သံဇစ်မြစ်ကမ်းရိုးတန်းတစ်လျှောက် ကိုယ်ထူကိုယ်ထ ဒီရေတောထိန်းသစ်ပင်များ စိုက်ပျိုး

သံဇစ်မြစ်ကမ်းရိုးတန်းတစ်လျှောက် ကိုယ်ထူကိုယ်ထ ဒီရေတောထိန်းသစ်ပင်များ စိုက်ပျိုး

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ရှိ ရေထုညစ်ညမ်းမှု ဖြစ်ပေါ်ခဲ့သော သံဇစ်မြစ်ကမ်းရိုးတန်းတစ်လျှောက်တွင် ကိုယ်ထူကိုယ်ထ ဒီရေတောထိန်း သစ်ပင်များ စိုက်ပျိုးနေကြောင်း သစ်ပင်များ ဦးဆောင်စိုက်ပျိုးနေသူ အမ်းမြို့ခံ ကိုမျိုးလွင်က မဇ္ဈိမသို့ ပြောသည်။

ဒီရေတောများကို ခုတ်ထွင်ရှင်းလင်းပြီး အုတ်ဖုတ်လုပ်ငန်းများ၊ မီးသွေးဖုတ်လုပ်ငန်းများတွင် ကျယ်ပြန်စွာ အသုံးပြုခဲ့ခြင်းများကြောင့် ဒီရေတောပြုန်းတီးမှုနှင့်ရေထုညစ်ညမ်းများပါ ကြုံနေရသည့်အတွက် ယခုကဲ့သို့ စိုက်ပျိုးခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

“ဒီရေတောတွေ ပြုန်းတီးလာတယ်ဆိုတာက အုတ်ဖုတ်တဲ့သူတွေရော၊ မီးသွေးဖုတ်တဲ့ သူတွေကပါ ကျယ်ကျယ်ပြန့်ပြန့်လုပ်ကိုင်လာကြတယ်။ နောက်တစ်ဖက်မှာက ဒီရေတောတွေကို ပတ်ပြီးတော့ သားငါးပုဇွန် မွေးမြူရေး အတွက် အသုံးပြုလာကြတယ်။ ဒီရေတောတွေက တာပေါင်တွေအထဲ ဝင်သွားတဲ့အခါမှာ ရေလှောင်လိုက်တော့ ဒီရေတောတွေက သေဆုံးသွားတယ်။” ဟု ကိုမျိုးလွင်က ဆိုသည်။

 

ဒီရေတောထိန်းသစ်ပင် နှစ်သိန်းခန့်ကို စိုက်ပျိုးရန်စီစဉ်ထားပြီး မြစ်ရေထုညစ်ညမ်းမှုဖြစ်ပေါ်ခဲ့သည့် အမ်းမြို့နယ်၊ ကျောက်ဖြူမြို့နယ်၊ပေါက်တော မြို့နယ်၊ တောင်ကုတ်မြို့နယ်နှင့် မြေပုံမြို့နယ်တို့တွင် စိုက်ပျိုးသွားမည်ဖြစ် ကြောင်း ၎င်းကဆိုသည်။

လက်ရှိတွင် အမ်းမြို့နယ်ရှိ သံဇစ်မြစ်ကမ်းဘေးတစ်လျှောက်တွင် ဒီရေတောထိန်းသစ်ပင် ရှစ်သောင်းခန့် စိုက်ပျိုးပြီးစီးပြီဖြစ်ကာ ကျောက်ဖြူမြို့နယ်နှင့် တောင်ကုတ်မြို့နယ်တို့တွင် ဆက်လက်စိုက်ပျိုးမည် ဖြစ်သည်။

ပေါက်တောမြို့နယ်နှင့် မြေပုံမြို့နယ်မှာတော့ စစ်ရေးပဋိပက္ခနှင့် ရောဂါအခြေအနေကြောင့် သစ်ပင်များ စိုက်ပျိုးရန် အခက်အခဲရှိနေကြောင်း ကိုမျိုးလွင်က ဆိုသည်။

၎င်း ဒီရေတောထိန်းသစ်ပင် မျိုးစိတ်များကို နွေရာသီ၌ သီးသန့်ပျိုးထောင်ထားသည့် သစ်ပင်များနှင့် စနစ်တကျ ထိန်းသိမ်းထားသည့် ဒီရေတောများမှ မျိုးပွားရခြင်းဖြစ်သည်။

ဒီရေတောထိန်းသစ်ပင်များ စိုက်ပျိုးရာတွင် ပျက်စီးနေသည့် သစ်ပင်းများနေရာတွင် အစားထိုးစိုက်ပျိုးခြင်းနှင့် မြစ်ကမ်းဘေးတလျှောက် မှတ်တိုင်စိုက်ပဏ္ဍရိုက်ကာ သစ်ပင်အသစ် စိုက်ပျိုးခြင်းများကို ပြုလုပ်နေကြောင်း သိရသည်။

လက်ရှိ အသစ်စိုက်ပျိုးသည် သစ်ပင်များသည် လှိုင်းဒဏ်၊ လေဒဏ်ကြောင့် သေဆုံးမှုများ ရှိလာနိုင်သည့် အတွက် တစ်နှစ်ခန့်ကြာအောင် စနစ်တကျပြုပြင် ထိန်းသိမ်းပြီးပါက သဘာဝအတိုင်း ရှင်သန်နိုင်ပြီ ဖြစ်ကြောင်းလည်း ကိုမျိုးလွင်က ဆိုသည်။  

ဒီရေတောထိန်းသစ်ပင်များ စိုက်ပျိုးခြင်းဖြင့် ရေထုညစ်ညမ်းမှုနှင့် သား၊ ငါး၊ ပုဇွန်များ ပြန်လည်ပေါများလာမည် ဖြစ်ကြောင်းလည်း ဒီရေတော သစ်ပင်များကို ဦးဆောင်စိုက်ပျိုးနေသူ ကိုမျိုးလွင်က ပြောသည်။

“ရေထုညစ်ညမ်းမှုကို ဒီရေတောတွေက ကာကွယ်ပေးတယ်ဆိုတာ လေ့လာတွေ့ရှိတယ်။ ဒီတော့ လက်ရှိဒီရေတောတွေ ထိန်းသိမ်းရာရောက်အောင်၊ ရေရှည်မှာ အများပိုင်တဲ့ ဒီရေတောတွေဖြစ်အောင် စိုက်တာ။” ဟု ကိုမျိုးလွင်က ဆိုသည်။

သံဇစ်မြစ်ရေသည် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်မှ စတင်ကာ ၂၀၂၀ ခုနှစ်အထိ သုံးနှစ်ဆက်တိုက် ရေအရောင်ပြောင်းလဲပြီး ရေထုညစ်ညမ်းမှု ဖြစ်ပေါ်ခဲ့သည့်အတွက် အနီးအနားကျေးရွာက ဒေသခံရေလုပ်သားများအနေဖြင့် သား၊ ငါး၊ ပုဇွန် ရှာဖွေရရှိမှု နည်းပါးသည့် အခက်အခဲများဖြင့် ရင်ဆိုင်ခဲ့ကြရသည်။

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...