စိုးဇံအောင် — ဒေါက်တာအေးမောင်၏ အထူးအယူခံဝင်ခွင့် လျှောက်လဲချက်ကို နေပြည်တော် ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ပယ်ချလိုက်သည့်အပေါ် ရခိုင်အမျိုးသားကောင်စီ ( ANC ) က ရှုတ်ချလိုက်သည်။
၎င်းအပြင် လက်ရှိ NLD အစိုးရ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး ကြွေးကြော်နေမှု အပေါ်မှာလည်း မေးခွန်းထုတ်လိုက်ပြီး NLD ၏ လက်တွေ့ အလုပ်၊ မူဝါဒနှင့် ကြွေးကြော်သံများမှာ ပြဒါးတစ်လမ်း သံတစ်လမ်း ဖြစ်နေကြောင်း ရခိုင်ပြည် အမျိုးသားကောင်စီက ဇန်နဝါရီ ၂၅ ရက် ကြေညာချက် ထုတ်ပြန်ရာတွင် ဖော်ပြထားသည်။
ရခိုင်ပြည်အမျိုးသားကောင်စီ အတွင်းရေးမှူး ဦးဇော်ထွန်းက “အခုလိုမျိုး ဒေါက်တာအေးမောင်နဲ့ စာရေးဆရာဝေဟင်အောင်တို့ရဲ့ အမှုနဲ့ပတ်သက်ပြီး နောက်ဆုံးအယူခံဝင်မှုကို တရားလွှတ်တော်ရုံးက အပြီးသတ် ပယ်ချလိုက်တဲ့အပေါ်မှာ တော်တော်လေး စိတ်မကောင်းဖြစ်မိတယ်။ ဒီအပေါ်မှာ NLD အစိုးရအနေနဲ့ အငြိုးတကြီးနဲ့ လုပ်တဲ့ လက္ခဏာမျိုး တွေ့ရတဲ့ ပုံစံ ရှိပါတယ်။ လက်ရှိ NLD အစိုးရအနေနဲ့ ဒီမိုကရေစီပြုပြင် ပြောင်းလဲရေးတို့၊ အမျိုးသားပြန်လည်သင့်မြတ်ရေးတို့၊ တရားဥပဒေစိုးမိုးရေးတို့ စသဖြင့် ဒါတွေကို ကြွေးကြော်ပြီးမှ တိုင်းပြည် ပြန်လည်ထူထောင်ရေးကို လုပ်နေတာ ဖြစ်တယ်။ သူတို့လုပ်နေတဲ့ အလုပ်နဲ့ လက်တွေ့အားဖြင့် သူတို့ချမှတ်ထားတဲ့ မူဝါဒ၊ကြွေးကြော်သံတွေနဲ့ ပြဒါးတစ်လမ်း၊ သံတစ်လမ်းဖြစ်နေတာကို ကျွန်တော်တို့ တွေ့ရတယ်။ ဘာလို့လဲဆိုတော့ ဒေါက်တာအေးမောင်နဲ့ စာရေးဆရာဝေဟင်အောင်တို့ရဲ့ အမှုဟာ ဒီလောက်ကြီးလေးတဲ့ အပြစ်လို့ ကျွန်တော်တို့ မယူဆဘူး”ဟု နိရဥ္စရာသတင်းဌာနသို့ ပြောသည်။
ဒေါက်တာအေးမောင်၏ အထူးအယူခံဝင်ခွင့် လျှောက်လဲချက်ကို နေပြည်တော်ရှိ ပြည်ထောင်စု တရားလွှတ်တော်ချုပ်မှ ပယ်ချလိုက်ပြီးနောက် ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ရခိုင်ပြည်အမျိုးသားကောင်စီ Arakan National Council (ANC) က ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။
ယင်းထုတ်ပြန်ချက်ထဲတွင် NLD အစိုးရအနေဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကိစ္စများကို ပြည်ထောင်စု စိတ်ဓာတ်အပြည့်အဝနှင့် ညှိနှိုင်းအဖြေရှာရမည့်အစား ယုံကြည်ရာကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုသူများအပေါ် မတရား ဖမ်းဆီးထောင်ချခဲ့ခြင်းကို မိမိတို့အနေဖြင့် ကန့်ကွက်ရှုတ်ချကြောင်း ဖော်ပြထားသည်။
အလားတူ ယခုလုပ်ရပ်သည် NLD အစိုးရ၏ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ တရားဥပဒေ စိုးမိုးရေး၊ ဒီမိုကရေစီပြုပြင် ပြောင်းလဲရေးနှင့် ၂၀၀၈ ဖွဲ့စည်းပုံအား ပြန်လည်ပြင်ဆင်၍ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး ကြွေးကြော်သံများမှာလည်း တိုင်းရင်းသား အားလုံးအတွက် မေးခွန်းထုတ်စရာဖြစ်ကြောင်း ဖော်ပြထားသည်။
“ဒီမိုကရေစီခေတ်မှာ ကျွန်တော်တို့ အမျိုးသားတွေရဲ့ နောက်ခံသမိုင်းကြောင်းနဲ့ လက်ရှိ အခြေအနေအပေါ်မှာ ချိန်စက်တဲ့ ပြောဆိုမှုတွေ၊ ဝေဖန်ထောက်ပြမှုတွေ ၊ဟောပြောချက်တွေက စကားလုံးအရ အတိမ်းအစောင်း အနည်းငယ်ရှိနိုင်သော်လည်းပဲ အခုလိုလုပ်လိုက်တာက လက်ရှိ သွားနေတဲ့ တိုင်းပြည်ပြန်လည်ထူထောင်ရေး မှာ ပြန်လည်သင့်မြတ်ရေးနဲ့ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးတို့ကို လုံးဝအထောက်အကူမပြုဘူးလို့ ကျွန်တော်တို့မြင်တယ်။အဲဒါ ကြောင့် သူတို့ကို ကြီးလေးတဲ့အပြစ်ဒဏ် ထောင်ဒဏ် အနှစ်နှစ်ဆယ်ချမှတ်မှု အပေါ်မှာ တရား ဥပဒေကြောင်း အရ ထပ်ပြီးတော့ အယူခံဝင်တဲ့အပေါ်မှာလည်း ပယ်ချလိုက်တဲ့ လုပ်ရပ်မျိုးက ဘယ်လိုမှ မသင့်တော်တဲ့ လုပ်ရပ်ဖြစ်တယ်”ဟု ဦးဇော်ထွန်းက ဆက်ပြောသည်။
ရခိုင်လူထုခေါင်းဆောင် ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့သည် ရသေ့တောင်မြို့နယ် တွင် ကျင်းပသည့် (၂၃၃) နှစ်မြောက် ရခိုင်အချုပ်အချာအာဏာကျဆုံးနေ့ အခမ်းအနားတွင် ဟောပြောမှု ကြောင့် နိုင်ငံတော် ပုန်ကန်မှု ပုဒ်မ ၁၂၂ ဖြင့် ထောင်ဒဏ် နှစ် ၂ဝ၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု ၅ဝ၅(ခ)ဖြင့် ထောင်ဒဏ် ၂ နှစ်၊ စုစုပေါင်း ၂၂ နှစ်ကို နှစ်မှုပေါင်း တစ်ပေါင်းတည်းကျခံစေရန် ဆုံးဖြတ်ပြီး တစ်ယောက်စီကို ထောင်ဒဏ်အနှစ် ၂၀ စီ စစ်တွေ ခရိုင် တရားရုံးက ချမှတ်ခဲ့သည်။
ဇန်နဝါရီလ ၂၄ ရက်နေ့က နေပြည်တော်ရှိ ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ ဒေါက်တာအေး မောင်၏ အထူးအယူခံဝင်ခွင့် လျှောက်လဲချက်ကို အပြီးသတ်ပယ်ချခဲ့သည်ဟု သိရသည်။









