ကျည်ဆံထိမှန်ခဲ့သည့်ကျောက်တော်နယ်မှ ကိုယ်ဝန် ၉လရှိ အမျိုးသမီး စစ်တွေဆေးရုံသို့ ရောက်ရှိ

ကျည်ဆံထိမှန်ခဲ့သည့်ကျောက်တော်နယ်မှ ကိုယ်ဝန် ၉လရှိ အမျိုးသမီး စစ်တွေဆေးရုံသို့ ရောက်ရှိ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ သရက်တစ်ပင်အုပ်စု၊ မဟာမုနိကျေးရွာမှ ယမန်နေ့ ညနေက  ညာဘက်လက်မောင်းတွင် သေနတ်ကျည်ဆံထိမှန်ခဲ့သည့် ကိုယ်ဝန် ၉လရှိ အမျိုးသမီးအား စစ်တွေဆေးရုံကြီးတွင် ဆေးကုသမှုခံယူရန် ယူဆောင်လာရာ ယခုအခါ စစ်တွေဆေးရုံသို့ ရောက်ရှိလာပြီဖြစ်ကြောင်း သတင်းရရှိသည်။

သေနတ်ကျည်ဆံထိမှန်ခဲ့သည့် ကိုယ်ဝန်ဆောင်အမျိုးသမီးမှာ မဟာမုနိကျေးရွာမှ မအေးအေးမြင့် (၂၄)နှစ် ဖြစ်ကြောင်းသိရသည်။

ဇူလိုင်လ ၃၁နေ့ ညနေ ၆နာရီခန့်တွင် မအေးအေးမြင့်သည်  ၄င်း၏ လင်ယောကျ်ားနှင့်အတူ နေအိမ်အောက်၌ ထမင်းစားနေစဉ် သေနတ်ကျည်ဆံ ညာဘက် လက်မောင်းတွင် ထိမှန်ခဲ့ခြင်း ဖြစ်ကြောင်း လင်ယောကျ်ားဖြစ်သူ ကိုဇော်ဇော်က နိရဥ္စရာ သို့ပြောသည်။

ကိုဇော်ဇော်က “ပထမတော့ လက်နက်ကြီးပစ်သံတစ်ချက်ကြားပါတယ်။ နောက်ပြီးတော့ လက်နက်ငယ်အသံ ၅မိနစ်လောက် ဖောင်း ဖောင်းနဲ့ ကြားပါတယ်။ အဲလိုကြားပြီးနောက်ပိုင်း သေနတ်သံ ရပ်သွားပြီးဆိုပြီး ကျနော်တို့က အိမ်အောက်မှာထမင်းစားနေကြတာ။ စားနေတဲ့ အချိန်မှာ စစ်တပ်က မဟာမုနိဘုရား အနောက်ဘက်မုတ်ဝကနေ အိမ်တွေကို ထပ်ပြီးပစ်တယ်။ ပစ်တဲ့ အချိန်မှာ ကျနော်က  အဲ့ဒီနေရာမှာဝပ်နေခဲ့တယ်။ မိန်းမဖြစ်သူက ဗိုက်တစ်လုံးနဲ့ ဝပ်နေလို့ မရတော့ ထပြီးတော့သဲထုတ်ကြားမှာ ပုန်းဖို့သွားတာမှာ လက်ကို ကျည်ဆံ ထိမှန်သွားတာပါ” ဟု ပြောသည်။

သေနတ်ကျည်ဆံထိမှန်ပြီး မအေးအေးမြင့်မှာ ညာဘက်လက်မောင်းတွင် ဒဏ်ရာရရှိသွားကာ ကျောက်တော်ဆေးရုံမှတစ်ဆင့် စစ်တွေဆေးရုံသို့ ဆေးကုသမှုခံယူရန် ယနေ့နံနက်ပိုင်း ၈နာရီတွင် ကျောက်တော်ဆေးရုံကားဖြင့် နံနက် ၁၁ နာရီခန့်တွင် စစ်တွေဆေးရုံသို့ ရောက်ရှိ လာကြောင်း၊ ဗိုက်ထဲမှ ကလေးမှာ ယခင်က လှုပ်ရှားမှုသော်လည်း လက်မောင်း ကျည်ဆံ ထိမှန်သွားပြီးချိန်တွင် ဗိုက်ထဲက ကလေးမှာ လှုပ်ရှားမှုမရှိတော့ကြောင်း ယောက္ခမ တော်စပ်သူ  ဒေါ်မအေးရီက ပြောသည်။

“ရထားတဲ့ဒဏ်ရာကပြင်းထန်တယ်။ နောက်ပြီးတော့ ကိုယ်ဝန်ဆောင်တဲ့မိခင်ဆိုတာ တော်တော်လေး အရေးကြီးပါတယ်။ ကိုယ်ဝန်ကလည်း နေ့စေ့လစေ့ ဖြစ်နေတာ မွေးတော့မှာ။ အဲသလိုကျည်ထိတဲ့အချိန်မှာ လဲကျတာ တင်ပါးတစ်ဖက်ကလည်း နာနေတယ်။ ဗိုက်ထဲက လေးကလည်း မရုန်းတော့ဘူး။ တော်တော်စိုးရိမ်ရတယ်” ဟု ယောက္ခမတော်စပ်သူ ဒေါ်မအေးရီက ပြောသည်။

မဟာမုနိဘုရားအရှေ့ဘက် တစ်မိုင်ခန့်အကွာတွင် ဇူလိုင်လ ၃၁ နေ့ ညနေ ၅ နာရီခန့်က တိုက်ပွဲဖြစ်ပွားခဲ့ပြီး သရက်တပင်ကျေးရွာအုပ်စု သိန်းတန်ကျေးရွာမှ ဦးတင်ထွန်းမောင်၏သား မောင်ကျော်သက်ထွန်း(၂၅)နှစ်မှာလည်း ကျောကုန်းတွင် ကျည်ဆံရှပ်ထိမှန်ခဲ့ပြီး လက်ရှိတွင် ကျောက်တော်ဆေးရုံတွင် ဆေးကုသမှုခံယူနေကြောင်း ကာယကံရှင်ဖြစ်သူ မောင်ကျော်သက်ထွန်းက ယနေ့နံနက်ပိုင်းက ဆက်သွယ်မေးမြန်းစဉ် ပြောကြားသည်။

စစ်တပ်မှ ပစ်ခတ်စဉ် ထိမှန်ခြင်းဖြစ်ကြောင်း ကာယကံရှင်များက ပြောကြားသဖြင့် တပ်ဘက်သို့ ဆက်သွယ်ရာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ပြောခွင့်ရသူ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ထမင်းစားရန် အပြင်သို့ ရောက်ရှိနေသည်ဟု ပြောကြားသဖြင့် ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပါ။

Most read this week

September 5, 2026
ယခုရက်ပိုင်းအတွင်း ရခိုင်ပြည်၊ စစ်တွေနှင့် ကျောက်ဖြူမြို့နယ်တို့တွင် တိုက်ပွဲများ...
ဩဂုတ်လ ၁၃ ရက်၊ ညက ကျိန္တလီမြို့အား စစ်တပ် ဗုံးကြဲမှုကြောင့် သေဆုံးသွားသူများ / AA Info Desk
September 4, 2026
လေကြောင်း တိုက်ခိုက်မှုများ အပါအဝင် စစ်အုပ်စုတပ်၏ လက်ချက်ကြောင့် ဩဂုတ်လအတွင်း ကလေးငယ် များ၊...
ဓာတ်ပုံ - (ပုံဟောင်း / Crd)
September 4, 2026
ရခိုင်ပြည်၊ စစ်တွေမြို့တွင် အာဏာသိမ်း စစ်အုပ်စုတပ်က ဖမ်းဆီးထားသည့် ဒေသခံ ရခိုင်နှင့် မွတ်ဆလင်...
ဓာတ်ပုံ - (ပုံဟောင်း / Crd)
September 2, 2026
မကွေးတိုင်း၊ ပဒါန်းမြို့နယ်ရှိ နတ်ရေကန်ဗျူဟာကုန်းသို့ စစ်ကူထိုးလာသည့် စစ်အုပ်စုတပ်ကို AA က...