ကျောက်တော်မြို့ထဲသို့ တပ်မတော်စစ်ကြောင်း ဝင်ရောက်လာ၍ ဒေသခံများ စိုးရိမ်

ကျောက်တော်မြို့ထဲသို့ တပ်မတော်စစ်ကြောင်း ဝင်ရောက်လာ၍ ဒေသခံများ စိုးရိမ်

နောင်ခိုင်အောင် — ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့တွင်းသို့ ဖေဖော်ဝါရီ ၂၁ ရက် ညနေ ၄ နာရီခွဲခန့်တွင် တပ်မတောင်စစ်ကြောင်းတစ်ခု ကားများဖြင့် ဝင်ရောက်လာသည့်အတွက် ပစ်ခတ်မှုဖြစ်ပွားမည်ကို ဒေသခံများ စိုးရိမ်ခဲ့ကြကြောင်း မြို့ခံတစ်ဦးက ပြောသည်။

“စစ်တပ်က တေဘာ ကားအဝါတွေနဲ့ လက်နက်အင်အား လူအင်အားအပြည့်နဲ့ ဝင်လာနေကြတယ်။ သူတို့ ဝင်လာတာမြင်တော့ လူတွေကကြောက်နေကြတယ်။ ဈေးဆိုင်တွေလည်း အားလုံး ပိတ်သွား ကြပြီ။ တစ်မြို့လုံးတိတ်ဆိတ်နေပါတယ်” ဟု ကျောက်တော်မြို့ခံတစ်ဦးက ပြောသည်။

နောက်ထပ်မြို့ခံ အမျိုးသားတစ်ဦးကလည်း သို့ဖြစ်သည့်အတွက် ပစ်ခတ်မှုဖြစ်ပြီး ဒေသခံတွေ ထိခိုက်မှုဖြစ်မည်ကို စိုးရိမ်သည်ဟု ပြောဆိုသည်။

“စစ်သားတွေမြို့ကို ဝိုင်းထားပြီ။ ဘာတွေဖြစ်လာမလဲမသိဘူး။ ကျနော်တို့က ဘယ်လိုနေရမှန်း မသိဘူး။ ပစ်ခတ်မှုတွေဖြစ်ပြီး လူတွေအထိအခိုက် ဖြစ်မှာကို စိုးရိမ်နေရတယ်။ အရမ်းအန္တရာယ များနေပြီ” ဟု ၎င်းက ပြောဆိုသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ကျောက်တော်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ကလည်း မြို့ထဲကို စစ်ကြောင်းဝင်လာသည်ကို ကြားသိရကြောင်းနှင့် ယခင်ဖြစ်စဉ်ကဲ့သို့ ဖြစ်လာမည်ကို စိုးရိမ်နေကြကြောင်း ပြောသည်။

“မြို့ထဲကို စစ်သားတွေဝင်နေတယ်လို့ ပြောတယ်။ မြို့ကလူတွေက စိုးရိမ်ကြတာပေါ့။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃၁ ရက်နေ့ကလည်း ပစ်ခတ်မှုတွေဖြစ်ပွားခဲ့တာတွေရှိတယ်။ အဲလိုမျိုးဖြစ်လာမှာကို စိုးရိမ်နေကြတယ်။ လက်ရှိမှာတော့ ဟင်းရောင်းတဲ့လူတွေ၊ ဆိုင်ရောင်းတဲ့လူတွေ၊ ရွှေပန်းထိမ် ဆိုင်တွေ အားလုံးက ဆိုင်ကိုပိတ်ပြီး ကိုယ့်အိမ်ကိုယ်ရောက်သွားကြပြီ။ လက်ရှိမြို့ထဲမှာ ဖြစ်တဲ့ အခြေအနေတွေကိုလည်း မေးလို့ရမှာမဟုတ်တော့ဘူး။ ဒါပေမယ့် မြို့ထဲကို တပ်ကတော့ ဝင်လာတယ်လို့ ပြောပါတယ်” ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်က ပြောသည်။

ကျောက်တော်မြို့တွင် ဖေဖော်ဝါရီ ၂၁ ရက် နေ့လယ် ၂ နာရီဝန်းကျင်က အရပ်အဝတ်နှင့် စစ်တပ်က အရာရှိ တစ်ဦး မြို့မဈေးကြီးအနီးတွင် သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခံရသည်ဟု သတင်းများ ထွက်ပေါ်ပြီးနောက် ဖော်ပြပါအတိုင်း မြို့ထဲသို့ တပ်မတော်စစ်ကြောင်းများ အလုံးအရင်းဖြင့် ဝင်ရောက်လာခြင်း ဖြစ်ကြောင်း မြို့ခံများက ပြောသည်။

April 22, 2026
ဆောင်းဦးမာန် — ရန်ကုန်မြို့မှ ရခိုင်ပြည်၊ မာန်အောင်မြို့သို့ ပြေးဆွဲမည့် လေကြောင်းခရီးစဉ်ကို...
April 21, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ကမ်းရိုးတန်းမှတစ်ဆင့် တောင်ကုတ်နှင့်ရမ်းဗြဲမြို့နယ်များအား...
April 20, 2026
ကျော်သီဟ — ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ ကျောက်ဆည်ပြင်ရွာကို အကြမ်းဖက်စစ်‌ကော်မရှင်လေတပ်က ဧပြီ (...
April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...