ကျောက်မဲ စစ်ရှောင် ၁၀၀၀ ကျော်သွားပြီ

ကျောက်မဲ စစ်ရှောင် ၁၀၀၀ ကျော်သွားပြီ

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး စစ်ဘေးရှောင်ဦးရေ ၁၀၀၀ ကျော်သွားပြီဖြစ်ပြီး အရေးပေါ်အကူအညီများလည်း လိုအပ်နေသည်။

တအာင်းအမျိုးသမီး အဖွဲ့ TWO ပြောရေးဆိုခွင့်ရှိသူ လွေးချိဆငါး က “ကျမတို့ လောလော ဆယ်တော့ ဒုက္ခသည်တွေက ၁၀၀၀ ကျော် ရှိလာတယ်ပေါ့။ ကျောက်မဲနယ် မန်ခေါက်မှာ တချို့ ရှိတယ်။ တချို့ကတော့ နမ့်ဆန် ကျောက်ဖြူလေးရွာ မှာ ရောက်နေတယ်။ ပြေးရတာက ကိုက်တန်ရှိမယ်။ နားလွေးရှိမယ်။ မန်ကန်ရှိတယ်။ အာပြောင်ရွာက တချို့ ရှိမယ်။ လေးရွာလောက်ရှိမယ်” ဟု ပြောသည်။

စစ်ဘေးရှောင်များမှာ ကျောက်မဲမြိ့နယ်အတွင်းက မန်ခေါက်ကျေးရွာ၊ ပန်နင်းကျေးရွာ နှင့် နမ့်ဆန်မြို့နယ် အတွင်း က ကျောက်ဖြူလေးကျေးရွာတို့တွင် ထွက်ပြေးခိုလှုံလျှက်ရှိသည်ဟု TWO က ပြောသည်။

၎င်းတိ့ုအတွက် အရေးပေါ် အကူအညီများလိုအပ်နေသည်ဟု TWO က ဆက်ပြောသည်။

“လောလောဆယ်တော့ သိရသလောက် ဘယ်အဖွဲ့အစည်းမှာ ကူညီတာတော့ မရှိဘူး။ ဒေသခံ လူမှုကူညီရေးအသင်းတွေက နည်းနည်းပါးပါးကူညီတာပဲရှိတယ်။ တခြားအဖွဲ့အစည်းကြီးကြီးမားမား ဘယ်သူမှ ကူညီတာ မရှိဘူး။ လောလောဆယ်တော့ အစားအ သောက်နဲ့ စောင် အဝတ်အထည်တို့ ရှိတယ်။”

ကျောက်မဲမြို့နယ်အတွင်းက အာဗြောင်ကျေးရွာ၊ ကိုက်တန်ကျေးရွာတို့က ဒေသခံများမှာ နမ့်ဆန်မြို့နယ် ကျောက်ဖြူေ လး ကျေးရွာသို့ ထွက်ပြေးတိမ်းရှောင်ပြီး ကျောက်မဲမြို့နယ် နားလွေးရွာနှင့် မန်ကန်ကျေးရွာမှ ဒေသခံများမှာ မန်ခေါက်ကျေးရွာသို့ ထွက်ပြေးတိန်းရှောင်နေကြရသည်။

ထို့အပြင် ပန်နင်းကျေးရွာတွင် ခွန်ကော်ရွာ၊ တော့ဖယ်ရွာနှင့် အုံအွီးရွာ စသည့် ကျေးရွာပေါင်း ၃ ရွာမှ စစ်ဘေးရှောင် ၃၀၀ ကျော် ရှိနေပြီး ၎င်းတို့အတွက်လည်း အကူအညီများ လိုအပ်နေသည်ဟု ပန်နင်းဒေသခံ တစ်ဦးက ပြောသည်။

“စစ်ဘေးရှောင်တွေက ၃ ရွာရှိပါတယ်။ အုံအွီးရယ်၊ ခွန်ကော်ရယ်၊ တော့ဖယ်ရယ် အခုလောလောဆယ် သူတို့ အယောက်ပေါင်း ၃၀၀ လောက် ရှိပါတယ်၊ အစားအသောက်တွေ လိုအပ်နေပါတယ်၊ ဒီစောင်တွေ လိုအပ်တယ်” ဟု ပန်နင်း ဒေသခံ က ပြောသည်။

အဆိုပါ စစ်ဘေးရှောင် အယောက် ၃၀၀ မှာ နိုဝင်ဘာလ ၁၇ ရက်နေ့ကတည်းက ပန်နင်းကျေးရွာ သို့ ရောက်ရှိနေခြင်းဖြစ်သည်။

ကျောက်မဲမြို့နယ်အတွင်း တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေသလို မြို့ နှင့် အလှမ်းဝေးပြီး လမ်းပန်းဆက်သွယ်ရေးလည်း ခက်ခဲ့သည့်အတွက် စစ်ဘေးရှောင်ပြည်သူများအား သွားရောက်ကူညီရန် အခက်အခဲများလည်းရှိနေသည်ဟု အရပ်ဘက်အဖွဲ့အစည်းများနှင့် ကျောက်မဲဒေသခံများက ပြောသည်။

နိုဝင်ဘာလ ၂၀ ရက်နေ့တွင် တပ်မတော်နှင့် တအန်း(ပလောင်)အမျိုးသားလွတ်မြောက်ရေး တပ်မတော် PSLF/TNLA တို့အကြား နမ့်ဆန်မြို့နယ်အတွင်း တိုက်ပွဲများဆက်လက်ဖြစ်ပွားနေ ပြီး လေယာဉ်ဖြင့်ပါ လာရောက်ပစ်ခတ်ခဲ့သည်ဟု PSLT/TNLA က ပြောသည်။

PSLF/TNLA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးမိုင်းအိုက်ကျော် က “ဒီနေ့တော့ တိုက်ပွဲက ဒီနမ့်ဆန်မြို့ နယ်၊ ဒီစခန်းသာရွာအနီးမှာ မနက် ၆ နာရီ ၂၀ လောက်မှာ ၁ကြိမ်ဖြစ်တယ်၊ အဲမှာကတော့ ၁၅ မိနစ်လောက် တော့ ကြာတယ်၊ နောက်တစ်ကြိမ်က နေ့လည် ၁ နာရီခွဲကနေစပြီးမှ ခုထိ ဖြစ်နေတုန်း။ အဲဟာလည်း နမ့်ဆန်မြို့ နယ် ကိုက်တန်ကျေးရွာ အစပ်နားမှာဖြစ်တယ်။ ဒီနေ့ နေ့လည် ၁ နာရီဝန်းကျင်မှာတော့ ဒီရဟတ်ယာဉ် ၂ စီးနဲ့ အဲဘက်မှာ ဝင်ရောက်ပစ်သွားတာလည်း ရှိတယ်” ဟု ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် နိုဝင်ဘာလ ၁၁ ရက်နေ့မှစတင်၍့နိုဝင်ဘာလ ၂၀ ရက်နေ့ (ယနေ့) အချိန်ထိ တပ်မတော် နှင့် PSLF/TNLA တို့အကြား တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားလျက်ရှိသည်။

အဆိုပါတိုက်ပွဲများကြေင့် ကျေးရွာများထဲအထိ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲမှုများလည်း ရှိနေသည့်အတွက် နေအိမ်များနှင့် ကျောင်းအချို့ ထိခိုက်ပျက်ဆီးခြင်းနှင့် ဒေသခံပြည်သူအချို့ ထိခိုက်ဒဏ်ရာ ရရှိမှုများလည်း ရှိနေသည်ဟု ဒေသခံများနှင့် လိုက်ပါကူညီဆောင်ရွက်ပေးနေသူများက ပြောသည်။

Most read this week

February 17, 2026
မောက်မယ်တွင် စစ်ကော်မရှင်တပ်နှင့် PNA ပူးပေါင်းတပ်က နည်းပညာမြင့် အသေခံဒရုန်းများဖြင့်...
February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...