ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာ ထိန်းသိမ်းရေးစခန်းများ ဖျက်သိမ်းရန် HRW တောင်းဆို

ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာ ထိန်းသိမ်းရေးစခန်းများ ဖျက်သိမ်းရန် HRW တောင်းဆို

ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာ (မူရင်း) ၁၃၀,၀၀၀ ခန့်ကို ထိန်းသိမ်းထားရှိသည့် နေချင်စဖွယ်မကောင်းသော ခိုလှုံရေးစခန်းများကို ရုတ်သိမ်းသင့်ကြောင်း လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) က တောင်းဆိုလိုက် သည်။  

ရခိုင်ပြည်နယ်တွင် နယ်မြေရှင်းလင်းရေးများကြောင့် ၂၀၁၂ ခုနှစ်ကစပြီး နေရပ်စွန့်ခွာကာ ထိန်းသိမ်းရေးစခန်းတွင် ပိတ်မိနေသည့် ရိုဟင်ဂျာ (မူရင်း) နှင့် ကမန်မွတ်စလင် ထောင်ပေါင်းများစွာရှိနေသည်ဟု HRW ၏ အောက်တိုဘာလ ၇ ရက်နေ့က ထုတ်ပြန်သည့် စာမျက်နှာ ၁၆၉ မျက်နှာပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။  

အစီရင်ခံစာ ခေါင်းစဉ်မှာ “အဆုံးသတ် မရှိသည့် လေဟာပြင် အကျဉ်းထောင် - ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာ အမြောက်အမြား ထိန်းသိမ်းခံရခြင်း” ဖြစ်သည်။ ယင်းအစီရင်ခံစာတွင် ရခိုင်ပြည်နယ်အတွင်းရှိ ခိုလှုံရေးစခန်း ၂၄ ခုရှိ အခြေအနေများကို ဖော်ပြထားပြီး အသက်မွေးဝမ်းကြောင်း၊ လှုပ်ရှားသွားလာမှု၊ ပညာရေး၊ ကျန်းမာရေး စောင့်ရှောက်မှုတို့အတွက် အလွန်အမင်း ကန့်သတ်ချက်များ ရှိနေခြင်း၊ စားနပ်ရိက္ခာ မလုံလောက်ခြင်း၊ လူသား ချင်း စာနာထောက်ထားသည့် အကူအညီများရောက်ရှိရန် ခက်ခဲခြင်းတို့ ပါဝင်သည်။  

လက်ရှိ အခြေအနေသည် ရိုဟင်ဂျာများ (မူရင်း) တို့၏ ဘဝရပ်တည်ခွင့်နှင့် အခြား အခြေခံ လူ့အခွင့်အရေးများအတွက် ခြိမ်းခြောက်မှု မြင့်တက်နေကြောင်း၊ ခိုလှုံရေးစခန်းများတွင် အာဟာရမပြည့်မှု၊ သောက်သုံးရေကြောင့် ဖြစ်သော ရောဂါဘယဖြစ်မှု၊ ကလေးငယ်နှင့် ကိုယ်ဝန်ဆောင် သေဆုံးမှုနှုန်းသည် မြန်မာနိုင်ငံရှိ အခြားပြည်နယ်များထက် မြင့်ကြောင်းလည်း ဖော်ပြထားသည်။  

“ခိုလှုံရေးစခန်းဟာ ကျွန်တော်တို့အတွက် နေဖို့သင့်တဲ့နေရာ မဟုတ်ပါဘူး” ဟု ရိုဟင်ဂျာ (မူရင်း) အမျိုးသားတစ်ဦးက HRW သို့ ပြောထားသည်။  

“မြန်မာအစိုးရဟာ ရိုဟင်ဂျာ (မူရင်း) ၁၃၀၀၀၀ ကို လူသားမဆန်တဲ့ အခြေအနေမှာ ရှစ်နှစ်ကြာ ထားထားပါတယ်။ ဇာတိရပ်ရွာ၊ လယ်မြေ၊ အသက်မွေးဝမ်းကြောင်းတွေနဲ့လည်း အဆက်အသွယ် ပြတ်နေပါပြီ။ မျှော်လင့်စရာ နည်းနည်းပဲ ရှိပါတယ်” ဟု အာရှသုတေသီနှင့် အစီရင်ခံစာကို ရေးသားသူ ရှေနာ ဘော်ချနာက ပြောသည်။

အစီရင်ခံစာတွင် ရိုဟင်ဂျာများ (မူရင်း) အပေါ် ပြုမူမှုသည် “လူမျိုးရေးခွဲခြားပြီး လူသားထုအပေါ် ကျူးလွန်သည့် ရာဇဝတ်မှု” ဟူ၍လည်း သုံးနှုန်းထားသည်။

အစီရင်ခံစာအတွက် ၂၀၁၈ ခုနှစ်မှ စတင်၍ ရိုဟင်ဂျာ (မူရင်း)၊ ကမန် မွတ်စလင်နှင့် လူသားချင်း စာနာထောက်ထားရေးဆိုင်ရာ ဝန်ထမ်း ၆၀ ကျော်ကို မေးမြန်းထားသည်။ ထို့အပြင် HRW က အစိုးရ၊ ကုလသမဂ္ဂ၊ အစိုးရမ ဟုတ်သော အဖွဲ့အစည်းများ၏ စာရွက်စာတမ်း ထုတ်ပြန်ချက် ၁၀၀ ကျော်ကိုလည်း သုံးသပ်လေ့လာထားကြောင်း သိရသည်။  

ပြီးခဲ့သည့် လများအတွင်းက ကိုဗစ်ကပ်ရောဂါ၊ တပ်မတော်နှင့် AA ရခိုင်လက်နက်ကိုင် အဖွဲ့တို့၏ တိုက်ပွဲများက ရိုဟင်ဂျာများ (မူရင်း) အပေါ် ထိခိုက်လွယ်မှုကို ပိုမိုမြင့်မားစေကြောင်း၊ လာမည့် နိုဝင်ဘာ အထွေထွေ ရွေးကောက်ပွဲတွင်လည်း ရိုဟင်ဂျာများ (မူရင်း) မဲပေးခွင့် မရှိကြောင်းလည်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

သွားလာလှုပ်ရှားမှု တင်းကျပ်ခြင်းကို ဖယ်ရှားခြင်းကဲ့သို့သော လူ့အခွင့်အရေးဆိုင်ရာ ကိစ္စများကို မြန်မာအစိုးရ လက်ခံလာစေရန် ရခိုင်ပြည်နယ်၌ အခြေခံအဆောက်အဦနှင့် ဖွံ့ဖြိုးရေး စီမံကိန်းများအတွက် ရန်ပုံငွေ ပံ့ပိုး ရာတွင် အလှူရှင်များ၊ လူသားချင်း စာနာထောက်မှုဆိုင်ရာ အေဂျင်စီများနှင့် ကုလသမဂ္ဂတို့က စုပေါင်း၍ အင်နှင့်အားနှင့် လုပ်ဆောင်သင့်ကြောင်းလည်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

March 20, 2026
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ယင်းမာပင်ခရိုင် အမှတ် (၃၅) တပ်ရင်းတပ်စခန်းကို...
March 19, 2026
မြန်မာနိုင်ငံကူးလက်မှတ် (ပက်စ်ပို့) လုပ်ခွင့်အပေါ် ငြင်းပယ်နိုင်သည့် အချက်များပါဝင်သည့်...
March 18, 2026
အတုအယောင်အဖြစ် ဝေဖန်ခံထားရသည့် စစ်ကော်မရှင်၏ ရွေးကောက်ပွဲအပြီး ယနေ့ (မတ် ၁၈) တွင် ကျင်းပသည့်...
ရုရှားနိုင်ငံထုတ် စစ်ကော်မရှင်၏တိုက်လေယာဉ်အသစ်များကို အာဏာသိမ်းပြီးကာလမှာ တွေ့ရစဉ်(ပုံအဟောင်း-AFP)
March 17, 2026
ဓာတု — မန္တလေးတိုင်း၊ မြင်းခြံခရိုင်ရှိ မြင်းခြံနှင့်နွားထိုးကြီးမြို့နယ်တို့တွင် နှစ်လတာအတွင်း...