ရသေ့တောင်မြို့နယ်တွင် အမှိုက်ပုံကို မီးရှို့မှုကြောင့် စစ်ဘေးရှောင်များ ကျန်းမာရေး ထိခိုက်မှုများရှိနေဟုဆို

ရသေ့တောင်မြို့နယ်တွင် အမှိုက်ပုံကို မီးရှို့မှုကြောင့် စစ်ဘေးရှောင်များ ကျန်းမာရေး ထိခိုက်မှုများရှိနေဟုဆို

ချစ်အိလှိုင် — ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်တွင် အမှိုက်ပုံများကို မီးရှို့မှုကြောင့် စစ်ဘေးရှောင်များ ကျန်းမာရေးထိခိုက်မှု ရှိနေသည်ဟု သတင်းရရှိသည်။

အမှိုက်ပုံများကို အမှိုက်ကျင်းမရှိသဖြင့် မြို့၏ သုဿန်အနီးစုပုံမီးရှို့ခြင်းကြောင့် ဒေသခံများ သာမက စစ်ဘေးရှောင်များပါ ကျန်းမာရေး ထိခိုက်လာနေကြောင်း ရသေ့တောင်မြို့ သုဿန်အနီးတွင် နေထိုင်နေသည့် အောင်မြေကုန်းကျေးရွာမှ  စစ်ဘေးရှောင်လာသူ ဒေါ်မသန်းဌေးက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

ရသေ့တောင်မြို့ သုဿန်အနီး ပဋိပတ္တိစည်ပင်သာယာဘုန်းတော်ကြီးကျောင်းတွင် ခိုလှုံနေသူ ဒေါ်မသန်းဌေးက “အမှိုက်တွေကို နေ့တိုင်းမီးရှို့တယ်။ ကားနဲ့လာတယ်၊သွန်တယ်။ ကျွန်မတို့ စစ်ဘေးရှောင်စခန်းက ညှော်နံလို့ ကလေးတွေကိုဆေးရုံ၊ ဆေးခန်းတွေ သွားပြနေရပါတယ်။ လူကြီးတွေလည်း အိပ်ယာထဲ ဗုန်းဗုန်းလှဲနေကြပါပြီ။ ဒါကြောင့် သက်ဆိုင်တဲ့လူကြီးတွေကို ပြောချင်ပါတယ်။ ဒီဟာကို တစ်ခုခု ကူညီပေးကြဖို့ ပြောချင်ပါတယ်” ဟု ပြောသည်။

၎င်းစစ်ရှောင်စခန်းတာဝန်ခံ ဦးအောင်ထွန်းမြကလည်း အမှိုက်များအားနေ့စဉ်မီးရှို့ခြင်းအတွက် စခန်းမှ ကလေးငယ်တစ်ဦးဆေးရုံတက်ရောက်ကုသနေရကြောင်းပြောသည်။

“အဲဒီကလေးက မျက်စိနည်းနည်းနေမကောင်းဘူး။ ညှော်နံ့ကြောင့် ပိုဆိုးလာတော့ ဆေးရုံတင်လိုက်ရပါတယ်။ အခုထိ ဆေးရုံတတ်နေရသေးတယ်။ လူကြီးတွေလည်း နေမကောင်းအတော်ဖြစ်ကြပါတယ်”ဟုဦးအောင်ထွန်းမြပြောသည်။

၎င်းစစ်ဘေးရှောင်စခန်းတွင် ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာ၊ ပြိန်းတော၊ အောင်မြေကုန်း စသည့်ရွာများမှ လူဦးရေ ၁၀၉ ဦးနေထိုင်ကြောင်သိရသည်။

ရသေ့တောင်မြို့မှမြို့မိ၊ မြို့ဖ တစ်ဦး ဖြစ်သူ ဦးသိန်းမောင်ကလည်း အမှိုက်များအား လူနေအရပ်များနှင့် ဝေးရာတွင် စွန့်ပစ်စေချင်ကြောင်းပြောသည်။

“ဟိုတစ်ရက်က နာရေး အသုဘ ပို့ဖို့ သွားတယ်။ ညှော်နံ့အတော်နံတယ်။ အနီးနားက လူတွေ နေမကောင်းဖြစ်ကြမယ်ထင်တယ်။ အဲဒီနားမှာ ရွာသစ်လိုမျိုး အိမ်တွေ စုနေကြတာတွေရှိတယ်။ ဘုန်းကြီးကျောင်းတွေမှာလည်း စစ်ဘေးရှောင်တွေ အများကြီးနဲ့ပါ” ဟုပြောသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီးရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ  စည်ပင်ဝန်ကြီး ဦးဝင်းမြင့်အား ဆက်သွယ်မေးမြန်းရာ ရခိုင်ပြည်နယ်တွင် အမှိုက်များအား လူနေအိမ်များနှင့် အနီးတွင် မီးရှို့နေရခြင်းမှာ အမှိုက်ကျင်းမဝယ်နိုင်၍ ဟု ပြောဆိုသည်။

“ရခိုင်ပြည်နယ်မှာ အမှိုက်စွန့်ပစ်မှုက အမှိုက်ကျင်းစနစ်နဲ့ စွန့်ပစ်နေရတယ်။ ပြီးတော့ မီးရှို့တဲ့ စနစ်ပါ။ မီးမရှို့သည့်တိုင်အောင် အမှိုက်မှာပါတဲ့ ဂတ်စ်တွေပေါက်ကွဲပြီး အလိုအလျောက် မီးလောင်တာတွေရှိပါတယ်။ လူနေအိမ်တွေက အမှိုက်ပုံနဲ့နီးလာတယ်။ ဒါတွေကြောင့် ကျန်းမာရေးတွေ ထိခိုက်လာနိုင်တယ်။ အမှိုက်ကျင်းက ဝယ်ရတာ။ ဒီတွက်  ဘားဂျတ်လိုတယ်။ ကျွန်တော်တို့မှာ အခက်ခဲရှိပါတယ်” ဟု ဦးဝင်းမြင့်က ပြောသည်။

ကောင်းမွန်သော အမှိုက်ပစ်စနစ်ရရှိရေးအတွက် UNDP နှင့် စာတမ်းတစ်စောင် ပြုစုနေပြီး အမှိုက်ကျင်းဝယ်ယူရန် ဘားဂျတ်ရရှိရေးအတွက် ဆွေးနွေးလျက်ရှိကြောင်း ဝန်ကြီး ဦးဝင်းမြင့်က ဆက်ပြောသည်။

January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...
January 13, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပြင်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်၏ ရှေ့တန်းစစ်မျက်နှာ‌...
ဗုံးကြဲခံခဲ့ရသည့်မြောက်ဦးပြည်သူ့ဆေးရုံအတွက် ဂျပန်နိုင်ငံတွင် အလှူငွေကောက်ခံနေ
January 12, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့တွင် ဗုံးကြဲခံလိုက်ရသည့်ပြည်သူ့ဆေးရုံအားထောက်ပံ့နိုင်ရန်...
January 9, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် ယနေ့ အာရက္ခတပ်တော်(AA)၏ ခြုံခိုတိုက်ခိုက်မှုကြောင့် အင်အား ၁၀၀...