အသက်(၁၄)နှစ်အရွယ်လူငယ်တစ်ဦးအပါအဝင် ၁၁ဦး ပုဏ္ဏားကျွန်းတွင်ဖမ်းဆီးခံရ

အသက်(၁၄)နှစ်အရွယ်လူငယ်တစ်ဦးအပါအဝင် ၁၁ဦး ပုဏ္ဏားကျွန်းတွင်ဖမ်းဆီးခံရ

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် ရသေ့တောင်မြို့နယ်မှ လာရောက်သူ အသက် ၁၄ နှစ်အရွယ် လူငယ် တစ်ဦးအပါအဝင် စုစုပေါင်း လူ ၁၁ ဦးကို အာဏာပိုင်များက ဖမ်းဆီးထိန်းသိမ်းထားသည်ဟု သတင်းရရှိသည်။

အမှတ်(၃) မဲဆန္ဒနယ်မြေ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က “ ကျွန်တော် ပုဏ္ဏားကျွန်းမြို့ နယ် ရဲစခန်းကို ဆက်သွယ်တော့ လူ ၁၁ ဦး ဖမ်းဆီးထားတယ်ဆိုတာကို အတည်ပြုတယ်။ အကုန်လုံးက ရသေ့တောင်မြို့နယ်က ဖြစ်တယ်။ အဲဒီအထဲမှာ ကားဒရိုင်ဘာလည်း ပါတယ်။ ကားက ရသေ့တောင်ကလို့ ပြောတယ်။ အထက်မြတ်လှဲက လာတယ်လို့ ပြောတယ်။ ဘယ်နားမှာ ဖမ်းလဲဆိုတာ သေသေချာချာ မသိရဘူး။ ဘာကြောင့် ဖမ်းတယ်လဲဆိုတာလည်း တိတိကျကျ မသိရဘူး။ ရဲက စစ်ဆေးနေတုန်းလို့ဘဲ ပြောပါတယ်” ဟု ပြောဆိုသည်။

ဖမ်းဆီးခံရသူများထဲတွင် ရသေ့တောင်မြို့နယ် ပြာပင်ရင်းရွာမှ သိန်းထွန်းဦး(၁၄) နှစ်(ဘ) ဦးမောင်ဝင်းသိန်းနှင့် မောင်နေလင်းထွန်း (၁၈)နှစ် (ဘ)ဦးမောင်ခင်မြတို့ ပါဝင်သည်။

ပြာပင်ရင်းရွာမှ ဆွေမျိုး တစ်ဦးဖြစ်သူ ဦးမောင်စောသန်းက “ ကျွန်တော်တို့ အခုသူတို့နဲ့ တွေ့ဖို့ ပုဏ္ဏားကျွန်းမြို့ကို ရောက်နေပါတယ်။ မိဘတွေနဲ့ တွေ့ခွင့်မရသေးဘူး။ စခန်းမှူးက စစ်ဆေးနေတုန်းဖြစ်လို့ တွေ့ခွင့်မရသေးဘူးလို့ ပြောပါတယ်။ ပြာပင်ရင်းက နေလင်းထွန်းရဲ့ အမဆီကို ပုဏ္ဏားကျွန်းမြို့  စခန်းမှူးက အကြောင်းကြားပါတယ်။ ဒီအတွက် သူတို့နဲ့ တွေ့ဖို့လိုက်လာကြတာပါ။ အခုတွေ့ခွင့်လည်း မရဆိုတော့ မိသာစုတွေက စိုးရိမ်နေကြပါတယ်” ဟု ပြောသည်။

မောင်နေလင်းထွန်းမှာ လက်ရှိ ဆယ်တန်းတက်ရောက် သင်ကြားနေသည့် ကျောင်းသား တစ်ဦးဖြစ်ပြီး သိန်းထွန်းဦးမှာ မိဘ မတတ်နိုင်သဖြင့် ကျောင်းပြင်ပကို ရောက်နေသူ တစ်ဦး ဖြစ်ကြောင်း၊ ယခုလ ၂ဝ ရက်နေ့က ပြာပင်ရင်းရွာအနီးမှ ရေတပ်သင်္ဘော ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်ခံရပြီးနောက် မိသားစုများနှင့် ကြောက်လန့်ကာ တကွဲတပြား ထွက်ပြေးစဉ် ကွဲကွာ သွားသူများ ဖြစ်ကြောင်း၊ မည်သည့်အတွက်ကြောင့် ပုဏ္ဏားကျွန်းမြို့နယ်တွင် ဖမ်းဆီးခံရသည်ကို သေသေချာချာ မသိရသေးကြောင်း ၎င်းက ပြောကြားသည်။

“ပုဏ္ဏားကျွန်း စခန်းမှူးက သူလည်း စစ်တွေကို ရောက်နေတယ်လို့ ပြောပါတယ်။ သူတို့နဲ့ တွေ့ခွင့်မရဘူး။ စစ်ဆေးနေတုန်းဖြစ်တယ်။ အဲသလိုဘဲ ပြောပါတယ်။ ကျွန်တော်တို့ စခန်းမှူးကိုလည်း တွေ့ခွင့်တောင်းထားပါတယ်” ဟု ပြောကြားသည်။

နိရဥ္စရာသတင်းဌာနမှ ပုဏ္ဏားကျွန်းမြို့နယ် ရဲမှူးသို့ အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး အတည်ပြုချက်ရယူလိုသဖြင့် အကြိမ်ကြိမ် ဖုန်းဆက်သောလည်း ဖုန်းကိုင် ဖြေဆိုခြင်း မရှိပါ။

ဒေသခံ တစ်ချို့၏ အပြောအရ ၎င်းလူငယ် ၁ဝ ဦးအား ရက္ခိုင့်တပ်တော် ( AA) သို့ ဝင်ရောက်ရန်သွားသည်ဟု သံသယဖြင့် ဖမ်းဆီးခြင်း ဖြစ်ကြောင်း ပြောကြားသော်လည်း နိရဥ္စရာ သတင်းဌာနအနေဖြင့် အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါ။

နောက်ဆုံးရရှိသော သတင်းအရ ၎င်းလူငယ် ၁ဝ ဦးနှင့် ကားဒရိုင်ဘာတို့အား စစ်တွေ စစ်ကြောရေးသို့ ခေါ်ဆောင်သွားပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

ရခိုင်ပြည်နယ်အတွင်း AA နှင့် ဆက်စပ်သံသယဖြင့် ဖမ်းဆီး စစ်ဆေးခံထားရသူ ၁ဝဝ ကျော်ထိ ရှိနေပြီး စစ်ဆေးနေစဉ် သေဆုံးသူ အရေအတွက်မှာလည်း ၁၇ ဦးထိ ရှိနေပြီဟု သိရှိရသည်။

Photo - APM
May 23, 2026
အာရက္ခပြည်စာရေးဆရာအသင်း (ဗဟို) မှ လစဉ်ပုံနှိပ်ထုတ်ဝေဖြန့်ချိသွားမည့် ”အာရက္ခသွီးချင်းဂျာနယ်”...
ဓာတ်ပုံ - လင်းရောင်ခြည်ဖောင်ဒေးရှင်းက အခမဲ့ဖွင့်လှစ်ခဲ့သည့်ကျောင်းများရှိ စစ်ရှောင်ကျောင်းသူ၊ ကျောင်းသားများအား ယခင်နှစ်က တွေ့ရစဉ်။
May 22, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်းရှိ လူမှုကူညီရေးအဖွဲ့တစ်ခုဖြစ်သော လင်းရောင်ခြည်ဖောင်ဒေးရှင်းက ယခု...
May 21, 2026
“အာရက္ခပြည်မှာ ကြိုးပမ်းတည်ဆောက်နေတဲ့ လူမျိုးပေါင်းစုံချစ်ကြည်ရေး၊...
May 20, 2026
မောင်စာဂ — ရခိုင်ပြည်၊ မြေပုံမြို့နယ်မှ အရပ်သားရှစ်ဦးကို စစ်အုပ်စု၏နေဗီတစ်စီးက ဖမ်းဆီးသွားသည်ဟု...