ကရင့်အမျိုးသား အစည်းအရုံး (KNU) က တစ်နိုင်ငံလုံး ဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA ပါ တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များ ဆက်လက်ဆွေးနွေးဖြေရှင်းရန် သဘောတူညီချက် ရရှိရန်နှင့် အောက်ခြေတပ်ပိုင်း တင်းမာမှုများ ဖြေရှင်းရန် တပ်မတော်နှင့် ဆွေးနွေးသွားမည်ဟု ပြောသည်။
ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် KNU နှင့် တပ်မတော် ညှိနှိုင်း ဆွေးနွေးရေး အဖွဲ့တို့ နေပြည်တော်တိုင်းစစ်ဌာနချုပ် ရိပ်သာတွင် တွေ့ဆုံဆွေးနွေးကြမည်ဖြစ်ကြောင်း KNU အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမူး က ပြောသည်။
“အဓိကက တပ်ပိုင်းဆိုင်ရာ ကိစ္စပါပဲ ဘာကြောင့်လဲဆိုတော့ NCA ရဲ့ အဓိက အရေးကြီးတဲ့ ပစ်ခတ်ရပ်စဲရေး အပိုင်းမှာ ကျနော်တို့ ရှေ့ဆက်ပြီးတော့ ဆွေးနွေးရေး လုပ်ငန်း အနေနဲ့ ဆက်ဆွေးနွေးရဖို့ လိုအပ်တယ်ဆိုတဲ့ သဘောတူညီမှု ရယူဖို့ဖြစ်ပါတယ်။”
ထို့အပြင် နှစ်ဖက် တင်းမာမှု ဖြစ်ပေါ်နေသည့် တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များကိုလည်း ဆွေးနွေးသွားမည်ဟု ပဒိုစောတာဒိုမူး က ဆက်ပြောသည်။
“ဒီလမ်းဖောက်တဲ့ ကိစ္စက ကျနော်တို့ဖက်ကတော့ ဒါရိက္ခာပေးပို့လောက်ပဲဆိုရင်တော့ ပြဿနာ မရှိဘူး ရိက္ခာ ပို့ဖို့ထက် ပိုပြီး ကျော်လွန်ပြီး တော့ ဖောက်လုပ်တဲ့ ပုံစံမျိုး ကြားထဲမှာ ရှိနေတဲ့အခါကျတော့ ဒီလို ကိစ္စ မျိုးတွေ က ဒီ NCA အပေါ်မှာရှိတဲ့ ပေးထားတဲ့အချက်တွေအပေါ်မှာ နားလည်မှု မတူတဲ့ အခြေခံနဲ့ ဖြစ်နေလို့ ကျနော် တို့ ဖက်ကလည်း အဲလိုမျိုး ဇွတ်လုပ်တဲ့ ပုံစံမျိုးတွေ ဖြစ်နေတယ်ပေါ့နော ဒါကြောင့် ကျနော်တို့ ဒါကို ဆွေးနွေးဖို့ လိုအပ်တယ် ပေါ့ နော။ NCA ကပဲ အခြေခံရမှာ ဖြစ်တဲ့အတွက်ကြောင့် NCA ကို ကျနော်တို့ အဲဒီအထဲက အ ခန်း ၃ ထဲက ပေးထားချက်တွေကို ဆွေးနွေးမှာဖြစ်ပါတယ်။”
မနက်ဖြန်တွင် ပြုလုပ်မည့် KNU နှင့် တပ်မတော်တို့ တွေ့ဆုံဆွေးနွေးပွဲတွင် KNU မှ ဒု-ဥက္ကဋ္ဌ ပဒိုစောကွယ်ထူး ဝင်း၊ အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမူးတို့နှင့် အတူ အဖွဲ့ဝင် ၁၂ ဦးသွားရောက်မှာဖြစ်ပြီး တပ်မတော် ညှိနှိုင်း ဆွေးနွေးရေး အဖွဲ့က ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်မည်ဖြစ်သည်ဟု သိရသည်။
ထိုဆွေးနွေးပွဲတွင် NCA စာချုပ် အခန်း ၃ တွင် ပါဝင်သော တပ်နေရာ ပြန်လည်ချထားရေး၊ ထိန်းချုပ် နယ်မြေသတ်မှတ်ရေး၊ အပစ်ရပ် နယ်မြေသတ်မှတ်ရေး၊ အရပ်သား ကာကွယ်ရေး ဆိုင်ရာ ကိစ္စရပ်များ နှင့် ဆက်သွယ်သည့် နည်းလမ်းသတ်မှတ်ရေး အစရှိသည့် တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များကို အဓိက ဆွေးနွေးမည်ဟု KNU က ပြောသည်။
အပစ်ရပ် သဘောတူညီချက်များနောက်ပိုင်း အချို့ ဒေသတွင် တပ်မတော်မှ တပ်အင်အား တိုးချဲ့ခြင်းများကို တွေ့ကြုံနေရပြီး အောက်ခြေတွင် တင်းမာမှုအချို့ ရင်ဆိုင်နေရကာ၊ အထူးသဖြင့် တပ်မဟာ ၃ ဒေသ တပ်မ ဟာ ၅ ဒေသတို့အတွင်း ကား လမ်း တိုးချဲ့ဖောက်လုပ်ခြင်းတို့သည် NCA ပါ အချက်များနှင့် ကွဲလွဲ လျှက်ရှိပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အပေါ် တွင် စိန်ခေါ်ချက်ကြီးတရပ်အသွင် ရင်ဆိုင်ကြုံ တွေ့နေ ရပါသည်ဟု KNU ၏ ဒီဇင်ဘာလ ၉ ရက်နေ့(ယနေ့) ထုတ်ပြန် ချက်ထဲတွင် ဖော်ပြထားသည်။
ပဒိုစောတာဒိုမူးက “အခုကတော့ သူတို့ လမ်းဖောက်ဖို့ကိစ္စ အပြင် တပ်အင်အားတိုးချဲ့တာ ဖြစ်လာ တာပေါ့နော်။ ကျနော်တို့ဖက်ကလည်း စိုးရိမ်ပါတယ်။ ဖြစ်လာပြီးတော့ အောက်ခြေမှာ နည်းနည်း တင်းတင်း မာမာလေးတွေ တစ်ချို့ နေရာ ဖြစ်လာတဲ့မျိုးတွေ ဖြစ်တဲ့အခါကျတော့ ဒါတွေကို ကျနော်တို့ ထိန်းထိန်းသိမ်း သိမ်းလေးနဲ့ ဖြစ်အောင် နောက်ဒီဟာတွေရဲ့ အခြေခံက NCA မှာ ကျနော်တို့ အဓိပ္ပာယ်တူညီတဲ့ ပုံစံနဲ့ ဆွေး နွေးနိုင်တဲ့ ပုံစံမျိုး မရခဲ့သေးဘူးနော်။ အဲလိုမျိုး တစ်ဖက်ကလုပ်တဲ့ ပုံစံမျိုးတွေ ဖြစ်တဲ့အတွက်ကြောင့် ဒါတွေကို ဆွေးနွေးရမှာ ဖြစ်ပါတယ်” ဟုပြောသည်။
ကာလ အတန်ကြာရပ်ဆိုင်းနေသည့် NCA အကောင်အထည်ဖော်မှုဆိုင်ရာ ညှိုနှိုင်း အစည်းအဝေး JICM ကျင်းပနိုင်ရေးမှာ ဤ အစည်းအဝေးကို အောင်မြင်စွာ ကျင်းပနိုင်မှု သည် အရေးပါသော အဆင့်တစ် ဆင့်ဖြစ် သည်ဟု KNU ၏ ထုတ်ပြန်ချက်ထဲတွင် ထည့်သွင်းထားသည်။
KNU အနေဖြင့် လက်မှတ်ရေးထိုးပြီးသည်မှ စ၍ NCA တွင် ရေးသားထားသည့် ဖော်ပြချက်များကို နားလည်မှု တစ်ခုတည်း ဖြစ်စေရန် အစိုးရ၊ တပ်မတော်နှင့် ထပ်မံတွေ့ဆုံဆွေးနွေးမှုများ မပြုလုပ်နိုင်သည့်အတွက် NCA အကောင်အထည်ဖော်သည့် နေရာတွင် သော်လည်းကောင်း၊ အပစ်အခတ် ရပ်စဲရေး ခိုင်မာမှုဆိုင်ရာ အပိုင်း တွင် အောက်ခြေတပ်များအချင်း ချင်း ယုံကြည်မှု တည်ဆောက်ရာတွင် များစွာ ထိခိုက်မှုရှိခဲ့သည်ဟု ပဒိုစော တာဒိုမူး က ပြောသည်။
“ကျနော်တို့ အများကြီး မျှော်လင့်ပါတယ်။ အဓိက ကျနော်တို့ ပြဿနာက ဆွေးနွေးရေး လုပ်ငန်းစဉ် မရှိ တာ ပြဿနာလေ အဲဒီတော့ ဆွေးနွေးရေး လုပ်ငန်းစဉ်တွေ ဖြစ်ပေါ်လာအောင် ကျနော်တို့ ကြိုးစားနေတာဖြစ် ပါတယ်။ အဲတော့ ဒီဆွေးနွေးရေး လုပ်ငန်းစဉ် မရှိပဲနဲ့ ကျနော်တို့ ဘယ်လိုမှ ရှေ့ဆက်သွားဖို့ ဆိုတာက ဒီလိုပဲ လိပ်ခဲတည်းလဲ တွေ ဖြစ်နေတာပေါ့နော နောက်ဆုံးကျနော်တို့ ဘယ်လိုမှ ခရီး မရောက်တဲ့အတွက် အဲဒါ ကြောင့် ကျနော်တို့က ရှင်းရှင်းလင်းလင်းနဲ့ တစ်ဆင့်ချင်း တစ်ဆင့်ချင်းသွားနေတာ ဖြစ်ပါတယ်။”
ကရင်အမျိုးသား အစည်းအရုံး KNU သည် အခြားတိုင်းရင်းသား လက်နက်ကိုင် ၉ ဖွဲ့ဖြစ်သည့် ချင်းအမျိုး သားတပ်ဦး CNF ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်း သားများ ဒီမိုကရက်တစ်တပ်ဦး ABSDF ၊ ကရင်ငြိမ်းချမ်း ရေးကောင်စီ KNLA/PC ၊ ပအို့ဝ်အမျိုး သား လွတ် မြောက်ရေးအဖွဲ့ချူပ် PNLO၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS ၊ ကရင်အမျိုးသား ဒီမိုကရေစီအကျိုးပြုတပ်မတော် DKBA ၊ မွန်ပြည်သစ်ပါတီ NMSP နှင့် လားဟူ ဒီမိုကရက်တစ်အစည်းအရုံး LDU တို့နှင့်အတူ NCA စာချုပ်ကို လက်မှတ်ရေးထိုးထားသည့် အဖွဲ့ဖြစ်သည်။







