ကျောက်တော် လက်နက်ကြီးပေါက်ကွဲမှု ၆ ဦးဒဏ်ရာရ

ကျောက်တော် လက်နက်ကြီးပေါက်ကွဲမှု ၆ ဦးဒဏ်ရာရ

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် မီးဝကျေးရွာတွင် တပ်မတော်ရေမှ ပစ်ခတ်သော လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည့်အတွက် ဒေသခံ ၆ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု အမည်မဖော်လိုသူ မီးဝကျေးရွာက ဒေသခံတစ်ဦးက ပြောသည်။

“နေဗီ (ရေတပ်) ကနေ ကျောက်တောင်ကနေ ပလက်ဝဖက်ကို တက်လာတဲ့ အခါမှာ ကျနော်တို့ ရွာကို သူတို့ နေဗီဖက် ကနေ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်လို့ ဆရာတော်ရဲ့ တပည့်နဲ့ ကျောင်းဆရာမတွေကို သွားပြီးတော့ လက်နက်ကြီးကျည်ထိတယ်လို့ ပြောတယ်ခင်ဗျား။ အကုန်လုံး ၆ ယောက် ဆရာတော်ရယ် ကိုရင်တပါးရယ် ကျောင်းသား ၃ ယောက်ရယ် ဆရာမတစ်ယောက်ရယ်” ဟုပြောသည်။

အောက်တိုဘာလ ၁ ရက်နေ့ (ယနေ့) နံနက် တစ်နာရီ ဝန်းကျင်ခန့်က ကုလားတန် မြစ်ကြောင်းမှ တစ်ဆင့် ကျောက်တော်မှ ပလက်ဝသို့ တက်လာသည် တပ်မတော် ရေတပ်သင်္ဘောမှ တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ပစ်ခတ် သည့်အတွက် ကျေးရွာအတွင်းသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲကာ ထိခိုက်ဒဏ်ရာရ ခဲ့ကြသည်ဟု အဆို ပါဒေသခံက ပြောသည်။

မီးဝကျေးရွာ အနီးတစ်ဝိုက်တွင် တပ်မတော် တပ်စခန်း အများအပြား ရှိနေသည့်အတွက် ထိုနေရာသို့ ရက္ခိုင့် တပ်တော် AA လာရောက်နိုင်ခြင်း မရှိသကဲ့သို့ AA နှင့် တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားခြင်းလည်း မရှိခဲ့ဟု မီးဝရွာသားများက ပြောသည်။

လက်ရှိတွင် ထိခိုက်ဒဏ်ရာရရှိသူများကို ကျောက်တော်ဆေးရုံသို့ ဆေးကုသမှု ခံယူရန် ပို့ဆောင်ထားသည်ဟု ဆိုသည်။

“အခုက ကျနော်တို့ ဒီနေ့ အစောက ကျောက်တော်ကို စက်လှေတွေနဲ့ သွားပြီးမှ ပို့လိုက်ပြီ အခုဆေးရုံပေါ်ကို ရောက်ပြီလေ။ ဆရာတော်နဲ့ ကိုရင်လေး တစ်ပါးကတော့ ပြင်းထန်တယ်လို့ ပြောတယ်။ ဆရာတော်ကတော့ ရင်ဘတ်မှာ ၂ ချက် အောက်ဆီဂျင်ရှုနေရတယ် အဲဒါကြောင့်မို့လို့ တစ်ခါတစ်လေတော့ သတိလစ်တယ် သတိလစ်တဲ့ အချိန်တော့များတယ်။ သတိပြန်ရတာကတော့ နည်းနည်းလေးပဲ ပြန်ပြီးတော့ သတိလစ်တယ်”

မီးဝကျောင်းထိုင် ဆရာတော်မှာ စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေသည့်အတွက် ကျောက်တော်ဆေးရုံတွင် အခြေအနေမကောင်းပါက စစ်တွေဆေးရုံသို့ ဆေးကုသမှု ခံယူနိုင်ရန် ပို့ဆောင်သွားမည်ဟု ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၉ ရက်နေ့ကလည်း ယခုဖြစ်စဉ်ကဲ့သို့ တပ်မတော် ရေတပ်မှ ပစ်ခတ်မှု ဖြစ်ပွားခဲ့ သည့်အတွက် ဒေသခံ ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

“အဲဒါလည်း နေဗီကနေလှမ်းပစ်တာပဲ အဲဒီနေ့မှာလည်း နေဗီက ပလက်ဝကိုတက်တယ် ကျနော်တို့ရွာရဲ့ အောက်ဖက်ကနေ သူတို့လှမ်းပြီးမှ ပစ်လာကြတာ ပစ်လာတဲ့အခါမှာ ကျနော်တို့ ရွာကိုရောက်လာတဲ့အခါမှာ အဖွားကြီးတစ်ယောက်ကတော့ သူတို့ အဲလိုပစ်ခတ်တဲ့အခါမှာ အလေးသွားချင်တာ မအောင့်နိုင်လို့ ဆင်း သွားတဲ့အခါမှာ သူ့ကိုမှန်သွားတာ ၃ ချက်ထိတယ် ကျောကုန်းကို နောက်တစ်ယောက်ကတော့ အရှေ့ဖက်ကနေ သားအဖ ၂ ယောက်တော့ သူတို့ အရှေ့ဖက်ကမ်းမှာ ထွန်နေကြတာ နွားနဲ့ ထွန်နေတဲ့ အခါမှာ သူတို့ကို သွားပြီးမှ မှန်တာ ခေါင်းပေါ်မှာ မှန်တယ်လို့ ပြောတယ်” ဟု အမည်မဖော်လိုသူ မီးဝရွာသားက ပြောသည်။

ရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ်မတော် ULA/AA နှင့် တပ်မတော်တို့အကြား တိုက်ပွဲများ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေသည့်အတွက် ဒေသခံများမှာ လူအခွင့်အရေး ချိုးဖောက်ခံရမှု အမျိုးမျိုးကို ခံနေရသည့်အပြင် စစ်ဘေးရှောင်များအဖြင့် ၎င်းတို့၏ ဒေသကို စွန့်ကာ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

ထို့ကြောင့် နှစ်ဖက်လက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် ဒေသခံပြည်သူများကို ငှဲ့ညာသနားသောအားဖြင့် တွေ့ဆုံ ဆွေးနွေးမှုများ မှတစ်ဆင့် ငြိမ်းချမ်းရေးကို အမြန်ဆုံးဖော်ဆောင်ပေးရန် ဒေသခံများနှင့် လူ့အခွင့် အရေး လှုပ်ရှားသူများက တောင်းဆိုနေကြသည်။

Most read this week

February 17, 2026
မောက်မယ်တွင် စစ်ကော်မရှင်တပ်နှင့် PNA ပူးပေါင်းတပ်က နည်းပညာမြင့် အသေခံဒရုန်းများဖြင့်...
February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...