လားနွန် — ချင်းပြည်နယ်တွင် တိုင်းရင်းသားဘာသာစကား ၅ မျိုး သင်ကြားရန် ပြည်နယ်လွှတ်တော်၌ အတည်ပြုလိုက်သည်ဟု သိရသည်။
ဇန်နဝါရီ ၃၁ ရက်က ကျင်းပသော ဒုတိယအကြိမ် ချင်းပြည်နယ်လွှတ်တော် (၂၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ယင်းသို့ အတည်ပြုလိုက်ခြင်း ဖြစ်သည်။
ဟားခါး၊ ထန်တလန်၊ ဖလမ်း၊ တီးတိန်၊ တွန်းဇံနှင့် ပလက်ဝမြို့နယ်များတွင် တိုင်းရင်းသားဘာသာစကား ၄ မျိုး သင်ကြားရန် ထန်တလန် မဲဆန္ဒနယ်အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဗန်ထောင်းက ပြည်နယ်လွှတ်တော်သို့ တင်သွင်းသည့်အဆိုကို ကိုယ်စားလှယ်များက ဆွေးနွေးကြပြီးနောက် ဘာသာစကား ၅ မျိုးဖြင့် ပုံနှိပ်ထုတ်ဝေပြီး သင်ကြားရန် လွှတ်တော်က အတည်ပြုခဲ့ကြောင်း မတူပီမြို့နယ် မဲဆန္ဒနယ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လျန်က ပြောသည်။
“ဘာသာစကား ငါးမျိုးနဲ့ပထမအကြိမ် ထုတ်ဝေမှာ ဖြစ်ပါတယ်၊ အခု မထုတ်ဝေနိုင်သေးတဲ့ တခြား ဘာသာစကားလည်း ရှိတယ်။ အဲဒါလည်း အဆင်ပြေတဲ့အချိန် ဘတ်ဂျက်အနေအထားအရပေါ့နော်။ လောလောဆယ် ငါး ဘာသာနဲ့ပဲ ပထမဆုံးအကြိမ် ထုတ်ဝေရအောင်။ လိုအပ်ရင် ထပ် ထုတ်ဝေဦးမှာပါ” ဟု ဦးအောင်လျန်က ပြောသည်။
ပုံနှိပ်ထုတ်ဝေမည့် တိုင်းရင်းသားဘာသာစကား ၅ မျိုးမှာ လိုင်ဇိုး၊ လိုင်၊ ဇို၊ ချိုးနှင့် ခူမီး ဘာသာစကားတို့ ဖြစ်ပြီး လာမည့် ၂၀၂၀ -၂၀၂၁ ပညာသင်နှစ်တွင် စတင် သင်ကြားသွားမည်ဟု သိရသည်။
ဦးအောင်လျန်က “ဥပမာ တီးတိန်ဘာသာစကားကို အခု တီးတိန်မှာ ပြဌာန်းထားတဲ့ Zo ဆိုတဲ့ ဘာသာ ထုတ်ဝေထားတဲ့ဟာက လိုအပ်ရင် မတူပီမှာလည်း သင်ချင်တဲ့လူ လျှောက်ထားရင် သင်လို့ ရတယ်၊ နောက်တစ်ခုက ကျနော်တို့ တခြားဘာသာစကားလည်း အဆင်ပြေရင် ထပ် ထုတ်ဝေဦးမှာပါ၊ မြို့နယ်ကိုယ်စားပြုနဲ့ ဒါကိုသင်ရမယ်ဆိုတာ မရှိဘူး၊ Zo စကားက တီးတိန်ပဲ ကိုယ်စားပြုတယ်၊ တွန်းဇံပဲကိုယ်စားပြုတယ် မဟုတ်ပါဘူး၊ ဟားခါးမှာနေတဲ့ တချို့ကလည်း Zo စာသင်ချင်ရင် သင်လို့ရပါမယ်’’ဟု ပြောသည်။
ယခုကဲ့သို့ ပြည်နယ်လွှတ်တော်က တိုင်းရင်းသားဘာသာစကား ၅ မျိုး သင်ကြားရန် အတည်ပြုလိုက်သည့်အပေါ် စိုးရိမ်စရာရှိပြီး အခြား ချင်းမျိုးနွယ်စုငယ်များကို ခွဲခြားဆက်ဆံမှု သက်ရောက်နိုင်သည်ဟု ပညာရေးသုသေသနများ ပြုလုပ်နေသည့် Chinbridge Institute ဒါရိုက်တာ ဗန်ကျုံးလျန်က ပြောသည်။
“ကျနော်တို့ ချင်းပြည်နယ် ဘာသာ အများကြီး ရှိတယ်။ အများကြီးထဲက ၆ ခုကိုပဲ ရွေးမယ်လို့ပြောထားပြီးတော့၆ ခုလည်းမဟုတ်၊ ၆ ခုကိုရွေးတဲ့အချိန်မှာ သူတို့ ဘယ်အပေါ်မှာ အခြေခံပြီး ရွေးသလဲဆိုတဲ့ဟာ စိတ်ဝင်စားစရာကောင်းတယ်။ ဘာလို့ဆိုရင် တချို့တွေက ပြောတယ်။ အဲဒါ အဓိကဘာသာဖြစ်တဲ့ ဘာသာ ၅ ခုကိုရွေးတယ်လို့ သူတို့က ပြောကြားတာပေါ့နော်။ အဓိကဘာသာလို့ သူတို့ ပြောနေတဲ့အချိန်မှာ အဓိကဘာသာဆိုတာ ဘာကို အခြေခံပြီး အဓိကဘာသာ ဖြစ်သွားသလဲဆိုတာ စဉ်းစားစရာ ဖြစ်တယ်။ အဓိကဆိုတာ လူဦးရေများလို့ ဖြစ်တာလား၊ ဘာလို့ အဓိကဖြစ်သလဲ ဆိုတဲ့ဟာကို ပြည်သူတွေကိုလည်း သူတို့ မပြောပြဘူး။ ဥပမာ မတူပီမှာ Zotung စကားပြောတဲ့သူတွေ များတယ်၊ မတူစကားပြောတဲ့လူလည်း များတယ်၊ ဒီဟာက ဘယ်ဟာက အဓိက သတ်မှတ်မလဲဆိုတဲ့ဟာကို ပြဿနာရှိတယ်။ သူတို့ အဓိကဆိုတဲ့ သတ်မှတ်တဲ့အပေါ် မကောင်းပါဘူးလို့ ကျနော်ကတော့ သတ်မှတ်တယ်။ အားလုံးက အဓိကပါပဲ။ သေးရင်လည်း၊ လူဦးရေနည်းရင်လည်း အဓိကပါပဲ။ ကျနော်တို့ အသိုင်းအဝန်းမှာ မျိုးနွယ်စုနည်းတဲ့ သေးတဲ့သူတွေကို တကယ်တော့ ခွဲခြားဆက်ဆံတဲ့ပုံစံ သက်ရောက်သွားမှာပေါ့နော်” ဟု ဗန်ကျုံးလျန်က ထောက်ပြသည်။
ချင်းပြည်နယ်သည် မျိုးနွယ်စု အများအပြား ရှိကြပြီး ကိုယ်ပိုင်မိခင်ဘာသာစကား ပြောဆိုကြသည့်အတွက် မျိုးနွယ်စုငယ်များ၏ ဘာသာစကားများ သင်ကြားခွင့်မရှိပါက ၎င်းတို့၏ မိခင်ဘာသာစကားများ ပျောက်ကွယ်သွားနိုင်သည့် အခြေအနေရှိသည်ဟု Chinbridge Institute ဒါရိုက်တာက ပြောသည်။







