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအထိ ၃ နှစ် စီမံကိန်းဖြင့် ဆောင်ရွက် မည်ဖြစ်ပြီး ကရင်ပြည်နယ် ဖားအံမြို့နယ်အတွင်းရှိ မသန်စွမ်းကလေးများအတွက် လိုအပ်ချက်များသည့် စာသင်ကျောင်းအချို့တွင် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်သည်ဟု AAR Japan ကရင်ပြည် နယ် ဖားအံရုံးထံမှ သိရသည်။

ယခု စီမံကိန်းသည် မသန်စွမ်းကလေးများ၏ ပညာသင်ကြားရာတွင် အထူးလိုအပ်မှုများဖြစ်သည့် စိတ်ပိုင်း ဆိုင်ရာ၊ ပြန်လည်ထူထောင်ရေးဆိုင်ရာ၊ ဂရုပြုစောင့်ရှောက်မှုဆိုင်ရာ အကူအညီဖြင့် တစ်ဦးချင်းစီ ကူညီ သွားမည်ဖြစ်ကြောင်း စီမံကိန်းမိတ်ဆက် ထုတ်ပြန်ချက်ကြေငြာချက်တွင် ဖော်ပြထားသည်။

AAR Japan ဖားအံရုံးမှ စီမံကိန်းအရာရှိ စောဝင်းထိန်က “ မသန်စွမ်းကလေးငယ်တွေက ပညာသင်ယူတဲ့ အခါမှာ လိုအပ်တဲ့ နေရာလား ၊ အထောက်အကူပစ္စည်းတွေလား ပြီးတော့ ရုပ်ပိုင်းဆိုင်ရာအတွက်လား အဲဒီ ဟာတွေပါတယ်။ မသန်စွမ်းပေမယ့်လည်း သူတို့လိုအပ်ချက်တွေက တစ်ယောက်နဲ့တစ်ယောက် မတူညီ ဘူး ပေါ့လေ။ အဲဒါကို ကျနော်တို့က အရင်စာရင်းကောက်ယူရမှာပေါ့။ ပြီးတော့ ကျောင်းမှာရှိတဲ့ဆရာ/ ဆရာမ တွေကလည်း ကလေးတွေကို သင်တဲ့အခါမှာ မသန်စွမ်းကလေးတွေလက်လှမ်းမှီအောင် တစ်ဖက်က တွဲပြီး သင်တန်းပေးတာပါမှာဖြစ်တယ် ” ဟု ကေအိုင်စီသို့ ပြောသည်။

ထိုစီမံကိန်းကို လူမှုဝန်ထမ်းဦးစီးဌာနမှတစ်ဆင့် သက်ဆိုင်ရာ မြို့နယ် ပညာရေးဌာများနှင့် ပူးတွဲလုပ်ဆောင် သွားမည်ဖြစ်ပြီး စုစုပေါင်း စာသင်ကျောင်း ၈ ကျောင်းတွင် အကောင်အထည်ဖော်သွားမည်ဖြစ်သည်။ စီမံကိန်း ပထမနှစ်တွင် ဖားအံမြို့အတွင်းရှိ စာသင်ကျောင်း ၂ ကျောင်းနှင့် ကျေးရွာအတွင်းရှိ စာသင်ကျောင်း ၂ ကျောင်း ပါဝင်မည်ဖြစ်ပြီး ကျန်ရှိသည့် ၄ ကျောင်းကို  အတည်မပြုရသေးကြောင်းစောဝင်းထိန်က ဖြည့်စွက်ပြောသည်။

AAR Japan အဖွဲ့အနေဖြင့် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်မှ ၂၀၂၀ ခုနှစ် စက်တင်ဘာလအထိ လှိုင်းဘွဲမြို့နယ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ် ကျေးရွာအချို့တွင်လည်း ရပ်ရွာအခြေပြု မသန်စွမ်းဆိုင်ရာအသိပညာပေးခြင်း၊ ကိုယ့်အားကိုယ်ကိုး အဖွဲ့ ဖွဲ့ခြင်းနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းများ ၃ နှစ်စီမံကိန်း ဆောင်ရွက်ခဲ့ပြီးဖြစ်သည်။

၁၉၇၉ ခုနှစ် စတင်တည်ထောင်ခဲ့သည့် AAR Janpan သည် ကမ္ဘာတဝန်းထိခိုက်လွယ်ဆုံးသော လူများကို အကူအညီပေးသည့် အစိုးရမဟုတ်သော အဖွဲ့တစ်ခုဖြစ်သည်။ ၁၉၉၉ ခုနှစ်တွင် AAR Janpan အဖွဲ့၏ ရုံးကို ရန်ကုန်မြို့တွင် ဖွင့်လှစ်ကာ မသန်စွမ်းသူများအတွက် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု သင်တန်းကို စတင်လည်ပတ်ရာမှာ ယခုအချိန်ထိဖြစ်သည်။ ၂၀၁၃ ခုနှစ်မှစတင်ကာ ကရင်ပြည်နယ်တွင် မသန်စွမ်း သူများ အတွက် လူထုအခြေပြု လူတိုင်းအကျုံးဝင် ဖွံ့ဖြိုးရေးစီမံကိန်းကို အကောင်အထည်ဖော်ဆောင် ရွက်လာခဲ့ခြင်း ဖြစ်သည်။

May 18, 2026
စစ်အုပ်စုသတ်မှတ်ထားသည့် စက်သုံးဆီရောင်းချမှုစနစ်နှင့် မှောင်ခိုလောင်စာဆီဈေးကွက်တွင် ဆီဈေး နှစ်ဆ...
May 16, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်စစ်အုပ်စုက အုပ်ချုပ်ရေးမှူးများမှတဆင့်‌...
May 15, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင် (တပ်မဟာ ၅) နယ်မြေအတွင်းရှိ တပ်စခန်းများသို့...
May 14, 2026
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာသည့် လက်နက်ကိုင်ပဋိ ပက္ခများနှင့် အတူ...