ကွတ်ခိုင်မြို့နယ်တွင် အမျိုးသားတစ်ဦး သေနတ်ပစ်ခံရ

ကွတ်ခိုင်မြို့နယ်တွင် အမျိုးသားတစ်ဦး သေနတ်ပစ်ခံရ
Photo by ဒေသခံတစ်ဦး
Photo by ဒေသခံတစ်ဦး

သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် မော်ဟန်ကျေးရွာအုပ်စုတွင် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်အသတ်ခံရကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီ ၉ ရက် ည ၇နာရီ ဝန်းကျင်တွင် တာမိုးညဲဘက်မှ ဆိုင်ကယ်ဖြင့် ပြန်လာသည့် အမျိုးသား နှစ်ဦးကို တအာင်း(ပလောင် )အမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) တပ်သားက သေနတ်ပစ်လိုက်သဖြင့် အသက် ၃၀ အရွယ် ဒေါင်ဝ်ခေါင် ကျည် ထိမှန်ပြီး သေဆုံးခဲ့ကြောင်း သိရသည်။

“ TNLA တပ်က မူးယစ်ဆေး စစ်ဖို့ တားတဲ့အချိန် ကျနော့်တူတွေက ဆိုင်ကယ်မရပ်ဘဲ ဆက်မောင်းတယ်။ အဲ့မှာ TNLA တပ်သားတွေက သေနတ်နဲ့ ပစ်လိုက်တယ်လို့ ပြောတယ်။ ကျနော့်တူက မူးယစ်ဆေးလည်း မသုံးဘူး” ဟု သေဆုံးသွားသည့် ဒေါင်ဝ်ခေါင်၏ ဦးလေး ဖြစ်သူ ဒေါင်ဇေ က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

သေနတ်ပစ်ခံရပြီး သေဆုံးသွားသည့် ဒေါင်ဝ်ခေါင် အတွက် TNLA တပ်ဖွဲ့ မှ ငွေ ၁၀သိန်း နှင့် ဆန် ၁၀အိတ် လာရောက် ပေးကြောင်းလည်း ဦးဒေါင်ဇက ပြောသည်။

“ TNLA ကတော့ သူတို့သေနတ်နဲ့ ပစ်လိုက်တယ်ဆိုတာ ဝန်ခံပါတယ်။ မှားပစ်တယ်လို့ ပြောပါတယ်” ဟု ဦးဒေါင်ဇက ထပ်လောင်းပြောသည်။

ထို့ပြင် သေဆုံးသူ ဒေါင်ဝ်ခေါင်သည် ကလေး ၂ယောက်၏ ဖခင်ဖြစ်ပြီး မိသားစုကို ရှာဖွေ ကျွေးမွေးနေသူ ဖြစ်ကြောင်း သိရသည်။

ဆက်လက်ပြီး မော်ဟန်ကျေးရွာ အုပ်ချုပ်ရေးမှူး ခေါယိန်း က “ သေနတ်ပစ်ခံရပြီး သေသွားတယ်။သူတို့ တာမိုးညဲဈေးကနေ ပြန်လာတာ။ မူးယစ်ဆေးဝါး စစ်တဲ့သူတွေက တား တာ ကို သူတို့က မရပ်ပေးလို့ TNLA တပ်သားက သူတို့ ကိုပစ်လိုက်တယ်” ဟု သျှမ်းသံတော်ဆင့် သို့ပြောသည်။

TNLA တပ်သားများက မူးယစ်ဆေးဝါး စစ်ဆေးနေစဉ် ဆိုင်ကယ်မရပ်တဲ့ အတွက် ခြိမ်းခြောက်သည့်သဘောဖြင့် ပစ်လိုက်ရာ လူထိမှန်မှု ဖြစ်သွားသည် ဟု မော်ဟန်ကျေးရွာအုပ်စု တွင်နေထိုင်သူများ ပြောပြချက်အရသိရသည်။

“ တမင်ရည်ရွယ်ပြီး ပစ်တာမဟုတ်ဘူး။ ခြိမ်းခြောက်ရင်းနဲ့ မှန်သွားတယ်လို့ပြောတယ်။ မူးယစ်ဆေးဝါး သုံးစွဲတာကို ကျနော်တို့မလိုလားပါဘူး။ ဒါပေမယ့် အဲ့လောက်ထိတော့ မလုပ်သင့်ဘူး” ဟု ခေါယိန်း က ဆိုသည်။

TNLA အနေဖြင့် မူးယစ်ဆေးဝါးကို စစ်ဆေးမည့်ကိစ္စ သက်ဆိုင်ရာ ကျေးရွာ အုပ်ချုပ်ရေးမှူး များကို အကြောင်းကြားခြင်းမရှိကြောင်း၊ နောက်နောင် ထိုကဲ့သို့မဖြစ်စေရန် လည်း တိုင်းရင်းသားလက်နက်ကိုင်များကို ပြောချင်သည် ဟု ခေါယိန်း က ထပ်လောင်းပြောသည်။

TNLA တပ်သားများ ထိုကဲ့သို့ သေနတ်ပစ်ဖြေရှင်းသည့်အပေါ် ဒေသခံများက ရှုပ်ချလိုက်သည်။

ကွတ်ခိုင်မြို့နယ် အတွင်းနေထိုင်သည့် ဒေသခံများအနေဖြင့် လက်နက်ကိုင်ဆောင်သည့် အဖွဲ့အစည်းတိုင်းကို ကြောက်နေရကြောင်း ဒေသခံများ က ပြောသည်။

“ ကျနော်အနေနဲ့တော့ နောက်နောင် ဒီလို မဖြစ်စေချင်ဘူး။ အခုတော့ ရွာသားတွေက ကြောက်နေရတယ်” ဟု ဒေါဝ်ခေါင်၏ ဦးလေးဖြစ်သူ က တောင်းဆိုလိုက် ပြောသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး သျှမ်းသံတော်ဆင့် မှ TNLA ၏ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး တားအိုက်ကျော် ကိုင်ဆောင်သည့် ဖုန်းကို ဆက်သွယ်သော်လည်း ဖုန်းစက်ပိတ်ထားသည်။

May 22, 2026
သျှမ်းတော်လှန်ရေး “၆၈”နှစ်အထိ ခရီးရှည်ရခြင်းနှင့် ပတ်သက်ပြီး အားနည်းချက်များကို...
တောင်ကြီး ညစျေးတန်းမဖျက်ခင်ကပုံ
May 21, 2026
စိုင်းဆိုင်လျန် — သျှမ်းပြည်၊ တောင်ကြီးမြို့၏ အထင်ကရနေရာတစ်ခုဖြစ်သည့် Shopping Center Ocean...
May 20, 2026
တရုတ်နိုင်ငံ ကူမင်းမြို့တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်...
May 19, 2026
စိုင်းဆိုင်အိုက် - သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းလိမ်လည်မှု ( ကျားဖြန့်)...