တိုက်ပွဲကြောင့်ဘုရားဖူးနည်း၍ ကျောက်တော်တောင်မှမျောက်များ အစာငတ်ရာမှ ကစ္ဆပနဒီတံတားထိဆင်း၍ အစာရှာ

တိုက်ပွဲကြောင့်ဘုရားဖူးနည်း၍ ကျောက်တော်တောင်မှမျောက်များ အစာငတ်ရာမှ ကစ္ဆပနဒီတံတားထိဆင်း၍ အစာရှာ

တိုက်ပွဲများ ဖြစ်ပွားနေ၍ ကျောက်တော်မြို့မှ နာမည်ကြီးသမိုင်းဝင် ကျောက်တော်တောင်တွင် ဘုရားဖူးသူနည်းပါး၍ မျောက်များ အစာငတ်ရာမှ အနီးအနားရှိ ကစ္ဆပနဒီတံတားထိ ဆင်းလာပြီး အစာရှာစားနေကြသည်ဟု သတင်းရရှိသည်။

ကျောက်တော်တောင်ဘုရား ဂေါပက အဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ထွန်းစိန်က “ ဘုရားဖူးက ခါတိုင်းနှစ်တွေစာရင် ငါးပုံတစ်ပုံတောင် မရောက်ပါဘူး။ တိုက်ပွဲတွေဖြစ်နေတော့ အနီးအနားက ဘုရားဖူးမလာသလို ရပ်ဝေးက ဘုရားဖူးတွေလည်း မလာကြဘူး။ ဒီတော့ မျောက်တွေအတွက် အစာရှားသွားတာပေါ့” ဟု ပြောကြားသည်။

ကျောက်တော်တောင်ဘုရားတွင် မျောက်ကောင်ရေမှာ ၄ဝဝ နှင့် ၅ဝဝ ကြားရှိပြီး မျောက်များ အစာငတ်နေသဖြင့် စေတနာရှင်များက ထမင်းချက်ပြီး လာရောက်ကျွေးမွေးသလို တစ်ချို့လည်း ငှက်ပျောသီးများ ဝယ်ယူ၍ ကျွေးမွေးနေရသည်ဟု ဂေါပက ဥက္ကဋ္ဌမှ ပြောဆိုသည်။

“ ခါတိုင်းနှစ်တွေမှာလည်း မိုးရာသီဆိုရင် တံတားပေါ်ထိ မျောက်တွေက အစာဆင်းရှာကြတယ်။ ဒီနှစ်ကတော့ ပိုများပါတယ်။ ဒီနှစ်က ဘုရားဖူးတွေ အလာနည်းတော့ အစားအစာပိုရှားသွားတော့ သူတို့ ပိုများလာတာကို တွေ့ရပါတယ်” ဟု ပြောကြားသည်။

ကျောက်တော်တောင်တွင် မျောက်ကောင်ရေ ၅ဝဝ ခန့်ရှိပြီး ယခင်က ဘုရားဖူးများမှ အနီးအနားတွင် ရောင်းချသည့် ငှက်ပျောသီး၊ မြေပဲတောင့်များကို ဝယ်ယူ၍ မျောက်များကို ကျွေးမွေးကြသည်။

ကျောက်တော် ဒေသခံ ဦးမောင်ကျော်သာက “ တိုက်ပွဲတွေ ဖြစ်နေတော့ ဘုရားဖူးတွေ မလာကြတော့ မျောက်တွေအတွက် အစာရောင်းသူတွေကလည်း မရှိသလောက်ဖြစ်သွားတယ်။ မျောက်တွေ အစားငတ်ကုန်တာပေါ့။ မျောက်တွေ လည်း ဒုက္ခရောက် ကြရပါတယ်” ဟု ပြောဆိုသည်။

မျောက်များမှာ အုပ်စုဖွဲ့ကာ ကစ္ဆပနဒီ တံတားထိ ဆင်းလာကြပြီး လမ်းသွားလမ်းလာများထံများ နေ့စဉ် အစာများတောင်းကြသည်ဟု သိရသည်။

(ဓာတ်ပုံ- Tun Nai Win)

Photo - APM
May 23, 2026
အာရက္ခပြည်စာရေးဆရာအသင်း (ဗဟို) မှ လစဉ်ပုံနှိပ်ထုတ်ဝေဖြန့်ချိသွားမည့် ”အာရက္ခသွီးချင်းဂျာနယ်”...
ဓာတ်ပုံ - လင်းရောင်ခြည်ဖောင်ဒေးရှင်းက အခမဲ့ဖွင့်လှစ်ခဲ့သည့်ကျောင်းများရှိ စစ်ရှောင်ကျောင်းသူ၊ ကျောင်းသားများအား ယခင်နှစ်က တွေ့ရစဉ်။
May 22, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်းရှိ လူမှုကူညီရေးအဖွဲ့တစ်ခုဖြစ်သော လင်းရောင်ခြည်ဖောင်ဒေးရှင်းက ယခု...
May 21, 2026
“အာရက္ခပြည်မှာ ကြိုးပမ်းတည်ဆောက်နေတဲ့ လူမျိုးပေါင်းစုံချစ်ကြည်ရေး၊...
May 20, 2026
မောင်စာဂ — ရခိုင်ပြည်၊ မြေပုံမြို့နယ်မှ အရပ်သားရှစ်ဦးကို စစ်အုပ်စု၏နေဗီတစ်စီးက ဖမ်းဆီးသွားသည်ဟု...