မွန်အမျိုးသားကျောင်း ဆရာ/မ များ ထောက်ပံ့မှု အခက်ကြုံ

မွန်အမျိုးသားကျောင်း ဆရာ/မ များ ထောက်ပံ့မှု အခက်ကြုံ

မွန်အမျိုးသားကျောင်းများရှိ ကျောင်းဆရာ/ဆရာမများအတွက် လစာပုံမှန်ထောက်ပံ့ပေးနိုင်ရေးသည် အခက်အခဲဖြစ်နေသည်ဟု မွန်အမျိုးသားပညာရေးကော်မတီ တာဝန်ရှိသူများက ပြောသည်။

မွန်အမျိုးသားပညာရေးဌာနမှ တာဝန်ခံ မိစာတာက “ဆရာ/ဆရာမတွေအတွက် လစာထောက်ပံ့ပေးဖို့က အဓိက စိုးရိမ်နေရတာပေါ့နော်၊ ကျောင်းဆရာ/ဆရာမ လစာကတော့ အဓိက အလှူရှင်နဲ့ ရပ်ရွာလူထုပေါ့နော်။ တခါတလေ အလှူရှင်က တစ်နှစ်နဲ့ပဲပေးတော့ လစာပြတ်တောက်သွားတာရှိတာပေါ့နော်” ဟု ပြောသည်။

မွန်အမျိုးသားကျောင်းများမှ မွန်ပြည်သစ်ပါတီ NMSP ၏ စီမံခန့်ခွဲမှုအောက်တွင် ဖွင့်လှစ်ထားခြင်းဖြစ်သည်။

မွန်အမျိုးသားပညာရေးဌာနရှိ ကျောင်းဆရာ/ဆရာမများအတွက်လစာကို အလှူရှင်နှင့် ရပ်ရွာလူထုများ၏ ကူညီထောက်ပံ့မှုများဖြင့် ရပ်တည်နေရပြီး အလှူရှင်များ၏ ထောက်ပံ့မှု ပြတ်တောက်သွားလျှင် အခက်အခဲရှိနိုင်သည်ဟု မိစာတာက ဆက်ပြောသည်။

ထိုကဲ့သို့ လစာပြတ်တောက်သွားသည့် အခြေအနေမျိုးတွင် ကျောင်းဆရာ/ဆရာမများအတွက် လစာအဆင်သင့်ထုတ်ပေးနိုင်ရန် မွန်အမျိုးသားပညာရေးဌာနမှ ဦးဆောင်ပြီး ရန်ပုံငွေရှာဖွေရေးအဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းကာ ရန်ပုံငွေရှာဖွေမှု လုပ်ဆောင်နေသည် ဟု မွန်အမျိုးသားပညာရေးဌာနက ပြောသည်။

ငွေကြေးထောက်ပံ့ပေးမှုနည်းပါးခြင်းတို့ကြောင့် မွန်အမျိုးသားကျောင်းတွင် ကျောင်းဆရာ/ဆရာမ မတည်ငြိမ်သည့် အခက်အခဲများရှိနေပြီး နှစ်စဉ်နှစ်တိုင်း ကျောင်းဆရာ/ဆရာမ မလုံလောက်မှုနှင့် ကြုံတွေ့နေရသည်ဟု ပြောသည်။

မွန်ကျောင်းဆရာမတဦးက “လစာကတော့ အခုဆိုရင် တစ်သိန်းကျော်ရနေတယ်၊ အစိုးရကျောင်းက ကျောင်းဆရာ/ဆရာမတွေရဲ့ လစာနဲ့ နှိုင်းရင်တော့ နည်းတာပေါ့လေ။ ဒါပေမယ့် ဒါကကိုယ့်အမျိုးသားကျောင်းဖြစ်တယ်၊ တချို့ဆိုလည်း လစာနည်းတဲ့အတွက် တစ်နှစ် နှစ်နှစ်နဲ့ ထွက်ကြတာတွေလည်းရှိတယ်”ဟု ပြောသည်။

ယခုနှစ် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်မှာတွင် ကျောင်းဆရာ/ဆရာမအတွက် ထောက်ပံ့မှုကို တိုးမြှင့်ထားပြီး တစ်ဦးလျှင် ကျပ် ၁ သိန်း ၃ သောင်း ထိ တိုးမြှင့်ထောက်ပံ့ပေးနိုင်ခဲ့သည် ဟု မွန်အမျိုးသားပညာရေးဌာနက ပြောသည်။ ယခင်နှစ်များက ကျောင်း ဆရာ/ဆရာမ တစ်ဦးကို တစ်လလျှင် ကျပ် ၅၀၀၀၀/၇၀၀၀၀ လောက်သာထောက်ပံ့ပေးနိုင်ခဲ့ခြင်းဖြစ်သည်။

မွန်အမျိုးသားပညာရေးဌာန ကွပ်ကဲမှုအောက်ရှိ မွန်အမျိုးသားကျောင်းများနှင့် အစိုးရကျောင်းနှင့် တွဲဖက်သင်ကြားနေသည့် မွန်အမျိုးသားကျောင်းများတွင် မွန်စာသင်ကြားသည့် ကျောင်းဆရာ/ဆရာမ ၈၀၀ ခန့်ရှိသည်ဟု မွန်အမျိုးသား ပညာရေးဌာန၏ စာရင်းဇယားများ အရသိရသည်။

မွန်ပြည်သစ်ပါတီ (NMSP) ၏ မွန်အမျိုးသား ပညာရေးဌာန ကွပ်ကဲမှုအောက်တွင်ရှိသည့် ပါတီတပ်တည်ရှိသည့် ဧရိယာများနှင့် နီးစပ်သည့် မွန်ပြည်နယ် ရေးမြို့ နယ်၊ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်၊ တနင်္သာရီတိုင်း ရေဖြူမြို့နယ်ဒေသများတို့တွင် သင်ကြားပေးလျှက်ရှိသည်။

ထို့အပြင် သံဖြူဇရပ်၊ မုဒုံ၊ ကျိုက်မရော၊ ဘားအံ၊ ကော့ကရိတ်မြို့နယ်တို့ တွင် မွန်စာများကို မွန်အမျိုးသားကျောင်းများနှင့် အစိုးရကျောင်းများ တွဲဖက်ထားသည့် အခြေခံပညာကျောင်းများတွင် သင်ကြားပေးလျှက်ရှိသည်။

Most read this week

February 17, 2026
မောက်မယ်တွင် စစ်ကော်မရှင်တပ်နှင့် PNA ပူးပေါင်းတပ်က နည်းပညာမြင့် အသေခံဒရုန်းများဖြင့်...
February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...