ပစ်ခတ်မှုထပ်မဖြစ်စေရန် မွန်နှင့် ကရင် ခေါင်းဆောင်များ သဘောတူ

ပစ်ခတ်မှုထပ်မဖြစ်စေရန် မွန်နှင့် ကရင် ခေါင်းဆောင်များ သဘောတူ

မွန်နှင့် ကရင် လက်နက်ကိုင် အဖွဲ့အစည်းများမှ ခေါင်းဆောင်များတွေ့ဆုံပြီး နှစ်ဖွဲ့တပ်ဖွဲ့များအကြား ပစ်ခတ်မှု ထပ်မံ မဖြစ်ပွားစေရန် သဘောတူညီခဲ့ကြသည်။

မွန်ပြည်သစ်ပါတီ NMSP နှင့် ကရင်အမျိုးသားအစည်းအရုံး KNU တပ်ဖွဲ့ဝင်များအကြား ပစ်ခတ်မှုထပ်မံမဖြစ် ပွားစေရေး အတွက် ပြဿနာတစ်စုံတစ်ရာဖြစ်လာပါကအင်အားသုံး ဖြေရှင်းခြင်းမပြုပဲ တွေ့ဆုံဆွေးနွေးခြင်းဖြင့် အဖြေရှာသွားကြရန် နှစ်ဘက်ခေါင်းဆောင်များက အောက်တိုဘာ ၂၃ ရက်နေ့ (ယနေ့) တွင် ထပ်မံတွေ့ဆုံပြီး သဘောတူညီခဲ့ကြသည်။

မွန်ပြည်သစ်ပါတီ အမှတ် ၅ တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး M စိုက်ချမ်း က“ထိတွေ့ပစ်ခတ်မှုတွေ ထပ်မဖြစ်ဖို့နဲ့ တကယ်လို့ ပြဿနာရှိလာခဲ့ရင်လည်း လက်နက်အားကိုးပြီးတော့ ပြဿနာကို မဖြေရှင်းကြဖို့ တွေ့ဆုံဆွေးနွေးမှုနဲ့ပဲ ပြဿနာကို ဖြေရှင်းကြဖို့ ဒါကို အောက်ခြေအဆင့်ဆင့်တွေကို ရှင်းလင်းသွားပြီးတော့ ညီညီညွတ်ညွတ်နေသွားကြဖို့ ဒီနေ့တွေ့ဆုံဆွေးနွေးမှုမှာ သဘောတူထားကြတယ်” ဟု ပြောသည်။

ပြဿနာထပ်မံမဖြစ်ပွားအောင် ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့သည့်နေရာရှိ နှစ်ဘက်တပ်ဖွဲ့များကို နောက်ဆုတ်ရန်ညွန်ကြားထားသည် ဟု လည်း ဒု-ဗိုလ်မှူးကြီး M စိုက်ချမ်း က ပြောသည်။

NMSP နှင့် KNU အောက်ခြေတပ်ဖွဲ့ဝင်များအကြား ဘုရားသုံးဆူမြို့နယ်၊ ဗလဲ့ဒွန်ဖိုက်ကျေးရွာတွင် အောက်တိုဘာ ၁၇ ရက်နေ့ကတစ်ကြိမ်၊ အောက်တိုဘာ ၂၁ ရက်နေ့ကတစ်ကြိမ် ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် ပြဿနာကို အမြန်ဆုံးဖြေရှင်းနိုင်ရန် KNU ဒူးပလာယာခရိုင်/ တပ်မဟာ ၆ တာဝန်ရှိသူများနှင့် NMSP ဗဟိုဝန်းကျင်ဒေသ တာဝန်ရှိသူများက ၃ ကြိမ်ခန့် ပွင့်ပွင့်လင်းလင်း တွေ့ဆုံတွေးနွေးခဲ့ကြပြီး အခင်းဖြစ်ပွားရာနေရာသို့လည်း သွားရောက်စိစစ်ခဲ့ကြသည်။

ကရင်အမျိုးသားအစည်းအရုံး KNU အမှတ် ၁၆ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး စောရွှေဝင်း က “သဘောတူထားချက်ကို နှစ်ဘက်လိုက်နာဖို့လိုတယ်။ လိုက်နာမှသာလျှင် နောက်ထပ်တစ်ဖန်ထပ်ဖြစ်ဖို့ မရှိတာပေါ့နော်။ ဒါက နှစ်ဘက်လုံးမှာတာဝန်ရှိတယ်။ နှစ်ဘက်လုံးရဲ့ တာဝန်ဖြစ်တယ်၊ အောက်ခြေအဆင့်ထိ နားလည်သဘောပေါက်အောင်တော့ ရှင်းရမယ့်သဘောတော့ရှိတယ်” ဟု ပြောသည်။

ယခုရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့သည့် ထိတွေ့ပစ်ခတ်မှုကြောင့် မွန်ပြည်သစ်ပါတီဘက်ရော ကရင်အမျိုးသားအစည်းအရုံးဘက်ကပါ ထိခိုက်သေဆုံးမှုရှိခဲ့သည်။

မွန်နှင့် ကရင်ကြားဖြစ်ပွားသည့် နယ်မြေကိစ္စသည် သတိကြီးစွာဖြင့် အရှိတရားအပေါ် အခြေခံပြီး ဆွေးနွေးအဖြေရှာရန် လိုအပ်သည်ဟု မွန်နိုင်ငံရေးလေ့လာစောင့်ကြည့်သူ မင်းမင်းနွယ်က ပြောသည်။

“ညီညွတ်ရေးကို မလိုလားတဲ့ အင်အားစု သို့မဟုတ် အဖွဲ့အစည်းအချို့ တွေရဲ့ စစ်မဖြစ်ဖြစ်အောင် သွေးထိုးလှုံ့ ဆော်နေတာမျိုးတွေကို နှစ်ဖက်စလုံးက အထူးသတိထားကြဖို့ လိုအပ်မယ်” ဟု မင်းမင်းနွယ် က ပြောသည်။

မွန်ပြည်သစ်ပါတီနှင့် KNU တို့သည် ၁၉၈၈ ခုနှစ်က နယ်မြေအငြင်းပွားမှု ပြဿနာကြောင့် စစ်ရေး ပဋိပက္ခပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း စစ်ရေးပြဿနာပြေလည်လာခဲ့ရာမှ ၂၀၁၆ ခုနှစ်မှစကာ တစ်ဖန် နယ်မြေအငြင်းပွားသည့်ကိစ္စ သစ်ခိုးထုတ်သည့်ကိစ္စကြောင်း တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့ နယ်ဘက်တွင် ပစ်ခတ်မှု ၆ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်။

ထိုအတူ ရေးမြို့နယ် အတွင်း၌လည်း သစ်ခိုးထုတ်သည့်ကိစ္စကြောင့် မွန်ပြည်သစ်ပါတီ တပ်ဖွဲ့တို့နှင့် ကရင်အမျိုးသားအစည်းအရုံး KNU တပ်ဖွဲ့ဝင်တို့အကြား ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြသေးသည်။

မွန်ပြည်သစ်ပါတီသည် တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးသဘောတူစာချုပ် NCA ကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့က လက်မှတ်ရေးထိုးထားသည့်အဖွဲ့ဖြစ်ပြီး KNU က လည်း တနိုင်ငံလုံးအပစ်ခတ်ရပ် စဲရေးသဘောတူစာချုပ် NCA ကို ယခင်အစိုးရလက်ထက်က လက်မှတ်ရေးထိုးထားသည့် အဖွဲ့ဖြစ်သည်။

Most read this week

February 17, 2026
မောက်မယ်တွင် စစ်ကော်မရှင်တပ်နှင့် PNA ပူးပေါင်းတပ်က နည်းပညာမြင့် အသေခံဒရုန်းများဖြင့်...
February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...