တိုက်ပွဲကြောင့် ၃ ရက်အတွင်း တန့်ယန်းသို့ စစ်ရှောင် ၅၀၀ ခန့်ရောက်ရှိ

တိုက်ပွဲကြောင့် ၃ ရက်အတွင်း တန့်ယန်းသို့ စစ်ရှောင် ၅၀၀ ခန့်ရောက်ရှိ

သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ်အတွင်း တိုက်ပွဲကြောင့် စစ်ဘေးရှောင် ၅၀၀ နီးပါးရှိပြီဖြစ်ရာ ကျေးရွာအတွင်း လက်နက်ကိုင်တပ်များရွာအတွင်းရှိနေသေးဖြင့် နေရပ်မပြန်ရဲကြသေးကြောင်း သိရသည်။

“၃ ရက်အတွက်စစ်ဘေးရှောင် ၄၉၀ ရောက်နေတယ်တန့်ယန်းကို ”- ဟု စစ်ရှောင်ကူညီရေးအဖွဲ့ တန့်ယန်းလူငယ်ခေါင်းဆောင် စိုင်းစိုင်း ကပြောသည်။

ဩဂုတ်လ ၆ ရက်နေ့ကတည်းကစပြီး တန့်ယန်းမြို့ နမ့်ပင်ဘုန်းကြီးကျောင်းသို့ စစ်ဘေးရှောင် ၁၇၄ ဦး၊ လုံမု ဘုန်းကြီးကျောင်း  ၁၄၃ ဦး၊ တော်လောက်ကျောင်းတွင် ၉၇ ဦးနှင့် ဟိုမန်းဘုန်းကြီးကျောင်းတွင် ၇၆ ဦး ရောက်ရှိခိုလှုံနေကြကြောင်း သိရသည်။

ဟိုမန်းဘုန်းကြီးကျောင်းတိုက်တွင် ရောက်ရှိခိုလှုံနေသော စစ်ဘေးရှောင် စိုင်းကမ် က- “အစိုးရစစ်တပ်က ရွာထဲမှာနေနေတယ်။ တကယ်လို့ စစ်ကြောင်းက ရွာကထွက်သွားရင်တော့ ကျနော်တို့ရွာပြန်နိုင်ကြမှာပေါ့။ ခုက လက်နက်ကိုင် ၂ ဖွဲ့လုံးက တဖွဲ့က ရွာထဲမှာတဖွဲ့ကရွာပြင်မှာဆိုတော့ တိုက်ပွဲကအချိန်မရွေးပြန်ဖြစ်နိုင်တာကြောင့် ကျနော်တို့ ရှောင်ထားနှင့်တာပါ”- ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

ဩဂုတ်လ ၇ ရက်နေ့က စစ်ဘေးရှောင်များအား မေတ္တာဖောင်ဒေးရှင်း၊ ကျားခေါင်းပါတီ SNLD ၊ တန့်ယန်းလူငယ်အဖွဲ့၊ ဟွေကျိန်၊ မိုင်းကောဝ်လူငယ်အဖွဲ့တို့မှ  ခြင်ထောင်၊ ဖျာ၊ ဖုံ စောင်၊ ပန်းကန်တို့အပြင် စားသောက်ဖွယ်ရာများဖြစ်သော ဆန်၊ ဆီ၊ ဆားတို့ကို ကူညီထောက်ပံ့မှုပေးကြကြောင်းသိရသည်။

လုံမုဘုန်းကြီးကျောင်းရှိစစ်ဘေးရှောင်များအားကူညီမှုပေးနေသည့် တန့်ယန်းလူငယ် စိုင်းအေးက – “ခုလောလောဆယ်တော့  နေရာထိုင်ခင်းအတွက်စိတ်မပူရဘူး။ ဒါမယ့်တိုက်ပွဲက ကြာရှည်ဖြစ်မယ်ဆိုရင်တော့ စစ်ဘေးရှောင်တွေအတွက် အစားအသောက်တွေ စိတ်ပူရတာပေါ့။ လောလောဆယ်တော့ ထမင်းထုတ် ဟင်းထုတ်တွေကို ဒီရွာသားတွေက လာပို့ပေးတယ်။ ရိက္ခာကြမ်းတွေတော့ လူငယ်အဖွဲ့တွေလာပေးတယ်အဲလောက်ဘဲရှိသေးတယ်။ “- ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

တန့်ယန်းဘုန်းကြီးကျောင်းရောက်စစ်ဘေးရှောင်ရွာသားများမှာ နားပိန်း၊ ပိန်းစန်း၊ ကွန်ဝက်၊ နမ့်ပတ်၊ လုံကျိန်၊ နမ့်ပန်၊ တုန့်ဟုန်းနှင့် နမ့်ပင် ရွာများမှ ရွာသားများဖြစ်ကြသည်။

တန့်ယန်းမြို့နယ်အတွင်း SSPP/SSA မှ ရွာသားများအား ဆီးစစ်မှုပြုရာတွင် ဆေးသုံးစွဲသူ ၂၉ ဦးအား ဆေးဖြတ်ပေးရန် ဆေးဖြတ်စခန်းသို့ခေါ်ဆောင်သွားကြောင်း၊ ထိုအတွက် လူသစ်စုဆောင်းသည်ဟုဆိုကာ တန့်ယန်းဗျူဟာလက်အောက်ခံ ခလရ ၁၂၇ နှင့် ခမရ  ၅၂၃ တို့မှ အင်အား သုံးကာ SSPP စခန်းအား ဩဂုတ်လ ၆ ရက်နေ့က တိုက်ခိုက်ခဲ့သည်။

သျှမ်းလူ့အခွင့်အရေးဖောင်ဒေးရှင်းက ပြောခွင့်ရ စိုင်းဟော်ရှဲန်က – “အစိုးရတပ်မတော်ရဲ့လုပ်ရပ်က မဟုတ်သေးဘူး။  တဖက်ကလည်းအပစ်ရပ်ထားကြောင်းကြေငြာထားတယ်။  အပစ်ရပ်တယ်ဆိုကတည်းက စစ်ရေးဘာမှ မလှုပ်ရှားရဘူးလေ။ ဒါမယ့်သူတို့က စစ်ရေးလှုပ်ရှားနေသေးတယ်။ အပစ်ရပ်ကြေငြာကတည်းက လူထုကပျော်နေပြီလေ စစ်ဘေးရှောင်စရာမလိုတော့ဘူးဆိုပြီးတော့ ။   ရွာသားတွေရဲ့ဖြစ်ရပ်က စိတ်မကောင်းစရာဖြစ်ရပါတယ်။ ” – ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

တန့်ယန်းတိုက်ပွဲနှင့်ပတ်သက်ပြီး တပ်မတော်သတင်းမှန်ဘက်မှ သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။

အစိုးရတပ်မတော်သည် စစ်တိုင်း ၅ တိုင်းတွင် တဖက်သတ်အပစ်ရပ်ရေးကို ဩဂုတ်လကုန်အထိ  တတိယအကြိမ်သက်တမ်းတိုးကြေငြာထားသည်။

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...