လုပ်အားခ သိန်းတရာ ကျော် မရသေးသည့် Gold Luck Water Park လုပ်ငန်းရှင်ကို အလုပ်သမားများ ဆန္ဒပြ

လုပ်အားခ သိန်းတရာ ကျော် မရသေးသည့် Gold Luck Water Park လုပ်ငန်းရှင်ကို အလုပ်သမားများ ဆန္ဒပြ

သျှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့ Gold Luck Water Park လုပ်ငန်းရှင် မှ အလုပ်သမားများကို လုပ်အားခ သိန်းတရာကျော် ပေးချေရန်ကျန်ရှိမှု နှင့် ပတ်သက်ပြီး အလုပ်သမားများက ဆန္ဒထုတ်ဖော်တောင်းဆိုကြကြောင်း သိရသည်။

ဇူလိုင်လ ၃၀ ရက် ယနေ့ မနက်ပိုင်း ၉ နာရီခွဲက ရပ်ကွက်(၁) ဗျူဟာလမ်းဆုံ မှ မြို့တော် ခန်းမရှေ့အထိ လုပ်အားခ မရသည့် Gold Luck Water Park မှအလုပ်သမား များက စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ခဲ့သည်။

Gold Luck Water Park ပိုင်ရှင် ဦးရဲနိုင် မှ ဆေးသုတ်လုပ်အားခ များအား အမြန်ဆုံးရှင်းပေးရန်၊ နေ့စားအလုပ်သမားများအား အနိုင်ကျင့်စော်ကားခြင်း ဘဝမှ အမြန်ဆုံးလွှတ်မြောက်ပေးရန် ၊ ဦးရဲနိုင်မှ မိသားစုချင်းကိုယ်ချင်းစာစိတ်ထားပေးရန်စသည့် ပို့စတာများ ကိုင်ဆောင်ပြီး ဆန္ဒ ထုတ်ဖော်ခဲ့ကြသည်။

“ကျနော်တို့ ဆေးသုတ် အလုပ်သမား ၁၅ယောက် လုပ်အားခ သိန်း ၁၃၀ကျော်မရသေးဘူး။ ၃လပိုင်း(မတ်) လကတည်းက ရရမယ့် ငွေတွေပါ” ဟု ဆန္ဒပြသည့် ခေါင်းဆောင် ကိုယောဟန် က ပြောသည်။

ရေပန်းဥယျာဉ် ပိုင်ရှင်မှလုပ်အားခ မပေးဆောင်သည့် ကိစ္စနှင့် ပတ်သက်ပြီး ဇူလိုင် ၂၂ရက်နေ့တွင် အလုပ်သမားညှိနှိုင်းဖြန်ဖြေရေး ကော်မတီ ကို တင်ပြထားကြောင်း ကိုယောဟန် က ပြောပြသည်။

ထို့ပြင် ဇူလိုင် ၂၈ ရက်နေ့တွင် Gold Luck Water Park ပိုင်ရှင် ဦးရဲနိုင်မှ လုပ်အားခ ကိစ္စ ရှင်းရန် အတွက် သတင်းစာတွင် ထည့်သွင်း ကြေငြာ ခဲ့သည် ဟု သိရသည်။

“ ကျနော် တို့ကို တွေ့ဖို့ အတွက် သတင်းစာကနေ ကြေညာတယ်။ ကျနော်တို့လုံခြုံရေးအရ ကျနော်မသွားနိုင်ဘူး။ ကျနော်တို့ရှေ့မှာတင် သတင်းသမား တယောက်ဖြစ်ခဲ့ပြီးပြီ။ ကျနော်ကတော့ အလုပ်သမား ဖြန်ဖြေရေး ကော်မတီ ကနေဘဲ ရှင်းမယ်လို့ ပြောထားပါတယ်” ဟု ကိုယောဟန် က ဆိုသည်။

ရေပန်းဥယျာဉ်တွင် ဆေးသုတ် သည့် အလုပ်သမား အလုပ်လစာ စာရင်းဇယား ရှင်းလင်းရန် အတွက် မြန်မာအလင်းသတင်းစာ မှတဆင့် ခေါ်ခဲ့ကြောင်း၊ ငွေကြေးများကို ရှင်းပေးမည် ဟု Gold Luck Water Park ပိုင်ရှင် ဦးရဲနိုင် က သျှမ်းသံတော်ဆင့် ကို ပြောသည်။

“ ကျနော် အနေနဲ့ ကန်ထရိုက် ကိုယောဟန် အနေနဲ့ စာရင်းဇယားတွေ လာရှင်းဖို့ သတင်းစာကနေခေါ်ထားတယ်။ မရှင်းဘူးဆိုတာတော့ မဟုတ်ပါဘူး။ ဒါကတော့ လုပ်ငန်း သဘော ဆိုတာ ရှိသေးတယ်။ ရှင်းမှာပါ” ဟု ဦးရဲနိုင် က ဆိုသည်။

အဆိုပါ ဆေးသုတ် လုပ်အားခ မရသေးသည့် အလုပ်သမား သတင်း ရေးသားရန် Gold Luck Water Park ပိုင်ရှင် ဦးရဲနိုင် အား ဒီဗွီဘီ အလွတ်တန်းသတင်းထောက် ခွန်ဇော်ဦး နှင့် မြန်မာတိုင်းလ် အလွတ်တန်းသတင်းထောက် မမြတ်မိုးသူတို့ ဇူလိုင် ၂၂ ရက်နေ့တွင် သွားရောက် တွေ့ဆုံမေးမြန်းမှုပြုခဲ့သည်။

ဇူလိုင်လ ၂၈ ရက်နေ့တွင် သတင်းထောက် ခွန်ဇော်ဦး ကို လိုင်စင်မဲ့ ကားမောင်းနှင်းမှုဖြင့် ယာဉ်ထိန်းရဲ က အရေးယူတိုင်ကြားခဲ့ကြောင်း သိရသည်။

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...