ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ကင်းတောင်ရွာတွင် ဇန်နဝါရီ ၂၅ အစောပိုင်း ညဉ့်အချိန် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ မူဆလင် အမျိုးသမီး နှစ်ဦး သေဆုံးပြီး ၇ ဦးဒဏ်ရာရှှိသွားခြင်းမှာ ရက္ခိုင့်တပ်တော် (AA) က ပစ်ခတ်လိုက်သော လက်နက်ကြီးကျည် ကျရောက်ထိမှန်၍ သေဆုံးခြင်းဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။
တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက “မှန်ပါတယ်။ ဒီနေ့မနက် ကျွန်တော်တို့ တစ်နာရီ မိနစ် ၂၀ လောက်မှာ အေအေအဖွဲ့က ဘူးသီးတောင် ကင်းတောင်နဲ့ ကပ်လျက်ပဲ။ အဲဒီ ကျွန်တော်တို့ ဖုံညိုလိပ်တံတားကို တစ်နာရီကနေ တစ်နာရီခွဲအချိန်အထိ လာပစ်ပါတယ်။ နေရာနှစ်နေရာကနေ၊ အရှေ့မြောက်ဘက်ကနေ ပစ်ပါတယ်။ ကင်းတောင်ကျေးရွာထဲကိုလည်း လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ပါတယ်။ပစ်ခတ်ပြီး အမျိုးသမီးနှစ်ဦး သေဆုံးပါတယ် ။ခုနှစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ အဲဒီအမျိုးသမီး နှစ်ဦးမှာ တစ်ဦးကတော့ ဆေးရုံမှာ သေတာ။ တစ်ဦးကတော့ ဒီဖြစ်တဲ့ နေရာမှာပဲ သေတာ”ဟု ပြောဆိုသည်။
ယင်းအပြင် ၎င်းလက်နက်ကြီးမှာ အေအေက ပစ်လိုက်ခြင်း ဖြစ်ကြောင်း ပြောဆိုသည်။
“ ကျွန်တော်တို့ အဲဒီ ဖုံညိုလိပ်ရဲကင်းစခန်းမှာလည်း သူတို့ပစ်ခတ်တယ်။ ရဲကင်းစခန်းမှာက တပ်နဲ့ ရဲနဲ့ လုံခြုံရေးအရပါ။ တပ်က အင်အားန ည်းနည်းပဲ ရှိတယ်။ လုံခြုံရေးမှာက လက်နက်ငယ်ပဲ ရှိတာ များပါတယ်။ အဲဒီမှာ ပစ်ခတ်တဲ့ အရပ်မျက်နှာကလည်း ဖုံညိုလိပ်စခန်းကို အေအေက အရှေ့မြောက်ဘက်ကနေ ပစ်ခတ်တာ။ သူတို့ပစ်ခတ်တဲ့နေရာနဲ့ ကင်းတောင်ကျေးရွာနဲ့က မျက်နှာချင်းဆိုင်လောက်မှာ ဖြစ်တယ်ဗျ။ ဒီဘက်ကနေ ဟိုဘက်ကို လက်နက်ငယ်နဲ့ ပြန်ပစ်တဲ့ နေရာဟာ ကျွန်တော်တို့ အေအေရှိတဲ့ အရှေ့မြောက်ဘက်ကို ပစ်တယ်။ ရွာက အဲဒီ တံတားရဲ့ နောက်ဘက်မှာပါ” ဟု ပြောဆိုသည်။
ရက္ခိုင့်တပ်တော် ( AA) ပြောခွင့်ရသူ ခိုင်သုခကမူ ၎င်းစွပ်စွဲချက်မှာ အခြေအမြစ် မရှိသော စွပ်စွဲချက်ဟု ပြောဆိုသည်။
“ ဒါကတော့ လုံးဝအခြေအမြစ်မရှိတဲ့ စွပ်စွဲတာပဲဗျ။ ခမရ ၅၅၁ ရဲ့စစ်ကြောင်းတစ်ခုက ပစ်တယ်လို့ ကျနော်တို့ ရွာသားတွေဆီကတဆင့် သိရတယ်။ အဲဒီအနားမှာ အရင်နေ့တုန်းကလည်း မြန်မာစစ်တပ်ဘက်ကနေ ပစ်တဲ့အတွက်ကြောင့်မို့လို့ အဲဒီမှာ အမျိုးသမီးငယ် တစ်ယောက် ဒဏ်ရာ ရသွားတာရှိတယ်။ ဆိုတော့ အဲဒီနားမှာ မြန်မာ စစ်တပ်တွေဘဲ ရှိတာ။ သူတို့နေပြီး တောက်လျှောက် ပစ်နေတယ်။ အဲဒီမှာ ဒီသုံးဆယ့်တစ်ဘုံဘုရား ကုန်းကလည်း သူတို့ မကြာမကြာ တက်ပြီးတော့ ပစ်တာရှိတယ်။ ကျနော်တို့ ရက္ခိုင့်တပ်တော်အနေနဲ့ကတော့ အဲဒါ ကျနော်တို့ရဲ့ပြည်သူတွေ၊ အဲဒါမြန်မာ စစ်တပ်ကပဲ ကျနော်တို့ရဲ့ပြည်သူတွေအားလုံးကို လူမျိုးရေးအရ အငြိုးအတေးတွေအပေါ်မှာ အခြေခံပြီးတော့ ဒါမတရား ပစ်ခတ် တိုက်ခိုက် နေတာဖြစ်တယ်ဗျ။ အဲဒီနေရာမှာ ဒီနေ့တိုက်ပွဲဖြစ်တာလည်းမရှိဘူး။ မနေ့ညကနေပြီးတော့ သူတို့ ဒီစိုင်းတင်တံတားထိပ်မှာရှိတဲ့ ကင်းစခန်းကနေပြီးတော့ ဒါရွာကိုနေပြီးတော့ သက်သက် ပစ်တာ ကျနော်တို့နဲ့ တိုက်ပွဲဖြစ်တာလုံးဝမရှိဘူး။ တိုက်ပွဲဖြစ်တာလည်းမရှိဘူးဗျ။ သူတို့ဟာသူတို့ တိုက်ပွဲအတုဖန်တီးပြီးတော့ ပစ်တာ။ ကျနော်တို့နဲ့ ဘာမှမဆိုင်ဘူး။ အဲဒါ သူတို့ဟာသူတို့ ပစ်ပြီးတော့မှ ရွာသားတွေကို ထိတဲ့အခါကျမှပဲ သူတို့စစ်ရာဇဝတ်မှုတွေကို ဖုံးကွယ်ဖို့အတွက် အေအေက လာပစ်ပါတယ်ဆိုပြီးတော့ အဲလိုမျိုး လုပ်ကြံပြီးတော့ ပြောတာ။ ကျနော်တို့နဲ့ ဘာမှတိုက်ပွဲဖြစ်ပွားတာမရှိဘူး ”ဟု ခိုင်သုခက ပြောဆိုသည်။
ရခိုင်ဒေသတွင် မည်သည့် အဖွဲ့အစည်းက မမှန်မကန် လုပ်နေသည်ကို သိရှိနိုင်ရန်အတွက် သတင်းထောက်များကို အဆိုပါ ဒေသသို့ ဝင်ရောက်ခွင့် ပြုသင့်သည်ဟုလည်း ခိုင်သုခက ပြောဆိုသည်။
“ ကျနော်တို့ဘက်ကနေပြီးတော့ အကြိမ်ကြိမ် ဒါပြောပြီးပြီနော်။ ဒီနိုင်ငံတကာ သတင်းဌာနတွေ သတင်းထောက်တွေကိုနေပြီးတော့မှ လွတ်လွတ်လပ်လပ် ဒါသတင်းယူခွင့်ပေးလိုက်ပါ။ ပြီးလို့ရှိရင် အင်တာနက်တွေကို လွတ်လွတ်လပ်လပ် ဖွင့်ပေးလိုက်ပါ။ အဲဒါဆိုလို့ရှိရင် ပြည်သူတွေ ကနေပြီးတော့ ဒါပြောပြလိမ့်မယ်ပေါ့။ ဒါဘယ်သူတွေပစ်သလဲ ဆိုတဲ့ ဥစ္စာ။ အဲဒါကြောင့်မို့လို့ ကျနော်တို့က ပြောတာ။ အခုနေပြီးတော့အင်တာနက်တွေကို ပိတ်ထားတာလည်း ဒါသတင်း အမှောင်ချဖို့ အတွက်ပိတ်ထားတာ မြန်မာစစ်တပ်ဘက်က ပိတ်ထားတာဖြစ်တယ်။ သတင်းထောက်တွေကို လုံးဝ သွားလာခွင့်မရအောင် ပိတ်ထားတာလည်း မြန်မာစစ်တပ်က ပိတ်ထားတာဖြစ်တယ်။ ဆိုတော့ အဲဒါကြောင့်မို့လို့ မမှန်မကန်လုပ်နေတဲ့ဥစ္စာ ဘယ်သူလဲဆိုတာ ဒီဟာကိုကြည့်ပြီးတော့ ဒါအဖြေထွက်ပြီးသားရှိတယ်။ သူတို့က ရွာသူရွာသားတွေကို ပစ်တယ်။ ပြီးလို့ရှိရင် ဒါက အေအေက လာပစ်လို့ သူတို့ပစ်တယ်။ ဒါတစ်လျှောက်လုံး နေပြီးတော့ ဆင်ခြေပေးလာတာရှိတယ်ဗျ။ ဒါကတော့ ဘယ်လိုမှ အကျိုးအကြောင်း ဆီလျော်မှုမရှိတဲ့ ကိစ္စဖြစ်တယ်။ ကျနော်တို့ ရက္ခိုင့်တပ်တော်အနေနဲ့က ကျနော်တို့ ရခိုင်ပြည်သူတွေကို ပစ်စရာ အကြောင်း ဘာမှမရှိဘူး။ အဲဒါမြန်မာစစ်တပ်ကပဲ သက်သက်နေပြီးတော့ အငြိုးအတေးတွေ အပေါ်မှာ အခြေခံပြီးတော့မှ ကျနော်တို့ပြည်သူတွေကို မတရားသတ်ဖြတ်နေတာ ဖြစ်တယ်” ဟု ပြောဆိုသည်။







