မြန်မာတွင် ကလေးလုပ်အား အသုံးပြုသော ထုတ်ကုန်စာရင်း အမေရိကန် ထုတ်ပြန်

မြန်မာတွင် ကလေးလုပ်အား အသုံးပြုသော ထုတ်ကုန်စာရင်း အမေရိကန် ထုတ်ပြန်

မြန်မာနိုင်ငံတွင် အတင်းအကျပ်ဖြစ်စေ၊ ကျွန်သဖွယ် လုပ်ခမဲ့ ကလေးလုပ်အား အသုံးပြု၍ဖြစ်စေ ထုတ်လုပ်သော ထုတ်ကုန်စာရင်းကို အမေရိကန် ပြည်ထောင်စု၊ အလုပ်သမားရေးရာ ဝန်ကြီးဌာန၊ နိုင်ငံတကာ အလုပ်သမား ရေးရာ ဗျူရို (ILAB)၊ ကလေးလုပ်သား၊ အတင်းအကျပ် အလုပ်ခိုင်းစေခြင်းနှင့် လူကုန်ကူးခြင်းဆိုင်ရာရုံးက ထုတ်ပြန်ထားသည်။

၂၀၁၄ ခုနှစ်ကုန်ပိုင်းမှစ၍ မှတ်တမ်းတင်ထားသော ကလေးလုပ်အားသုံး ထုတ်ကုန်များတွင် ဝါး၊ ပဲများ၊ အုတ်၊ ဆန်၊ ရာဘာ၊ ကြံနှင့် ကျွန်းသစ်တို့ ပါဝင်သည်။  

ဝါးကို ကရင်၊ ရှမ်းနှင့် ရခိုင်ပြည်နယ်များတွင် တပ်မတော်က လိုအပ်သည့်လုပ်အားကို ဖြည့်ဆည်းရန် ကလေးအချို့ကို ဝါးခုတ်ပေးရေး အတင်းအကျပ်ခိုင်းစေကြောင်း၊ ပဲများထုတ်လုပ်ရေးတွင် အသက် ၁၅ နှစ်မှ ၁၇ နှစ်ရှိ ကလေးများကို ဒေသခံအရာရှိများနှင့် တပ်မတော်က တစ်နှစ်ပတ်လုံး ခိုင်းစေကြောင်း၊ အထူးသဖြင့် ရခိုင်ပြည်နယ် မြောက်ပိုင်းနှင့် စစ်စခန်းအနီးတွင် ကလေးများကို စစ်တန်းလျားများတွင် နေစေပြီး အုတ်လုပ်ငန်းများ လုပ်စေကြောင်း အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (ILO) နှင့် အစိုးရမဟုတ်သည့် အဖွဲ့အစည်း (NGO) များကို ကိုးကား ဖော်ပြထားသည်။

ထို့အပြင် မြန်မာနိုင်ငံ၌ ရာဘာထုတ်လုပ်ရေးတွင် အသက် ကိုးနှစ်အရွယ်အထိ ကလေးများကိုပါ အတင်းအကျပ် ခိုင်းစေနေကြောင်း၊ ကြံလုပ်ငန်းတွင်လည်း လုပ်အား လိုအပ်ချက်အရ ကလေးများသည် သစ်ပင်ဖြတ်ခြင်း၊ စိုက်ကွင်းပြင်ရန် သစ်မြစ်တူးခြင်း၊ ကြံစိုက်ရခြင်း၊ ကြံကြိတ်ခြင်း၊ အရည်ကြိုခြင်းများ လုပ်ဆောင်ပေးရသော်လည်း လုပ်ခ မရကြောင်း၊ သထုံခရိုင်နှင့် စစ်စခန်းများနှင့် နီးသည့် ဧရိယာများတွင် ကလေးများပါ ကျွန်းသစ်နှင့် အခြားသီးနှံများ အတင်းအကျပ် စိုက်ပျိုးစေကြောင်းလည်း ဖော်ပြထားသည်။  

အမေရိကန် အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်သည့် အဆိုးရွားဆုံးသော ပုံစံများဖြင့် ကလေးလုပ်သား အသုံးချမှုဆိုင်ရာ ၂၀၁၉ ခုနှစ် တွေ့ရှိမှုများ ထုတ်ပြန်ချက်တွင် “မြန်မာနိုင်ငံသည် တိုးတက်မှုမရှိဟူသော အကဲဖြတ် ချက်ကို ရရှိထား” ကြောင်း ဖော်ပြထားသည်။  

ကလေးစစ်သားစုဆောင်းခြင်းကို လုံးဝ ပပျောက်သွားစေရန် အစိုးရက ကောင်းမွန်သည့် အဆင့်ဆင့် လုပ်ဆောင်ချက်များကြောင့် ၂၀၁၉ ခုနှစ်တွင် ကလေးစစ်သားအသုံးပြုခြင်း သိသိသာသာ ကျဆင်းသွားသည်ဟု ဖော်ပြ သည်။ သို့သော် အစီရင်ခံသည့် ကာလအတွင်း ပဋိပက္ခဖြစ်ပွားရာ ကချင်၊ ရခိုင်နှင့် ရှမ်းပြည်နယ်များတွင် တပ်မတော်က အနည်းဆုံး ကလေး ၁၉၇ ဦးအပါအဝင် အရပ်သားများကို အထမ်းသမား၊ သန့်ရှင်းရေးသမား၊ ချက်ပြုတ်သူများ၊ စိုက်ပျိုးရေးလုပ်သားများအဖြစ် အဓမ္မ ခိုင်းစေခြင်း ရှိခဲ့ပြီး တာဝန်ရှိသူများကို အရေးယူ အပြစ်ပေးရန် ကြိုးပမ်းမှု မရှိခြင်းကြောင့် တိုးတက်မှု မရှိဟူသော အကဲဖြတ်ချက် ရခြင်းဖြစ်သည်ဟု သိရသည်။

မြန်မာနိုင်ငံတွင် ကလေးများအား အဆိုးရွားဆုံးသော ပုံစံဖြင့် လုပ်သားအဖြစ် အသုံးချရာတွင် တပ်မတော် မဟုတ်သည့် အခြား လက်နက်ကိုင်အဖွဲ့များက ပဋိပက္ခတွင် ကလေးများအား အဓမ္မစုဆောင်း အသုံးပြုခြင်းနှင့် လူကုန်ကူးမှု၏ အကျိုးဆက်အဖြစ် စီးပွားဖြစ် လိင်လုပ်ငန်းတွင် အမြတ်ထုတ် အသုံးချခြင်းတို့လည်း ပါဝင်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။  

ILAB က မြန်မာအပါအဝင် ကမ္ဘောဒီးယား၊ ယူကရိန်း၊ တရုတ်၊ နီရာရာဂွာ စသည့် နိုင်ငံ ၇၇ နိုင်ငံ၌ ကလေးလုပ်သား အသုံးပြု ထုတ်ကုန်များကို ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့အထိ စာရင်းပြုစု ထုတ်ပြန်ထားသည်။

March 20, 2026
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ယင်းမာပင်ခရိုင် အမှတ် (၃၅) တပ်ရင်းတပ်စခန်းကို...
March 19, 2026
မြန်မာနိုင်ငံကူးလက်မှတ် (ပက်စ်ပို့) လုပ်ခွင့်အပေါ် ငြင်းပယ်နိုင်သည့် အချက်များပါဝင်သည့်...
March 18, 2026
အတုအယောင်အဖြစ် ဝေဖန်ခံထားရသည့် စစ်ကော်မရှင်၏ ရွေးကောက်ပွဲအပြီး ယနေ့ (မတ် ၁၈) တွင် ကျင်းပသည့်...
ရုရှားနိုင်ငံထုတ် စစ်ကော်မရှင်၏တိုက်လေယာဉ်အသစ်များကို အာဏာသိမ်းပြီးကာလမှာ တွေ့ရစဉ်(ပုံအဟောင်း-AFP)
March 17, 2026
ဓာတု — မန္တလေးတိုင်း၊ မြင်းခြံခရိုင်ရှိ မြင်းခြံနှင့်နွားထိုးကြီးမြို့နယ်တို့တွင် နှစ်လတာအတွင်း...