ကျောက်ဖြူအထူးစီပွားရေးဇုန် SEZ ထောက်ခံမှုနှင့်အတူ ဒေသခံများအကြား စိုးရိမ်မှုများလည်းရှိနေ

ကျောက်ဖြူအထူးစီပွားရေးဇုန် SEZ ထောက်ခံမှုနှင့်အတူ ဒေသခံများအကြား စိုးရိမ်မှုများလည်းရှိနေ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်တွင် တည်ဆောက်မည့် အထူးစီပွားရေးဇုန် SEZ နှင့်ပတ်သက်၍ ဒေသခံများမှ ထောက်ခံသော်လည်း စိုးရိမ်မှုများရှိနေကြောင်း နိရဉ္စရာ သတင်းဌာနသို့ ထုတ်ဖော်ပြောဆိုကြသည်။

ဇန်နဝါရီ ၂၀ ရက်နေ့ က ကျောက်ဖြူမြို့ အမုန်းတရားကင်းမဲ့ဇုန်တွင် ပြုလုပ်သည့် “ လုံခြုံမှု၊ ခိုင်မာမှုရှိတဲ့ ဖွံ့ဖြိုးတိုးတက်ရေးနဲ့အတူ ရခိုင်တွေ အိမ်ပြန်လာနိုင်ဖို့ SEZ ကို တည်ဆောက်ကြစို့” ခေါင်းစဉ်ဖြင့် ပြုလုပ်သည့် အစည်းအဝေးအပြီးတွင် ဒေသခံအချို့ ထိုသို့ ပြောကြားကြခြင်း ဖြစ်သည်။

ဒေသခံများ စိုးရိမ်နေမှုနှင့်ပတ်သက်၍ ကျောက်ဖြူခရိုင်တိုင်းရင်းသားများဖွံ့ဖြိုးရေးအသင်း ဥက္ကဋ္ဌ ဦးငြိမ်းချမ်းမောင်က ကျောက်ဖြူ အထူးစီးပွားရေးဇုန်ကို တည်ဆောက်နိုင်မှသာလျှင် ရခိုင်လူမျိုးများ ပြည်ပထွက်ခွာ အလုပ်လုပ်ကိုင်မှုများ လျော့ကျသွားနိုင်သလို ပြည်ပတွင် လုပ်နေသူများလည်း ကိုယ့်ပြည်နယ်သို့ ကိုယ်ပြန်လာနိုင်ကြမည်ဟု ပြောကြားသည်။

“ အခုလို SEZ ဖြစ်လာမယ်ဆိုတော့ မတရားလုပ်သွားမှာကို လူတိုင်းမှာစိုးရိမ်မှုတွေရှိမယ်။ ဒေသခံတွေက နိုင်ငံခြားမှာ အလုပ်လုပ်ပြီး ဒုက္ခတွေရောက်ကြရတယ်။ အခုလို SEZ ဖြစ်လာပြီဆိုရင် ကိုယ်ဒေသမှာ အလုပ်အကိုင် တွေရှိပြီ ကိုယ့်အစိုးရနဲ့ ကိုယ့်ခေါင်းဆောင်တွေနဲ့ ကိုယ့်ခေါင်းချင်းဆိုင်၊ ရင်ချင်း ဆိုင်ကျော်လွှားရမှာဖြစ်တဲ့အတွက် ဒီစိုးရိမ်မှုတွေကို ဖြေဖျောက်နိုင်မယ်လို့ယုံကြည်တယ်။ ဒီစီမံကိန်းတွေဖြစ်လာရင် ရခိုင်တွေလည်း ပြည်ပကို ထွက်ပြီး အလုပ် လုပ်စရာမလိုတော့ဘူး ”ဟု နိရဉ္စရာသတင်းဌာနကို ပြောသည်။

ကျောက်ဖြူအထူးစီးပွားရေးဇုန်အောင်မြင်ပါက ရခိုင်ပြည်နယ်သည် ၁၀ စုနှစ် တစ်ခုအတွင်း မမျှော်မှန်း နိုင်လောက်အောင်ထိ တိုးတက်အောင်မြင်လာနိုင်သည်ဟုလည်း ၎င်းက ဆက်ပြောခဲ့သည်။

၎င်းအမုန်းတရားဇုန်တွင် ပြုလုပ်သည့် လူထု စည်းဝေးပွဲသို့ လူပေါင်း ၂၀၀ ကျော်တက်ရောက်ခဲ့ကြပြီး ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် ပတ်သက်ပြီး အကျိုးနှင့် အပြစ်များကို ဝေဖန်ထောက်ပြ ပြောဆိုခဲ့ကြပြီး ဒေသအတွက် အကျိုးရှိလျှင် ထောက်ခံသွားကြမည်ဟု ဆိုသည်။

၎င်းအခမ်းအနားသို့ တက်ရောက်ခဲ့သည့် ကျောက်ဖြူမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဖိုးစံ က “ SEZ လုပ်မည်ဆိုတော့ ကျနော်တို့ ရခိုင် ပြည်နယ်က လူတွေ အလုပ်အကိုင် အခွင့်အလန်းရမယ်။ ပြည်နယ်လည်း ဖွံ့ဖြိုးတိုးတက်မယ်ဆိုရင်တော့ ကြိုဆိုပါတယ်။ အဲလိုမဟုတ်ဘဲ မြေ၊ ယာသိမ်းပြီး စက်ရုံတွေတည်ဆောက်ပြီးရင် ဒေသခံတွေကလည်း အလုပ်အကိုင် မရဘူး။ ပိုင်ဆိုင်တဲ့ လယ်မြေတွေလည်းဆုံး ဆိုရင်တော့ ဒီလို စီမံကိန်း အလိုမရှိဘူး။ တာဝန်ယူမှု တာဝန်ခံမှုရှိရမယ်။ ကျနော်တို့ အနေနဲ့ ဒေခံတွေနဲ့ ရှေ့ဆက်တိုင်ပင်ပြီး ဆောင်ရွက် သွားရပါမယ်”ဟု နိရဉ္စရာသတင်းဌာနကိုပြောသည်။

၎င်းအပြင် ကျောက်ဖြူတွင် တည်ဆောက်မည့် စီမံကိန်းများနှင့် ပတ်သက်ပြီး အစိုးရတွင်တာဝန်ရှိပြီး ဒေသခံများကို ပွင့်လင်းမြင်သာစွာ စီမံကိန်းများကို ချပြပေးသင့်သည်ဟု ဦးဖိုးစံက ပြောဆိုသည်။

ကျောက်ဖြူမြို့နယ် မဒေးကျွန်း ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းကြောင့် ရေလုပ်ငန်းဖြင့် အသက်မွေး ဝမ်းကျောင်း ပြုနေသည့် ရေလုပ်သားများမှာ အခက်အခဲဖြစ်နေကြရပြီး ငါးဖမ်းခွင့် အပါအဝင် အလုပ်အကိုင် ရရှိခြင်းနှင့် တစ်ခြား ခံစားခွင့်များလည်း ဆုံးရှုံးနေကြရသည်ဟု ဆိုသည်။ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ်မီး၊ လမ်း၊ ကျောင်း၊ တံတား၊ တယ်လီဖုန်း လိုင်းများကို ကောင်းအောင် လုပ်ပေးမည်ဟု ဂတိပြုထားသော်လည်း လက်တွေ့တွင် ဟန်ပြသာလုပ်ပေးပြီး ယခုထက်တိုင် ထိထိရောက်ရောက် အကောင်အထည်ဆောင်ရွက်ပေးခြင်း မရှိသေးသဖြင့် ဒေသခံများအနေဖြင့် နိုင်ငံခြား စီမံကိန်းများ အပေါ် စိုးရိမ် နေရကြသည်ဟု ၎င်းက ဆက်ပြောခဲ့သည်။

တည်ဆောက်မည့် SEZ အထူး စီးပွားရေးစီမံကိန်း၏ အဓိကအချက်အရှာကျသည့် သစ်ပုတ်တောင်လမ်းဆုံတွင် နေထိုင်သည့် ဒေသခံ လယ်သမားတစ်ဦးဖြစ်သူ ဦးစောမောင်နုက “ ဒီနေရာမှာ SEZ ချမယ်ဆိုတော့ ကျနော်တို့ သဘောတူတယ်။ ထောက်ခံတယ်။ ဒါပေမဲ့ ကျနော်တို့ရဲ့ မြေရာတွေကို တန်ရာတန်ကြေးပေးဖို့လိုပါတယ်။ အခု ဒီမှာတွေ့နေရတာက လယ်သမားတွေရဲ့ သားသမီးလည်း အလုပ်ကိုင်ရဖို့ သူတို့ အနားကိုတောင် မကပ်ရဘူး။ ကျနော်တို့ ဒီဒေသက သားသမီးတွေကို အလုပ်အကိုင် သွင်းပေးဖို့လိုတယ်။ အဲလိုသာ မဟုတ်ရင် ကျနော်တို့မှာ လယ်မြေတွေလည်းဆုံး၊ သားသမီးတွေလည်း အလုပ်မရှိ။ ဒီစီမံကိန်းကြောင့် အခက်အခဲအများကြီး ဖြစ်သွားနိုင်တယ်” ဟု နိရဉ္စရာသတင်းဌာနကိုပြောသည်။

ယခုလက်ရှိတွင် ဒေသခံလူငယ်အများစုသည် ကိုယ့်ဒေသတွင် အလုပ်အကိုင်ရှားပါးသည့်အတွက် ထိုင်း၊ မလေးရှား၊ တရုတ်စသည့် နိုင်ငံခြားများသို့ ထွက်ခွာပြီး အလုပ်လုပ်နေကြရသည်ရဟု သူက ဆက်ပြောခဲ့သည်။

SEZ နှင့်ပတ်သက်၍ ဇန်နဝါရီလ ၁၆ ရက်နေ့က အရပ်ဖက်အဖွဲ့အစည်း ၁၈ ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် ကျောက်ဖြူ အထူးစီးပွားရေဇုန် လေ့လာစောင့်ရေးအဖွဲ့က မဟာဗျူဟာမြောက် သဘာဝပတ်ဝန်းကျင် လေ့လာဆန်းစစ်မှုကို လုပ်ဆောင်ပေးရန်နှင့် တောင်းဆိုထားပြီး အဆိုပါ တောင်းဆိုချက်များအား မလုပ်ဆောင်နိုင်သေးမီ ကာလတွင် သဘောတူ လက်မှတ်ရေးထိုးမည်ဆိုပါက ဒေသတွင်း ပဋိပက္ခကိုသာ ဦးတည်စေမည့်ဖြစ်သည့်အတွက် ရပ်တန့် ပေးရန် တောင်းဆိုခဲ့သည်။

သို့သော် ယခုနှစ် ဇန်ဝါရီလ ၁၈ ရက်နေ့တွင် တရုတ်ပြည်သူ့သမ္မတ မစ္စတာ ရှီကျင့်ဖျန်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံ၍ ကျောက်ဖြူ အထူးစီးပွားရေးဇုန် (SEZ) နှင့် ရေနက်ဆိပ်ကမ်း တည်ဆောက်ရေး အတွက် သဘောတူ စာချုပ်ချုပ်ဆိုခဲ့သည်။

ကျောက်ဖြူအထူးစီးပွားရေးဇုန် SEZ တွင် ရေနက်ဆိပ်ကမ်း၊ စက်မှုဇုန်၊ ဆက်သွယ်ရေးလမ်းများအပြင် တခြားစီမံကိန်းများလည်း ပါဝင်ကြောင်းသိရသည်။

January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...
January 13, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပြင်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်၏ ရှေ့တန်းစစ်မျက်နှာ‌...
ဗုံးကြဲခံခဲ့ရသည့်မြောက်ဦးပြည်သူ့ဆေးရုံအတွက် ဂျပန်နိုင်ငံတွင် အလှူငွေကောက်ခံနေ
January 12, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့တွင် ဗုံးကြဲခံလိုက်ရသည့်ပြည်သူ့ဆေးရုံအားထောက်ပံ့နိုင်ရန်...
January 9, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် ယနေ့ အာရက္ခတပ်တော်(AA)၏ ခြုံခိုတိုက်ခိုက်မှုကြောင့် အင်အား ၁၀၀...