ရွှေကုက္ကိုလ် စီမံကိန်း၌ တပ်မတော်၏ ပါဝင်မှုအခန်းကဏ္ဍကို စုံစမ်းစစ်ဆေးရန်လိုကြောင်း KPSN ပြော

ရွှေကုက္ကိုလ် စီမံကိန်း၌ တပ်မတော်၏ ပါဝင်မှုအခန်းကဏ္ဍကို စုံစမ်းစစ်ဆေးရန်လိုကြောင်း KPSN ပြော

စအိုင်ဆူး — ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ ရွှေကုက္ကိုလ် စီမံကိန်းအပေါ် အစိုးရ၏ စုံစမ်းစစ်ဆေးမှု လုပ်ဆောင်ရာ၌ စီမံကိန်းအတွင်း တပ်မတော်၏ ပါဝင်မှု အခန်းကဏ္ဍများကို စုံစမ်းစစ်ဆေးရန် လိုအပ်ကြောင်း ယင်းစီမံကိန်းအား စောင့်ကြည့်လေ့လာနေသည့် ကရင် ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ယက်-KPSNက စက်တင်ဘာ ၃ ရက်နေ့တွင် ထုတ်ပြန်ပြောဆိုလိုက်သည်။

သြဂုတ်လ ၂၅ ရက်နေ့က ရွှေကုက္ကိုလ် စီမံကိန်းသည် တရုတ်အစိုးရ၏ BRI (ခါးပတ်တစ်ကွင်း လမ်းတစ်စင်း) အစီအစဉ်၏ အစိတ်အပိုင်းအဖြစ် ဟောင်ကောင်တွင် စီမံကိန်း မှတ်ပုံတင်ထားသော ရထိုက်ဦးပိုင်အုပ်စုမှ ပြောဆိုမှုမှာ မဟုတ်မှန်ကြောင်း မြန်မာနိုင်ငံရှိ တရုတ်သံရုံး၏ ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး သဘောထားထုတ်ပြန် ရာ KPSNက ယခုလိုပြောဆိုလိုက်ခြင်းဖြစ်သည်။

 “စစ်တပ်ရဲ့ ပါဝင်မှုကို ကျနော်တို့ ဖော်ထုတ်နိုင်မှသာလျှင် နယ်စပ်မှာဖြစ်နေတဲ့ ပြဿနာကို ရှင်းရှင်းလင်းလင်း နဲ့ ပိုပြီးတော့မှ ဖြေရှင်းလို့ရနိုင်မယ်။ ဒီလိုမျိုး တရားမဝင်ကိစ္စတွေမှာပေါ့။ စစ်တပ်ရဲ့ ပါဝင်မှုကို ရှင်းရှင်း လင်း လင်း မဖော်ထုတ်နိုင်ရင်တော့ ဒီကိစ္စကို ရပ်တန့်လို့ရမှာမဟုတ်ဘူး။”ဟု KPSN၏ ပြောခွင့်ရ စောကပေါ်က ကေအိုင်စီသို့ ပြောသည်။

တရုတ်သံရုံး၏ ထုတ်ပြန်ချက်ပါ နယ်စပ် ဖြတ်ကျော် လောင်းကစားမှုများနှင့် ပတ်သက်သည့် တရုတ်နိုင်ငံ၏ ရပ်တည်ချက်နှင့် မြန်မာအစိုးရ၏ စုံစမ်းစစ်ဆေးမှုကို တရုတ်အစိုးရ၏ အားပေးထောက်ခံမှုအပေါ် KPSNက ကြိုဆို ထောက်ခံသော်လည်း စစ်တပ်၏ ကျောထောက်နောက်ခံထားမှုအား မဖော်ထုတ်နိုင်ပါက စုံးစမ်း မှုများမှာ အကျိုးမဲ့ သက်သက်သာဖြစ်မည်ဟု KPSN ၏ ထုတ်ပြန်ချက်၌ထောက်ပြထားသည်။

အလားတူ လက်ရှိကာလအတွင်း ဗဟိုအစိုးရမှ စုံစမ်းစစ်ဆေးရေးခုံရုံးအဖွဲ့ကို ဖွဲ့စည်းထားသော်လည်း ကိုဗစ်-၁၉ ကြောင့် နယ်စပ်ဒေသများတွင် တင်းကြပ်စွာ ဆက်လက်ပိတ်ဆို့ခံထားရသောကာလတွင် ဆောက်လုပ် ရေးလုပ် ငန်းများနှင့် ကာစီနိုလုပ်ငန်းများကို ဆက်လက်လည်ပတ်လုပ်ဆောင်နေလျက်ရှိနေသည်ဟု KPSN က ဆို သည်။

ရွှေကုက္ကိုလ် စီမံကိန်းအတွင်း တရားဝင်ခွင့်ပြုမထားသည့် ကာစီနို လောင်းကစားရုံများ လုပ်ကိုင်နေခြင်း ရှိ၊မရှိ စုံစမ်းစစ်ဆေးမှု ပြုလုပ်ရန် ဗဟိုအစိုးရမှ စုံစမ်းစစ်ဆေးရေးခုံရုံး ဖွဲ့စည်းထားကြောင်း ပြီးခဲ့သည့် ဇွန်လက သတင်း မီဒီယာများကို ပြောဆိုထားပြီး လက်ရှိ ကိုဗစ်ကာလအတွင်း ကွင်းဆင်းစစ်ဆေး နိုင်ခြင်းမရှိသေး ကြောင်းလည်း  ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးတင်မြင့်က ပြီးခဲ့သည့် ဇွန်လက ပြောဆိုထားသည်။

အမည်မဖော်လိုသူ ဒေသခံတစ်ဦးက “အခု ဒီမှာ အဆောက်အအုံတွေကို ဆောက်နေသေးတာ တွေ့နေတာပဲ။ အလုပ်မလုပ်ရရင်လည်း စားစရာဘယ်ရှိကြမလဲ။ သူတို့ ဂိမ်းကစားရုံလည်း ဖွင့်နေတယ်လို့ ကြားတယ်။ ဒါပေမဲ့ ကျနော်တို့လည်း သွားဝင်လို့မှမရတာ။ အခုဆို တရုတ်တွေက နည်းနည်းကြောက်လာကြတယ်လို့ကြားတယ်။ သူတို့ကို သူများမောင်းထုတ်မယ်ဆိုလား အဲ့ဒါကြောင့် သူတို့ အဆောက်အအုံတွေကို ဖြည်းဖြည်းချင်းစီပဲ ဆောက်ကြတော့တယ်။ အရင်ကဆို အိမ်တစ်လုံးကို ခဏလေးပဲ တစ်လုံးပြီးသွားပြီး” ဟု ကေအိုင်စီ သို့ပြော သည်။

ရွှေကုက္ကိုလ်အား အပြည့်အဝထိန်းချုပ်ထားသော စစ်တပ်၏ခွင့်ပြုချက်မရှိဘဲ စီမံကိန်းအား မည်သို့မျှ အကောင် အထည်ဖော် လုပ်ဆောင်နိုင်မည်မဟုတ်ကြောင်း ၂၀၂၀ မတ်လက ထုတ်ပြန်ထားသည့် KPSN၏ “ကျွန်ုပ်တို့ မြေများအား လောင်းကစားပစ်ခြင်း” အစီရင်ခံစာတွင် ဖော်ပြထားသလို တပ်မတော်အဆင့်မြင့်အရာရှိများ၏ ကျောထောက်နောက်ခံထားမှုများဖြင့် စီမံကိန်းမှ ရင်းနှီးမြုပ်နံှမှုနှင့် လူဝင်မှုကြီးကြပ်ရေးဥပဒေများအား လျစ်လျူ ရှုကာ စီမံကိန်းအား လွန်ခဲ့သော တစ်နှစ်ခန့်က တရားဝင် ဆိုင်းငံ့ထားရန်အပေါ် မျက်ကွယ်ပြုကာ ဆက်လက် လုပ်ဆောင်နိုင်ခြင်းဖြစ်သည်ဟု ဆက်လက်ဆိုထားသည်။

ရွှေကုက္ကိုလ်မြို့သစ် စီမံကိန်းသည် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ မြန်မာ-ထိုင်း နယ်စပ်ကြားရှိ သောင်ရင်းမြစ်တဖက်ကမ်းတွင် တရုတ်စီးပွားရေး လုပ်ငန်းရှင်များနှင့် နယ်ခြားစောင့်တပ်(BGF) ၏ စီးပွားရေး ကုမ္ပဏီများက အမေရိကန်ဒေါ်လ ၁၅ ဘီလီယံကျော် အကုန်အကျခံ တည်ဆောက်နေသည့် မြို့သစ် စီမံကိန်း ဖြစ်သည်။

မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှု ကော်မရှင် (MIC)၏ ခွင့်ပြုချက်နှင့် Myanmar Yatai International Holding Group Co.,Ltd. ကို ရွှေကုက္ကိုလ်မြို့သစ် စီမံကိန်းအတွက် မြေဧက ၆၂ဧက ဖြင့် ပြီးခဲ့သည့် ၂၀၁၈ခုနှစ် ဇူလိုင်လက စတင်ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။

၂၀၁၈ ဇူလိုင်လမှ ၂၀၂၁ ဇူလိုင်လအထိ ၃၆ လ (၃ နှစ်)ကြာ စီမံကိန်းဖြစ်ကြောင်း ဇူလိုင်လက ပြုလုပ်ခဲ့သည့် ပြည်သူ့လွှတ်တော်၏ ၁၇ ကြိမ်မြောက် ပုံမှန်အစည်းအဝေး၌ မြဝတီ မဲဆန္ဒနယ် ဦးစိန်ဗိုလ်၏ မေးမြန်းချက်အပေါ် ရင်းနှီးမြုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၏ ဒုတိယ ဝန်ကြီး ဦးဗရတ်ဆင်းက ထိုသို့ ဖြေကြားထားသည်။

Most read this week

December 17, 2025
စစ်တပ်က ထားဝယ်မြို့ပေါ်တွင် လူငယ်များကို တပ်သားသစ်အတွက် ပေါ်တာဆွဲပြီး စစ်သင်တန်းကျောင်းသို့...
Photo credit - social media
December 16, 2025
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ကျေးရွာများသို့ ဒီဇင်ဘာလဒုတိယအပတ်အတွင်း စစ်ကြောင်း ထိုးခဲ့သော...
December 15, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်၊ ဘူအားဒဲ ကျေးရွာအုပ်စုထဲသို့...
December 11, 2025
ပြက္ခဒိန်နှစ် တစ်နှစ်ရဲ့ နောက်ဆုံးလဖြစ်တဲ့ ဒီဇင်ဘာလရဲ့ (၉)ရက်နေ့က အပြည်ပြည်ဆိုင်ရာ အဂတိ လိုက်စား...