ထွန်းခိုင် (တောင်ရင်းကျွန်း) — တက္ကသိုလ်ဝင်တန်းအပါအဝင် အစိုးရမှ စစ်ဆေးသည့် အဋ္ဌမတန်း၊ စတုတ္ထတန်း စာမေးပွဲများပြီးမှ ကျောင်းတွင်းစစ်စာမေးပွဲများ စစ်ဆေးရန် အချိန်ပြောင်းလဲသတ်မှတ်လိုက်မှု အပေါ် အမ်းမြို့နယ်မှ ကျောင်းဆရာတစ်ဦးက တစ်ကိုယ်တော် ကန့်ကွက် ဆန္ဒပြခဲ့သည်။
ကန့်ကွက်ဆန္ဒပြသူမှာ အမ်းမြို့နယ်၊ တောင်မော်ကျေးရွာ မူ/လွန်ကျောင်းတွင် တာဝန်ထမ်းဆောင်နေသော အလယ်တန်းပြကျောင်းဆရာ ဦးမျိုးမင်းနိုင် ဖြစ်သည်။
သူသည် ဇန်နဝါရီလ ၂၄ရက်နေ့က သူ တာဝန်ကျနေသော ကျောင်းဝင်းအတွင်း "ကျောင်းတွင်း စစ်စာမေးပွဲများအား အစိုးရစစ်စာမေးပွဲပြီးမှ ကျင်းပခြင်းအား ကန့်ကွက်ပါသည်"ဟု စာသားပါ ဆိုင်းဘုတ်ပိုစတာတစ်ခုကို ကိုင်ဆောင်ပြီး ကန့်ကွက် ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။
“အခုအချိန်က နယ်ဘက်တွေမှာဆိုရင် လယ်တွေ၊ ကိုင်းတွေ လုပ်ကြတဲ့ အချိန်ပေါ့။ ပုံမှန်အတိုင်းဆိုရင်တော့ မိဘတွေ လယ်တွေ၊ ကိုင်းတွေ လုပ်ဖို့သွားတဲ့ အချိန်ဆိုလို့ရှိရင် ကျောင်းလည်း ပိတ်ပြီးဆိုတော့ ကလေးတွေပါ လိုက်သွားကြတယ်။ အခုဟာက ကိုးရိုးကန့်လန့် ဖြစ်နေတော့ ဆရာတွေသာမက မိဘတွေမှာလည်း အခက်အခဲတွေ ရှိတာပေါ့။ နောက်ပြီး ရာသီဥတု အပူချိန် လွန်ကဲတာတွေလည်း ပါတယ်။ ဒီဟာနဲ့ပတ်သက်လို့ ဝန်ကြီးဌာနကတော့ ကလေးတွေနဲ့ ဆရာမတွေအတွက် စီစဉ်ထားတာ ရှိတယ်လို့တော့ ပြောတာပဲ။ ဒါပေမယ့် လက်တွေ့မြေပြင်အနေအထားမှာတော့ အခုအချိန်ထိ ဘာတစ်ခုမှ အကောင်အထည်ဖော်ထားတာကို ကျနော် မတွေ့မိသေးဘူး။ ဒါကြောင့် လေးတန်း၊ ရှစ်တန်း၊ ဆယ်တန်းတွေ စာမေးပွဲ စစ်ပြီးမှ တခြားအတန်းတွေကို စာမေးပွဲစစ်ဆေးတာဟာ အဓိပ္ပာယ်မရှိတဲ့ လုပ်ရပ် တစ်ခုမို့လို့ ကန့်ကွက်တာ ဖြစ်ပါတယ်”ဟု ကန့်ကွက်ဆန္ဒပြသူ ဆရာဦးမျိုးမင်းနိုင်က နိရဥ္စရာသတင်းဌာနသို့ ပြောသည်။
အစိုးရစာမေးပွဲပြီးမှ အခြားအတန်းများကို စာမေးပွဲစစ်ရန် စီစဉ်နေမှုသည် လုံးဝ မဖြစ်သင့်သလို ယခုလုပ်ရပ်သည် အခြေခံပညာဥပဒေကို ကျော်လွန်လုပ်ဆောင်ခြင်းဖြစ်သည်ဟုလည်း ၎င်းက ဝေဖန်ပြောကြားသည်။
“ဝန်ကြီးဌာနအနေနဲ့လည်း စာသင်ချိန်ကို တစ်လတိုးတာမဟုတ်ဘဲနဲ့ စာမေးပွဲကို ရက်ရွှေ့ထားသလို ဖြစ်နေတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် ပညာရေးဆိုတာက စမ်းသပ်လို့ ကောင်းတဲ့ အရာတစ်ခု မဟုတ်ဘူး။ စမ်းသပ်မှုရဲ့ နောက်ကွယ်မှာ ဘယ်သူတွေက တာဝန်ခံမှာလဲ၊ တာဝန်ယူမှာလဲဆိုတာတွေကလည်း မေးခွန်းမေးစရာတွေ ဖြစ်လာတယ်”ဟု ဆရာဦးမျိုးမင်းနိုင်က ပြောသည်။
အခြေခံပညာ တန်းများ၏ စာမေးပွဲကာလတိုးမြှင့်သော စနစ်သစ်ကို ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် စတင်ရန် ပညာရေးဝန်ကြီးဌာနက စီစဉ်နေခြင်းဖြစ်ပြီး ယင်းအစီအစဉ်ကို ဆရာ၊ ဆရာမအသိုင်းအဝိုင်းနှင့် ကျောင်းသားမိဘများက ဝေဖန်မှုများ မြင့်တက်လျက်ရှိနေသည်ဟုလည်း သိရသည်။







