နောင်ခိုင်အောင် — ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် သင်္ဂနက်ကျေးရွာကို ဖေဖော်ဝါရီ ၁၅ ရက် နံနက်ပိုင်းတွင် တပ်မတော်စစ်ကြောင်းတစ်ခု ဝင်ရောက်လာပြီး လူနေအိမ်များကို ဝင်ရောက် မွှေနှောက်ရှာဖွေခဲ့သလို ကျေးရွာသားများကိုလည်း စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ကြောင်း ကျေးရွာသားများက ပြောသည်။
“မနက် ၆ နာရီလောက်ကနေ ရွာထဲကို ဝင်လာပြီး အိမ်တွေကိုတက်ပြီးမွှေပါတယ်။ လူတွေတောင် အိပ်ရာက မထကြသေးဘူး။ တချို့အိမ်တွေဆိုရင် အိုး၊ ခွက်၊ ပန်းကန်ကအစ မွှေတယ်။ ဘာရှာလဲလို့ မေးတော့ လူငယ်တွေရှိတဲ့ အိမ်တွေကို မွှေတာလို့ ပြောတယ်။ အေအေရှိလား မေးတယ်။ မရှိဘူးလို့ ပြောလိုက်ပါတယ်” ဟု သင်္ဂနက်ကျေးရွာသူ ဒေါ်ဌေးဌေးစံက ပြောသည်။
အဆိုပါစစ်ကြောင်းသည် ကျေးရွာအတွင်း ရှာဖွေခဲ့သော်လည်း ကျေးရွာသားများကို ရိုက်နှက်မှုများ ပြုလုပ်ခဲ့ခြင်း မရှိကြောင်း၊ ကျေးရွာအတွင်းက ဆွေမျိုးများကို အလုပ်ကူရန် ရောက်ရှိနေသည့် လူငယ်သုံးလေးဦးကို အချိန်အတော်ကြာ စစ်ဆေးခဲ့ကြောင်း ဒေါ်ဌေးဌေးစံက ပြောသည်။
သင်္ဂနက်ကျေးရွာမှ ဦးဇင်း ဦးစရဏက “ဦးဇင်းက ၇ နာရီလောက်မှာ ဘုရားဝတ်ပြုနေတယ်။ အဲဒီအချိန်မှာ ဦးဇင်းဆီကိုလည်း တပ်မတော်က ရဲဘော် သုံးယောက် ရောက်လာတယ်။ လူသစ်တွေ ရောက်နေတာ ရှိလားလို့ မေးတော့ မရှိဘူးလို့ ပြောလိုက်တယ်။ အဲဒါ တစ်ခုတည်း မဟုတ်ဘူး။ ဦးဇင်းတို့ သင်္ဂနက်ကျေးရွာမှာ တစ်အိမ်ဝင် တစ်အိမ်ဆင်း စောင်တွေကို၊ ခေါင်းအုံးတွေကို လှန်ပြီး ရှာတယ်။ သောက်ဆေးပြားတွေကို တွေ့ရင်လည်း ဒီဆေးက ဘယ်သူ သောက်တာလဲ၊ အဲလို ခြောက်လှန့်ပြီးမှ အမျိုးမျိုး မေးတာရှိတယ်။ သားသမီးတွေ နိုင်ငံခြားမှာ ရှိလား၊ အဲလိုတွေ ပေါက်ကရတွေ မေးတာတော့ ရှိတယ်။ ရိုက်နှက်ပြီး မေးတာတော့ မရှိဘူး” ဟု မိန့်ကြားသည်။
သင်္ဂနက်ကျေးရွာသည် အိမ်ခြေ ၁၅၀ ခန့်ရှိပြီး ကျောက်တော်မြို့နှင့် ပုဏ္ဏားကျွန်းမြို့ အကြားတည်ရှိကြောင်း၊ မွှေနှောက်ရှာဖွေမှုအတွင်း ၎င်းရွာမှ ဒေါ်မသန်းရီနန့် ဒေါ်အဖြူချေတို့တွင် ဖုန်း တစ်ယောက်တစ်လုံးစီ ပျောက်ဆုံးသွားကြောင်း ဒေါ်ဌေးဌေးစံက ပြောဆိုသည်။
အဆိုပါစစ်ကြောင်းသည် စစ်ဆေး မွှေနှောက်ပြီးနောက် နံနက် ၁၀ နာရီကျော်ခန့်တွင် ကျေးရွာအတွင်းမှ ထွက်ခွာသွားကြကြောင်း ကျေးရွာသားများက ပြောသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းနှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးဝင်ဇော်ဦးတို့ထံ ဖေဖော်ဝါရီ ၁၅ နံနက် ၁၁ နာရီခွဲကျော်က ဖုန်းဆက်မေးမြန်းရန် ကြိုးစားခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်း မရှိသေးပါ။







