ဦးဝှေ့တင်းအား ပြန်လွတ်ပေးလိုက်ခြင်းက နှစ်ဘက်တင်းမာမှုလျော့ကျနိုင်ပြီး ပြန်လည်သင့်မြတ်ရေးလမ်းစ ပိုပြီးပွင့်လာနိုင်ဟုဆို

ဦးဝှေ့တင်းအား ပြန်လွတ်ပေးလိုက်ခြင်းက နှစ်ဘက်တင်းမာမှုလျော့ကျနိုင်ပြီး ပြန်လည်သင့်မြတ်ရေးလမ်းစ ပိုပြီးပွင့်လာနိုင်ဟုဆို
ဓာတ်ပုံ - ခူမီးမီဒီယာ
ဓာတ်ပုံ - ခူမီးမီဒီယာ

သန့်မြတ်ခိုင် — အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းအား ရက္ခိုင့်တပ်တော်(AA)က ပြန်လည် လွတ်ပေးလိုက်သဖြင့်  နှစ်ဘက်တင်းမာမှုလျော့ကျနိုင်ပြီး ပြန်လည်သင့်မြတ်ရေးအတွက် လမ်းစပိုပြီး ပွင့်လာနိုင်သည်ဟု မြန်မာနိုင်ငံရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက ပြောဆိုသည်။

“တစ်ချက်အနေနဲ့ကတော့ ဦးဝှေ့တင်းက လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်လည်း ဖြစ်နေတဲ့အခါကျတော့ အစိုးရနဲ့ တင်းမာမှုကို လျော့ချနိုင်မယ်လို့ ထင်ပါတယ်။ ဒုတိယအချက် ဦးဝှေ့တင်းက ခူမီးအမျိုးသား တစ်ယောက် ဖြစ်နေတဲ့အခါကျတော့ ရခိုင်နဲ့ ခူမီးကြားမှာ ကွာဟနေမှုကို လျော့ကျနိုင်လိမ့်မယ်လို့ ထင်ပါတယ်” ဟု ပြောသည်။

ချင်းပြည်နယ် အမှတ်(၁၁)မဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းအား ရက္ခိုင့်တပ်တော်(AA)က ၂ လနှင့် ၁၇ ရက်ကြာ ဖမ်းဆီးထားပြီးနောက် အမျိုးသားပြန်လည် သင့်မြတ်ရေးကို လိုလားသောကြောင့် ပြန်လည် လွတ်ပေးခြင်းဖြစ်သည်ဟု အေအေပြောခွင့်ရသူ ခိုင်သုခက နိရဥ္စရာသို့ပြောသည်။

“ဒီနေ့ နေ့လယ် ၂ နာရီ ၅၀ မိနစ်မှာ လွတ်ပေးလိုက်ပြီးဗျ။ ပလက်ဝနဲ့ အနီးဆုံး နေရာတစ်ခုက လွတ်ပေးလိုက်တာ။ ဆိုတော့ အဓိက သူ့ကိုလွတ်ပေးရတဲ့ အကြောင်းအရင်းကတော့ ကျနော်တို့ ရခိုင်နဲ့ ရခိုင်မျိုးနွယ်စုဝင် ခူမီးလူမျိုး အကြားမှာ စည်းလုံးညီညွတ်မှုကို ပိုပြီးတော့ ခိုင်မာစေချင်တာရယ်။ နောက်ပြီးတော့ ရခိုင်နဲ့ ခူမီးလူမျိုးတွေကြားမှာ အပြန်အလှန်နားလည်မှုနဲ့ ယုံကြည်မှုကတစ်ဆင့် လူမှုဆက်ဆံရေးတွေကို ပြန်ပြီးတော့ တည်ဆောက်ချင်တာရယ်။ နောက်ပြီတော့ရှေ့ဆက်ခရီးမှာ ညီအစ်ကိုအချင်းချင်းကြားမှာ ညီညွတ်သင့်မြတ်မှုကို ပိုမိုပြီးတော့ ခိုင်မာစေချင်တဲ့ အတွက်ကြောင်း ဦးဝှေ့တင်းကို ပြန်လွတ်ပေးလိုက်တာပါ” ဟု ခိုင်သုခက ပြောသည်။

အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့တင်းသည် ၂၀၁၉ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့ ဒုတိယ အကြိမ် ပြည်ထောင်စု လွှတ်တော် (၁၄ ) ကြိမ်မြောက်ပုံမှန် အစည်းအဝေးသို့ တက်ရောက်ရန်  ပလက်ဝမှ စစ်တွေသို့ စပိဘုတ် နှစ်စီးဖြင့် သွားရာတွင် ကုလားမြစ်အတွင်း ရက္ခိုင့်တပ်တော်(AA)  က ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

သူအတူ ဖမ်းဆီးခံခဲ့ရသည့် လူ ၉ ဦးထဲတွင် အိန္ဒိယ နိုင်ငံသား ၅ ဦးပါဝင်ပြီး ၎င်းတို့အထဲမှ တစ်ဦး အမောဖောက် သေဆုံးခဲ့သည်။ နောက်တစ်နေ့ နိုဝင်ဘာ ၄ ရက်နေ့တွင် သေဆုံးသူ အလောင်းနှင့် ကျန်လူများကို လွှတ်ပေးခဲ့ပြီး ဦးဝှေ့တင်းကို ဆက်လက် ထိန်းသိမ်းထားခဲ့သည်။

ဦးဝှေ့တင်းအား ယနေ့ ညနေ ၃ နာရီကျော်က ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်အစပ် ပလက်ဝမြို့နယ် ပွေအုပ်ကျေးရွာမှ မိသားစုမှ လက်ခံပြီး  စက်လှေဖြင့် ယူဆောင်လာရာ ယနေ့ ညနေ ၅ နာရီခန့်က ပလက်ဝမြို့ကို ပြန်လည် ရောက်လာပြီဟု ချင်းပြည်နယ် အစိုးရအဖွဲ့ ပြောခွင့်ရသူ စည်ပင်၊ လျှပ်စစ်နှင့် စက်မှုလက်မှု ဝန်ကြီး ဦးစိုးထက်က ပြောသည်။

January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...
January 13, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပြင်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်၏ ရှေ့တန်းစစ်မျက်နှာ‌...
ဗုံးကြဲခံခဲ့ရသည့်မြောက်ဦးပြည်သူ့ဆေးရုံအတွက် ဂျပန်နိုင်ငံတွင် အလှူငွေကောက်ခံနေ
January 12, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့တွင် ဗုံးကြဲခံလိုက်ရသည့်ပြည်သူ့ဆေးရုံအားထောက်ပံ့နိုင်ရန်...
January 9, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် ယနေ့ အာရက္ခတပ်တော်(AA)၏ ခြုံခိုတိုက်ခိုက်မှုကြောင့် အင်အား ၁၀၀...