စစ်တွေခရိုင်ပြန်ဆက်ရုံးရှေ့မှ ဆိုင်ခန်းများ ဖြိုဖျက်ခံရ၍ ဆိုင်ခန်းပိုင်ရှင်များ အသံတိတ်ဆန္ဒဖော်ထုတ်

စစ်တွေခရိုင်ပြန်ဆက်ရုံးရှေ့မှ ဆိုင်ခန်းများ ဖြိုဖျက်ခံရ၍ ဆိုင်ခန်းပိုင်ရှင်များ အသံတိတ်ဆန္ဒဖော်ထုတ်

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ စစ်တွေခရိုင်ပြန်ဆက်ရုံးရှေ့မှ ဖြိုဖျက်ခံရသော ဆိုင်ပိုင်ရှင်များသည် ယနေ့ နေ့လယ် ၃ နာရီခန့်ကစ၍ ဆိုင်းဘုတ်၊ ဗွီနိုင်းများဖြင့် အသံတိတ် ဆန္ဒဖော်ထုတ် ခဲ့ကြကြောင်း သိရသည်။

စစ်တွေခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့တွင် ဆိုင်ခန်းများ ဆောက်လုပ်ရန် စာချုပ်ချုပ်ကာ မြေနေရာ ငှားရမ်းဆောက်လုပ်ထားသည့် ဆိုင်ခန်း ၆ ခန်းအား သက်တမ်းမပြည့်ဘဲ ပြန်/ဆက်ရုံးမှ တာဝန်ရှိသူများ လာရောက်ဖြိုဖျက်ခဲ့မှုအပေါ် ဆိုင်ရှင်များ ဘက်မှ ကျေနပ်မှုမရှိသောကြောင့် အသံတိတ်ဆန္ဒဖော်ထုတ်ခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ ဆိုင်ခန်းပိုင်ရှင်တွေ စုပေါင်းပြီး တာဝန်ရှိလူကြီးတွေဆီ တင်ပြပြီးတော့ ဒီဆန္ဒပြပွဲကို လုပ်လိုက်တာပါ။ အခုလို ဆိုင်ခန်းတွေ ချက်ချင်းဖြိုလိုက်ရတော့ စားဝတ်နေရေး အရမ်း အခက်ခဲ ရှိပါတယ်။ အလုပ်လည်း ဆက်မလုပ်ရတော့ဘူး။ ဒီလိုမိုးတွင်းကာလမှာ သူတု့ိဒီလို လုပ်မယ် မထင်ခဲ့ပါဘူး”ဟု အသံတိတ် ဆန္ဒဖော်ထုတ်သူ ဦးထွန်းအောင်ကျော်က ပြောသည်။

ယင်းအသံတိတ်ဆန္ဒဖော်ထုတ်ပွဲသို့ ဆိုင်ပိုင်ရှင်များအပါအဝင် လူဦးရေ ၅ဝ ခန့်တက်ရောက်ခဲ့သည်။  ဆန္ဒဖော်ပွဲကို နေ့လယ် ၃ နာရီမှ ညနေ  ၆ နာရီထိ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါဆန္ဒပြပွဲတွင် တောင်းဆိုသည့်အချက်လက်များမှာ မိုးတွင်းကာလအတွင်း ပြန်ကြားရေး ဝန်ထမ်း သက်သာဆိုင်ခန်းများဖြိုဖျက်မှုဆိုင်းငံ့ပေးရေး၊ ဝန်ထမ်းသက်သာဆိုင်ခန်းသဘော တူညီချက်အားတရားရုံး၏ ဥပဒေဆုံးဖြတ်ချက်ရရှိရေး၊ အစားထိုးဆိုင်ခန်းများနေရာချထားပေးရေး၊ ပြန်ကြားရေးဝန်ထမ်းသက်သာ ဆိုင်ခန်းများအားလုံး တစ်ပြေးညီဆောင်ရွက်ပေးရေးတို့ ဖြစ်သည်။

 “ကျွန်တော်တို့ ရခိုင်လူမျိုးတွေမှာ နှုတ်နဲ့ ပြောနိုင်တဲ့ အင်အားမရှိတော့ဘူး။ အခုချိန်မှာ ကျွန်တော်တို့ လူမျိုးတွေဟာ အဖိနှိပ်ခံနေရပါတယ်။ စကားကို ရင်ထဲကပဲ ပြောနေရတယ်” ဟု အသံတိတ် ဆန္ဒဖော်ထုတ်သူ ဦးထွန်းအောင်ကျော်က ပြောသည်။

ဖြိုဖျက်သွားသည့်ဆို်င်ခန်းများအား သင့်တော်သည့်နေရာတစ်ခုတွင် စီစဉ်ပေးရန် ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ စည်ပင်သာယာရေးဝန်ကြီးဦးဝင်းမြင့်ထံ တင်ပြထားသည်ဟုလည်း ဆိုင်ခန်း ပိုင်ရှင်များက ဆိုသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး စည်ပင်ဝန်ကြီး ဦးဝင်းမြင့်က "သူတို့တွေအတွက် မြေနေရာရယ်လို့ သီးခြားသတ်မှတ်ပီးတော့ ငါတို့က မြေနေရာလို့ မပေးနိုင်ဘူး။ ဒါပေမယ့်လို့ ငါတို့မှာ ဒီလို အစီအစဉ်ရှိတယ်။ ဒီအပေါ်မှာ မြေ ရောင်းချလာတဲ့လူရှိရင် ဝယ်ယူပေါ့။ အလကားလိုချင်လို့တော့ ရနိုင်မှာ မဟုတ်ဘူး။ ကျနော်တို့မှာလည်း ထောက်ပံ့နိုင်တဲ့ ငွေမရှိပါဘူး"ဟု နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

ပြန်/ဆက်ရုံးရှေ့ရှိ ဝန်ထမ်းသက်သာဆိုင်ခန်းများကို ၂ဝ၁၅ ခုနှစ် နောက်ပိုင်း၌ သက်သာ ဆိုင်ခန်းများထားခွင့်မရှိတော့ခြင်း၊ ဌာန၏  လုံခြုံရေး လိုအပ်ချက်အရ လုပ်ဆောင်ရခြင်းတို့ကြောင့် ယင်းဆိုင်ခန်းများအား ဖြိုဖျက်ရခြင်းဖြစ်ကြောင်း ရခိုင်ပြည်နယ် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးမောင်မောင်က ဇူလိုင်လ ၂၈ ရက်နေ့တွင် မီဒီယာများကို ပြောဆိုထားသည်။

ဆိုင်ခန်းပိုင်ရှင်များဘက်မှ ၄င်းတို့၏  ဆုံးရှုံးမှု၊ နစ်နာမှုများအတွက် ဥပဒေကို နားလည် တတ်ကျွမ်းသူများနှင့် ဥပဒေအရဖြေရှင်းရန် အချက်အလက်များကို စုဆောင်းနေသေးသော်လည်း ဥပဒေနည်းလမ်းအတိုင်းဖြေရှင်းမည်မှာ မသေချာသေးဟု ပြောကြသည်။

January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...
January 13, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပြင်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်၏ ရှေ့တန်းစစ်မျက်နှာ‌...
ဗုံးကြဲခံခဲ့ရသည့်မြောက်ဦးပြည်သူ့ဆေးရုံအတွက် ဂျပန်နိုင်ငံတွင် အလှူငွေကောက်ခံနေ
January 12, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့တွင် ဗုံးကြဲခံလိုက်ရသည့်ပြည်သူ့ဆေးရုံအားထောက်ပံ့နိုင်ရန်...
January 9, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် ယနေ့ အာရက္ခတပ်တော်(AA)၏ ခြုံခိုတိုက်ခိုက်မှုကြောင့် အင်အား ၁၀၀...