တရုတ်ကို တန်ပြန်နိုင်ရန် အိန္ဒိယက မြန်မာကို ဒေါ်လာ ၆ ဘီလီယံတန် ရေနံချက်စက်ရုံ တည်ဆောက်ရေး ကမ်းလှမ်း

တရုတ်ကို တန်ပြန်နိုင်ရန် အိန္ဒိယက မြန်မာကို ဒေါ်လာ ၆ ဘီလီယံတန် ရေနံချက်စက်ရုံ တည်ဆောက်ရေး ကမ်းလှမ်း
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အိန္ဒိယ ကိုယ်စားလှယ်အဖွဲ့တို့ အောက်တိုဘာလ ၅ ရက်နေ့က တွေ့ဆုံစဉ် (ဓာတ်ပုံ - နိုင်ငံတော် အတိုင်ပင်ခံရုံး)
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အိန္ဒိယ ကိုယ်စားလှယ်အဖွဲ့တို့ အောက်တိုဘာလ ၅ ရက်နေ့က တွေ့ဆုံစဉ် (ဓာတ်ပုံ - နိုင်ငံတော် အတိုင်ပင်ခံရုံး)

တရုတ်နိုင်ငံက မြန်မာနိုင်ငံနှင့် စွမ်းအင်ကဏ္ဌပူးပေါင်းရေးတွင် အရှိန်မြှင့်နေစဉ် အိန္ဒိယကလည်း မဟာဗျူဟာကျစွာ တည်ရှိနေသည့် အိမ်နီးချင်း မြန်မာနိုင်ငံ၏ အတက်ပြနေသော စွမ်းအင်ကဏ္ဌ၌ ပါဝင်လာနိုင်အောင် ကြိုးစားနေသည်။

အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန်ဟာ့ရှ် ရှရင်ဂလာနှင့် အိန္ဒိယ ကြည်းတပ်ဉီးစီးချုပ် ဗိုလ်ချုပ်ကြီး အမ်အမ် နရာဗန်နီတို့ ပူးပေါင်းအဖွဲ့သည် မြန်မာနိုင်ငံသို့ အလည်အပတ်ရောက်ရှိစဉ် အောက်တိုဘာလ ၅ ရက်နေ့က နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သောအစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံ၌ အမေရိကန် ဒေါ်လာ ခြောက်ဘီလီယံတန် ရေနံချက်စက်ရုံ တည်ဆောက်ရေး ဖြစ်နိုင်မည့် အလားအလာများကို ဆွေးနွေးခဲ့ကြသည်။

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်တွင် ရေနံချက်စက်ရုံ တည်ဆောက်ရန် အဆိုပြု ဆွေးနွေးခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်များကို ကိုးကား၍ The Times of India သတင်းက ဖော်ပြသည်။

လက်ရှိတွင် အိန္ဒိယ ရေနံကော်ပိုရေးရှင်း လီမိတက် (IOCL) က စီမံကိန်းကိုစိတ်ဝင်စားသည်ဟု ထုတ်ဖော်ပြောဆိုကြောင်း၊ စီမံကိန်းက နှစ်နိုင်ငံစလုံးအတွက် အကျိုးရှိမည့် အစီအစဉ်ဖြစ်ကြောင်း သတင်းရင်းမြစ်က ဆိုသည်။

တရုတ်နိုင်ငံက မြန်မာနိုင်ငံတွင် စွမ်းအင်ကဏ္ဌ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၇၀ ရာခိုင်နှုန်းနီးပါးတွင် ပါဝင်ထားသည်။ အိန္ဒိယ၏ အရှေ့မျှော် မူဝါဒနှင့် အိမ်နီးချင်း ဦးစားပေး မူဝါဒများတွင် အကြုံးဝင်နေသော မြန်မာနိုင်ငံတွင် ရေနံချက်စက်ရုံ အလွန်နည်းပါးနေပြီး လောင်စာဆီအတွက် ပြည်ပမှ တင်သွင်းမှုကို အများဆုံး မှီခိုနေရသည်။

နိုင်ငံခြားရေးအတွင်းဝန် ဟာ့ရှ် ရှရင်ဂလာနှင့် ကြည်းတပ်ဉီးစီးချုပ် ဗိုလ်ချုပ်ကြီး အမ် အမ် နရာဗန်နီတို့ ပူးပေါင်းအဖွဲ့သည် အောက်တိုဘာလ ၅ ရက်နေ့ နံနက်ပိုင်းက နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာနတွင် နိုင်ငံခြား ရေး ဝန်ကြီးလည်းဖြစ်သော ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး နေ့လယ်ပိုင်းတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇေယျာသီရိဗိမ္မာန်၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

နှစ်နိုင်ငံ ဆွေးနွေးမှုများအတွင်း နယ်စပ်ဒေသများ လုံခြုံရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းထားနိုင်ရန်၊ မိမိပိုင်နက်များအတွင်း မလိုလားအပ်သော လှုပ်ရှားမှုများ လုပ်ဆောင်ခြင်းကို ခွင့်မပြုရေး နှစ်နိုင်ငံ ကတိကဝတ်ကို ထပ်လောင်း အတည်ပြုခဲ့ကြသည်။ ထို့အပြင် နယ်စပ်၌ အခြေစိုက်ပြီး အိန္ဒိယကို တော်လှန်နေသည့် လက်နက်ကိုင် ၂၂ ဦးကို လွှဲပြောင်းပေးအပ်ရန် မြန်မာနိုင်ငံ၏ ဆုံးဖြတ်ချက်အပေါ် အိန္ဒိယအစိုးရက အသိအမှတ်ပြုခဲ့သည်။

အိန္ဒိယ ကိုယ်စားလှယ်အဖွဲ့က အမေရိကန် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ရေးအဖွဲ့ (FDA)  အတည်ပြုထားသည့် ဗိုင်းရပ်စ် တိုက်ဖျက်ဆေး ရမ်ဒီဆီဗာ အလုံး ၃၀၀၀ ကိုလည်း ကိုဗစ်-၁၉ ရောဂါ အရေးပေါ် ကုသရေး တွင် သုံးနိုင်ရန် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ထံ ပေးအပ်ခဲ့သည်။

ဆွေးနွေးမှုများအတွင်း စစ်ဘေးဒဏ်ခံ ရခိုင်ပြည်နယ်တွင် အခြေအနေများဦးစွာ တည်ငြိမ်ရေးအတွက်မြန်မာ၊ ဘင်္ဂလားဒေ့ရှ်တို့နှင့် ပူးတွဲလုပ်ဆောင်မည့် ကတိကဝတ်ကိုလည်း အလေးအနက်ထားခဲ့ကြောင်း တွေ့ရသည်။

အိန္ဒိယနှင့် မြန်မာတို့သည် ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးအစီအစဉ် (RSDP) သဘောတူညီချက် ကိုလည်း ဆက်လက်အဆင့်မြှင့်ရန် ဆွေးနွေးခဲ့ကြသည်။ ယင်းအစီအစဉ်အရ စိုက်ပျိုးရေးထွက်ကုန်များ ပိုမိုရရှိစေရေး စိန်ခေါ်မှု ကြုံနေရသည့် စက်မှုလယ်ယာသုံး ယန္တရားများနှင့် ကိရိယာများလိုအပ်ချက် ကိစ္စကို ဖြေရှင်းနိုင်မည် ဖြစ်သည်။

မကြာသေးမီက ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး အေကေ မိုမင်က ရိုဟင်ဂျာများ (မူရင်း) နေရပ်ပြန်ရေးအပါအဝင် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာကိစ္စများ ဖြေရှင်းရန် ပျက်ကွက်ပါက ဒေသတွင်း ငြိမ်းချမ်းရေး နှင့် တည်ငြိမ်မှုကို ခြိမ်းခြောက်လာနိုင်မည့် အစွန်းရောက်ဝါဒနှင့် အကြမ်းဖက်ဝါဒများဆီ ဦးတည်နိုင်သည်ဟု သတိပေးထားသည်။

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်တို့အကြား နားလည်မှုကို အခြေခံပြီး ဘင်္ဂလားဒေ့ရှ်ရှိ နေရပ်စွန့်ခွာသူများ လုံခြုံစွာ၊ အဆက်မပြတ် အမြန် နေရပ်ပြန်နိုင်ရေး မြန်မာဘက်မှ အိန္ဒိယက ရပ်တည်မည့် အနေအထားကိုလည်း ထပ်လောင်း အတည်ပြုခဲ့သည်။

ရခိုင်ပြည်နယ်တွင် လူမှု-စီးပွားရေး ဖွံ့ဖြိုးရေး အကူအညီအဖြစ် ကျန်းမာရေး၊ ပညာရေးနှင့် စိုက်ပျိုးရေးဆိုင်ရာ စီမံကိန်းများအတွက် အိန္ဒိယက ပေးထားသည့် တစ်နှစ်လျှင် အမေရိကန် ဒေါ်လာ ငါးသန်း ကိုလည်း ဆက်လက် တိုးမြှင့်ပေးမည်ဟု သိရသည်။

အိန္ဒိယ ကိုယ်စားလှယ်အဖွဲ့၏ ခရီးစဉ်အတွင်း မီဇိုရမ်နှင့် မြန်မာအကြား စီးပွားရေး ဆက်သွယ်မှု တိုးတက်စေရန် မျှော်မှန်းပြီး ချင်းပြည်နယ်၊ ဘိုင်ယန်ယု/စာစီချောက်၌ နယ်စပ် ကုန်သွယ်ရေးတံတား တည်ဆောက်ရေး အမေရိကန် ဒေါ်လာနှစ်သန်း ထောက်ပံ့မည်ဟုလည်း ကြေညာခဲ့သည်။

ဓာတ်ပုံ - မဇ္ဈိမ / (ပုံစာ - ကရင်နီ တော်လှန်ရေး ရဲဘော်အချို့။)
September 12, 2026
ရှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီပြည်အစပ်၊ မိုးဗြဲမြို့တွင် စက်တင်ဘာလ ၁၁ ရက်နေ့က စစ်အုပ်စုနှင့်...
မကွေးတိုင်း၊ မင်းလှမြို့နယ်ရှိ ရေနံမြေ မြင်ကွင်းတစ်ခုအား ၂၀၁၉ ခုနှစ် မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။ (AFP)
September 11, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များကို စစ်အုပ်စုတပ်က မိုင်းခွဲဖျက်ဆီးခြင်းနှင့်...
September 11, 2026
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာဘောင်အား ပြုပြင်ပြီးနောက် ပြန်လည်ကျိုးပေါက်သွားခဲ့ရာ...
ရှမ်းပြည်အတွင်းရှိ စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၂) သို့ ပို့ဆောင်ခံရသည့် တပ်သားစု ဆောင်းခံရ သူများကို ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / (Photo: MOI)
September 10, 2026
ရန်ကုန်မြို့တွင် မြို့တွင်း၌ နေ့ခင်းဘက်ပါ ဖမ်းဆီးမှုများ ပြုလုပ်နေသဖြင့် တပ်သားစုဆောင်းမှု...