မွန်ပါတီတွင် အမျိုးသမီးပါဝင်မှု နည်းနေသေး

မွန်ပါတီတွင် အမျိုးသမီးပါဝင်မှု နည်းနေသေး

မွန်ညီညွတ်ရေး ပါတီတွင် အမျိုးသမီးပါဝင်မှု ၁၀ ရာခိုင်နှုန်းသာရှိသဖြင့် အမျိုးသမီးများ ပိုမိုပါဝင်လာရန် ဆိုင်းဘုတ်တင်ပွဲ အခန်းအနားတွင် ဖိတ်ခေါ်လိုက်သည်။

ဇူလိုင်လ ၂၇ ရက်နေ့(ယနေ့) တွင် ကျင်းပခဲ့သည့် ပါတီဗဟို ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားတွင် မွန်ညီညွတ် ရေးပါတီ တွဲဖက်အတွင်းရေးမှူး (၁) နိုင်လရီတမက “ကျနော်တို့ ဗဟိုကော်မတီ အဆင့်မှာ အမျိုးသမီးရော လူငယ်ရောပါဝင်မှု အားနည်းနေသေးတယ်” ဟု ပြောသည်။ “ကျနော်တို့မှာ အမျိုးသမီးဖြစ်စေ အမျိုးသားဖြစ်စေ လူငယ်ဖြစ်စေ ဘယ်သူကဘယ်နှရာခိုင်နှုန်းပါရမယ်လို့ ကန့်သတ်ချက်မရှိဘူး။ ပါနိုင်သလောက်ကို ပါနိုင်ဖို့ကို ကျနော်တို့ လမ်းဖွင့်ထားတယ်။” ဟုပြောသည်။

မွန်ညီညွတ်ရေးပါတီအနေဖြင့် အမျိုးသမီးများ တောင်းဆိုနေသည့် အမျိုးသမီးပါဝင်မှု ၃၀ ရာခိုင်နှုန်းကျော် ပါဝင်လာလျှင်လည်း ပါဝင်ခွင့်ပေးသွားမည်ဟု ပြောသည်။

လာမည့်ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းများ ရွေးချယ်သည့်အခါတွင်လည်း အမျိုးသမီးနှင့် လူငယ်များ ပါဝင်နိုင်မည့် အချိုးအစား ထည့်တွက်စဉ်းစားရန်လည်းရှိသည်ဟု နိုင်လရီတမက ပြောသည်။

မွန်ညီညွတ်ရေးပါတီအနေဖြင့် အမျိုးသမီးပါဝင်ခွင့်ကို ကန့်သတ်ချက်မရှိ လမ်းဖွင့်ပေးထားသော်လည်း အကြောင်းအမျိုးမျိုးကြောင့် အမျိုးသမီးများကိုယ်၌ကပင် ပါဝင်လာနိုင်ခြင်းမရှိသည့် အနေအထားရှိနေသည်ဟု မွန်အမျိုးသမီး မိငွေလေးက ပြောသည်။

“အမျိုးသမီးပါဝင်မှုနဲ့ ပတ်သက်ပြီး အမျိုးသမီးတွေကိုယ်တိုင်က တောင်းဆိုနေကြပေမယ့် တကယ်တမ်း ပါဝင် ခွင့်ပေးရင်လည်း အမျိုးသမီးတွေကိုယ်၌က အကြောင်းအမျိုးမျိုးပြပြီးတော့ မပါဝင်လာနိုင်တာတွေရှိတယ်”

မွန်ညီညွတ်ရေးပါတီအနေဖြင့် ပါတီတွင် အမျိုးသမီး၊ လူငယ်များ သာမက မွန်အင်အားစုများ ပါဝင်လာနိုင်ရန်အတွက် ကြိုးပမ်းသွားရန်လည်း မွန်ပါတီခေါင်းဆောင်များက သဘောတူဆုံးဖြတ်ထားကြသည်။



မွန်ညီညွတ်ရေးပါတီသည် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ၊ မွန်အမျိုးသားပါတီနှင့် မွန်အင်အားစုတို့ ပူးပေါင်း ဖွဲ့စည်းထားသည့်ပါတီဖြစ်ပြီး ၂၀၁၉ ခုနှစ် မေလ ၁၇ ရက်နေ့က ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ ပါတီတည်ထောင်ဖွဲ့စည်းခွင့်ပြုခဲ့သည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ ပြည်ထောင်စုတစ်ဝန်းလုံးတွင် စည်းရုံးမည့် နိုင်ငံရေးပါတီအဖြင့် ရွေးကောက်ပွဲ ကော်မရှင်က ၂၀၁၉ ခုနှစ် ဇူလိုင် ၁၁ ရက်နေ့ ရက်စွဲ မွန်ညီညွတ်ရေးပါတီကို မှတ်ပုံတင်ခွင့်ပြု ခဲ့သည်။

Most read this week

February 17, 2026
မောက်မယ်တွင် စစ်ကော်မရှင်တပ်နှင့် PNA ပူးပေါင်းတပ်က နည်းပညာမြင့် အသေခံဒရုန်းများဖြင့်...
February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...