သျှမ်းပြည်နယ် မြောက်ပိုင်း နမ့်ဆန်မြို့ အနီးတွင် တိုက်ပွဲများဖြစ်ပွားကာ စစ်ရှောင် ၁ ထောင်ကျော် ရှိပြီး ၂ ဖက်တပ် စစ်ရေးတင်းမာမှု ရှိနေဆဲ ဟု သတင်းရရှိသည်။
စက်တင်ဘာ ၁၃ ရက်နေ့မှ စတင်ပြီး နမ့်ဆန်မြို့ အနီးတွင် မြန်မာ့တပ်မတော် နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) တို့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။
ထိုစစ်ပွဲဖြစ်ပွားမှုကြောင့် စစ်ရှောင် ၁ ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး ယနေ့ထိ စစ်ရေး တင်းမာနေသေးကြောင်း နမ့်ဆန် ဒေသခံများက ပြောဆိုသည်။
စစ်ဘေးရှောင်များသည် နမ့်ဆန်မြို့ဇယန်းကြီး ဘုန်းကြီးကျောင်းတွင် ၈၀၀ကျော်၊ ကယားကြီး ဘုန်းကြီးကျောင်းတွင် ၂၀၀ ကျော်၊ ပန်းစာရီ တွင် ၁၀၀ ကျော် နှင့်တချို့ မှာ ဆွေမျိုးများ အိမ်တွင် တိမ်းရှောင်နေကြရကြောင်း ချမ်းမြေ့ လူမှု ကူညီရေး အသင်း ဥက္ကဌ ဦးသိန်းရွှေ က သျှမ်းသံတော်ဆင့် သို့ ပြောသည်။
“ကယားကြီး ဘုန်းကြီးကျောင်း နဲ့ပန်းစာရီက ဒုက္ခသည်အတွက် စားဝတ်နေရေး အရမ်းလိုအပ်နေတယ်။ အခုထိ သွားဖို့ ခက်နေတုန်းပဲ ။ လမ်းကြောင်း မပွင့်သေးဘူး” ဟု ဦးသိန်းရွှေ က ဆိုသည်။
မြန်မာ့တပ်မတော် နှင့် TNLA တို့သည် ယမန်နေ့ထိ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားပြီး၊ တိုက်ပွဲကြောင့် စက်တင်ဘာ ၁၄ ရက်နေ့တွင် အသက် ၆၀ ကျော် ဦးအိုက်ထွန်း လက်နက်ကြီး ထိမှန် ကာ သေဆုံးခဲ့သည်။ အမျိုးသားတဦး နှင့် အမျိုးသမီး လည်းထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တအာင်းလူမှု အဖွဲ့အစည်းက ပြောသည်။
“ သေဆုံးတာ ကတော့ ၁ ယောက်ပါ ဒဏ်ရာရတာ ၂ ယောက်ပါ။ အမျိုးသမီးတဦး အမျိုးသား တဦးပါ။ဟုန်ချောင်း ကျေးရွာ အမျိုးသားက ပေါင်ထိတယ်။ အမျိုးသမီး က ခေါင်းနဲ့ လက် နည်းနည်း ထိတယ်။ လက်ရှိ နမ့်ဆန် ဆေးရုံ တင်ထားပါတယ်” ဟု တအာင်း ဥပဒေ အထောက်အကူပြု အဖွဲ့ တာဝန်ခံ မိုင်းမျိုးအောင် က သျှမ်းသံတော်ဆင့် သို့ ပြောသည်။
ယမန်နေ့က မြန်မာ့တပ်မတော်မှ နမ့်ဆန်မြို့အနီးတဝိုက် စစ်လေယာဉ် ၄ စီးဖြင့် ပျံသန်းခဲ့ပြီး တိုက်ပွဲများ ပြင်းထန်ခဲ့သည်။
“ မနေ့က အပစ်ခတ်ရှိတယ်။ ရဟတ်ယာဉ် ၄စီးလာတယ်။ ရဟတ်ယာဉ်နဲ့ အပေါ်ကနေ ပစ်တယ်” ဟု ဦးသိန်းရွှေက ပြောသည်။
လက်ရှိ နမ့်ဆန်မြို့ အနီး ပတ်ဝန်းကျင်တွင် မြန်မာ့တပ်မတော် နှင့် TNLA တို့ သည် စစ်အင်အား တိုးချဲ့ ပြီး စစ်ရေး တင်းမာမှု ရှိသဖြင့် တိုက်ပွဲ အချိန်မရွေးဖြစ်လာနိုင်သည့်အပေါ် ဒေသခံများ စိုးရိမ် ထိတ်လန့်နေကြကြောင်း ဦးသိန်းရွှေ က ပြောသည်။
မြောက်ပိုင်းမဟာမိတ် ညီနောင် ၃ ဖွဲ့က အောက်တိုဘာလ ၈ ရက်နေ့အထိနှင့် အစိုးရတပ်မတော်က စက်တင်ဘာလ ၂၁ ရက်နေ့အထိ တဖက်သတ်အပြစ်ရပ်ကြောင်း အသီးသီးကြေငြာထားကြသည်။
တဖက်တွင်လည်း ယနေ့ စက်တင်ဘာ ၁၆ ရက်နေ့ တွင် မြောက်ပိုင်းမဟာမိတ် (၄)ဖွဲ့ ဖြစ်သည့် TNLA၊ ရခိုင်တပ် (AA) ၊ ကိုးကန့်တပ် (MNDAA) ၊ ကချင် တပ် (KIA) တို့ နှင့် မြန်မာ့တပ်မတော်တို့ ကျိုင်းတုံမြို့ တွင် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်နေကြသည်။

ထိုတွေ့ဆုံဆွေးနွေးမှု အပေါ် ငြိမ်းချမ်းရေး အတွက် တစုံတရာ ရလာလိမ့်မည်ဟု ဒေသခံများ မျှော်လင့်နေကြသည်။
ယနေ့ ကျိုင်းတုံ ဆွေးနွေးပွဲ နှင့် ပတ်သက်ပြိး မိုင်းမျိုးအောင် က “ ကျနော်တို့လည်း တော်တော် စိုးရိမ်ပါတယ်။ တွေ့ဖို့ရက်နီးလေလေ တိုက်ပွဲပြင်းထန်လေလေ ဖြစ်နေတယ်။ နောက် တွေ့ဆုံပွဲလည်း ဘယ်လောက် ထိ မျှော်လင့် လို့ရမယ်ဆိုတာ စဉ်းစားနေရတဲ့ အပိုင်းပါ” ဟု ဆိုသည်။
ကျိုင်းတုံ ဆွေးနွေးပွဲ တွင် ငြိမ်းချမ်းရေး နှင့် ပတ်သက်သည့် အောင်မြင်မှု တစုံတရာ ရစေချင်ကြောင်းလည်း မိုင်းမျိုးအောင် က ပြောသည်။
ဆက်လက်ပြီး ဦးသိန်းရွှေ က “ လက်ရှိ ဆွေးနွေးပွဲ ကိုတော့ မျှော်လင့်ချက်ကတော့ သိပ်မရှိဘူး။ ဒုက္ခဆက်ရောက်မှာပဲစိုးရိမ်တယ်၊ တဖက်နဲ့ တဖက် အလျှော့ပေးရင်ပိုကောင်းမယ်။ ပြည်သူလူထုကို ငဲ့ညှာရင်ကောင်းပါတယ်” ဟု ပြောဆိုထောက်ပြလိုက်သည်။
သျှမ်းပြည်နယ် မြောက်ပိုင်း အတွင်းညီနောင် မဟာမိတ်(၃)ဖွဲ့ နှင့် မြန်မာ့ တပ်မတော် တို့သည် သြဂုတ် ၁၅ ရက်နေ့ ကတိုက်ပွဲ စတင်ဖြစ်ပွားခဲ့ပြီး အရပ်သား ၁၀ဦး အထက်သေဆုံး ၂၆ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။







