ကုလသမဂ္ဂ နိုင်ငံတကာ တရားရုံး ICJ တွင် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအား တရားစွဲထားသည်အပေါ် အပြည့်အဝထောက်ခံကြောင်း နိုင်ငံတကာရောက် မွန်အမျိုးသား ပူးပေါင်းဆောင်ရွက်ရေး ကော်မတီက ပြောသည်။
ရိုဟင်ဂျာလူမျိုးများကို လူမျိုးတုန်းသတ်ဖြတ်မှုဖြင့် မြန်မာနိုင်ငံအား အရေးယူပေးရန် နယ်သာလန်နိုင်ငံရှိ သဟိတ်မြို့ အခြေစိုက် ကုလသမဂ္ဂ နိုင်ငံတကာ တရားရုံး ICJ တွင် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအား တရားစွဲ ဆိုခဲ့ခြင်းကို ထောက်ခံသည်ဟု နိုင်ငံတကာရောက် မွန်အမျိုးသား ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ ဥက္ကဋ္ဌ နိုင်သီရိမွန်ချမ်း ပြောသည်။
“ကျနော်တို့ မွန်ပြည်နယ်ဖက်မှာလည်း ဒီအတိုင်းပဲ ရခိုင်အခြေအနေမရောက်တောင်မှ ဒီလိုမျိုး ဖြစ်ခဲ့ဘူးတယ် လေ နောက် ပြီးတော့ တိုင်းရင်းသား ဒေသတွေမှာလည်း ဒီအတိုင်းပဲ ကရင်တို့ ကချင်တို့ နောက်ပြီးတော့ ရှမ်းတို့ တိုင်းရင်းသားတွေက အနှစ် ၇၀ လောက် လိုက်ပြီးတော့ အတွေ့အကြုံမျိုး ဒီလိုဒုက္ခမျိုး ရှိခဲ့ဘူးတယ်ဆိုတော့ ကိုယ်ချင်း စာတဲ့ သဘောမျိုးပေါ့နော ဒါလည်းတကယ့် အဖြစ်အပျက်တွေပဲဆိုတော့ ဒါကြောင့် ကျနော်တို့ အိုဗာစီး မွန်အသိုင်းအဝိုင်း (Community) က အဲဒီအချက်ပေါ်မှာ ထောက်ခံတဲ့သဘောပေါ့”
ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာမူဆလင်များအား စစ်တပ်မှ လူ့အခွင့်အရေးချိုးဖောက်မှုမျိုးကို မွန်၊ ကရင်၊ ကချင်၊ ရှမ်း အစရှိသည့် တိုင်းရင်းသားဒေသများတွင် နှစ်ပေါင်းများစွာ ခံခဲ့ရဖူးသည့်အတွက် ကိုယ်ချင်းစားနာသော စိတ်ဖြင့် ဂမ်ဘီယာနိုင်ငံ၏ မြန်မာနိုင်ငံအပေါ် ICJ တွင် တရားစွဲဆိုမှုကို ထောက်ခံရခြင်းဖြစ်သည်ဟု ဆိုသည်။
နိုဝင်ဘာလ ၁၀ ရက်နေ့တွင် ဂမ်ဘီယာနိုင်ငံက အစ္စလာမ္မစ်နိုင်ငံ များအဖွဲ့ OIC ကိုယ်စား မြန်မာနိုင် ငံကို တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
ဂမ်ဘီယာ နိုင်ငံ၏ တရားစွဲဆိုမှုကို ထောက်ခံရသည့် အကြောင်းကို နိုင်သီရိမွန်ချမ်းက ယခုလို ပြောသည်။
“ICJ က ဒီလိုဖြစ် အောင် လုပ်ထားတဲ့ လူပေါ့နော အဓိက တရားခံပဲဖြစ်ဖြစ် ဥပမာ အထူးသဖြင့် တပ်ဖက်မှာ တာဝန်ရှိတဲ့လူပေါ့ အဲဒီအပေါ်မှာ သူတို့ အရေးယူတာပါ။ ဒါပေမယ့် သူတို့ရဲ့ လုပ်ထုံးလုပ်နည်းအရ နိုင်ငံတစ် နိုင်ငံက နိုင်ငံကို တရားစွဲတယ်ဆိုတော့ အားလုံး ကျနော်တို့ မြန်မာပြည်မှာရှိတဲ့ တိုင်းရင်းသားတွေ အားလုံး ပြည်သူတွေ အားလုံး တရားစွဲတယ်လို တစ်ချို့တွေက ပြောကြတယ် အဲဒီသဘောမျိုးတော့ မဟုတ်ပါဘူး။ သူတို့ တရားစွဲတာက နိုင်ငံကို တရားစွဲတယ် ဆိုပေမယ့် ဒီကျူးလွန်ခဲ့တဲ့ လူအပေါ်မှာပဲ အလေးအထားပြီးတော့ သူတို့ တရားစွဲထား တာပါ ဒါကြောင့် ကျနော်တို့ ထောက်ခံတယ်လေ”
ယခုကဲ့သို့ နိုင်ငံတကာမှ မြန်မာနိုင်ငံအား တရားစွဲဆို အရေးယူမှု ရှိလာသည့်အတွက် နိုင်ငံအတွင်း တစ်စုံ တစ်ရာ ပြောင်းလဲမှုကို ဖြစ်ပေါ်လာ နိုင်သည်ဟု နိုင်ငံတကာရောက် မွန်အမျိုးသား ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ ဥက္ကဋ္ဌ ဆက်ပြောသည်။
“ကျနော်တို့ အမြင်ကတော့ ပြောင်းလဲမှု တစ်ခုခုတော့ ရှိမှာပဲ ကျနော်တို့ နိုင်ငံရဲ့ စစ်တပ်ရဲ့ အာဏာယူထားမှု တို့ လက်ရှိ ဒီမိုကရေစီအစိုးရရဲ့ လှုပ်ရှားမှုတွေပေါ့နော ကျနော်တို့ နိုင်ငံတကာ ဖိအားပေးမှု အရေးယူမှု မရှိပဲနဲ့ မြန်ဆန်တဲ့ အပြောင်းအလဲ မဖြစ်နိုင်ဘူး ဒီလိုမျိုး နိုင်ငံတကာကနေ အထူးသဖြင့် ICJ လိုမျိုးပေါ့ ကုလသမဂ္ဂ အဖွဲ့အစည်းကနေ အရေးယူမှု ရှိမှသာ ဒီကအပြောင်းအလဲ ရှိမှာပါ ဒီနိုင်ငံထဲမှာ ရှိနေတဲ့ အပြောင်းအလဲကျ တော့ ဘာမှ ရေရေရာရာ အပြောင်းအလဲ မရှိသေးဘူး ဒါကြောင့် နိုင်ငံတကာ အရေးယူမှု ခံရမှသာ မြန်ဆန်တဲ့ အပြောင်းအလဲရှိမှာ ရှိလာလိမ့်မယ်လို့ ကျနော်တို့ ယူဆတယ်”
ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအား အရေးယူပေးရန် ICJ တွင် တရားစွဲဆိုထားသည့် အမှုကို ကရင့်အမျိုးသား အစည်းအရုံး ဒု-ဥက္ကဌဟောင်း နော်စီဖိုးရာစိန် ပါဝင်သည့် KNU Concerned Group က လည်း ထောက်ခံကြောင်း ထုတ်ပြန်ထားပြီး အခြားသော တိုင်းရင်းသား အဖွဲ့အစည်း အချို့လည်း ထောက်ခံ သည်ဟု ပြောဆိုထားသည်။
၀ နှင့် မိုင်းလား အဖွဲ့များက ဤကိစ္စနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ဖြေရှင်းမှုကို ထောက်ခံ ထားပြီး တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားသော တိုင်း ရင်းသား လက်နက်ကိုင်အဖွဲ့များက အမှန်တရား ပေါ်ပေါက်ရန် မျှော်လင့်ကြောင်း သဘောထား ထုတ်ပြန်ထား သည်။
ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် ICJ တွင် တရားစွဲဆိုထားသည့် အမှုကို လာမည့် ဒီဇင်ဘာလ ၁၀ ရက်ကနေ ၁၂ ရက်နေ့အထိ စတင်ကြားနာ စစ်ဆေးသွားမည်ဖြစ်ပြီး အဆိုပါအမှုကို နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည် ဦးဆောင်ကာ သွားရောက် ရင်ဆိုင်မည်ဟု သိရသည်။







