အစိုးရ၊ စစ်တပ်နှင့် ကရင်နီ ဇူလိုင်လတွင် တွေ့ဆုံမည်

အစိုးရ၊ စစ်တပ်နှင့် ကရင်နီ ဇူလိုင်လတွင် တွေ့ဆုံမည်

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရှေ့ဆက်နိုင်ရန် ကရင်နီလက်နက်ကိုင် အဖွဲ့၊ အစိုးရနှင့် တပ်မတော်တို့ ဇူလိုင်လတွင် တွေ့ဆုံမည်ဟု ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP ဗဟိုကော်မတီဝင် ခူးညေးရယ်က ပြောသည်။

“ဒီဇူလိုင်လထဲမှာ ကျနော်တို့ တွေ့ဖို့ရှိတယ်ပေါ့ ဆက်ဆွေးနွေးဖို့ နောက်ပြီးတော့မှ နေပြည်တော်မှာ NRPC နဲ့ ကျနော်တို့ တွေ့ဖို့ရှိပါတယ်။ နောက်တပ်ဖက်ဆိုင်ရာလည်း တပ်ပိုင်းဆိုင်ရာအရ ကျနော်တို့ အဲလိုမျိုးတွေ့ဖို့ရှိပါတယ်။”

မူလက ဇွန်လအတွင်း တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားသော်လည် နှစ်ဖက် တာဝန်ရှိသူများ မအားလပ်ကြသည့်အတွက် တွေ့ဆုံဆွေးနွေးမည့်ရက်ကို ပြန်လည် ရွှေ့ဆိုင်းလိုက်ခြင်းဖြစ်သည်ဟု KNPP က ပြောသည်။

“အမှန်ကတော့ ကျနော်တို့ ဒီလ ၁၃၊ ၁၄ မှာတွေ့ဖို့ ချိန်းထားတယ်။ ဆိုတော့သူတို့ဘက်က မအားသေးဘူးပေါ့။ အစိုးရဘက်တို့ တပ်ဘက်တို့ မအားသေးဘူး။ အဲလိုဖြစ်တဲ့အခါကျတော့ ရက်ပြန်ရွှေ့တယ် ရက်ပြန်ရွှေ့တော့ ဒီနောက်ပိုင်းပေါ့ ကျနော်တို့ ခေါင်းဆောင်တွေလည်း တစ်ချို့အပြင်ထွက်တယ်။ အပြင်ထွက်တဲ့ အခါကျတော့ ရက်တော့အတိအကျမသိသေးဘူးပေါ့၊ ဒါပေမယ့် ကျနော်တို့ ဇူလိုင်ထဲမှာ ပြန်ဖြစ်မယ်ဆိုတာတော့ အဲလိုပဲ သိရသေးတယ်ပေါ့” ဟု ခူးညေးရယ်က ဆက်ပြောသည်။

တပ်မတော်က ဖွဲ့စည်းထားသည့် ဗိုလ်ချုပ်ရာပြည့် ဦးဆောင်သည့် တပ်မတော် တွေ့ဆုံဆွေးနွေးရေးကော်မတီနှင့် အစိုးရဖက်မှ ဆွေးနွေးပွဲရလာဒ်ကို အဆုံးအဖြတ်ပေးနိုင်သည့် တာဝန်ရှိသူများ ပါဝင်တက်ရောက်နိုင်ရန် အတွက် နေပြည်တော်တွင် ဆွေးနွေးပွဲကို ပြုလုပ်ရန် KNPP က အစိုးရအား အဆိုပြုထားသည်။

တွေ့ဆုံဆွေးနွေးမည့်ရက်ကို နှစ်ဘက်တာဝန်ရှိသူများ ပြန်လည်ညှိနှိုင်းမည်ဟု KNPP က ပြော သည်။

ဇူလိုင်လအတွင်း ပြုလုပ်မည့် အစိုးရနှင့် KNPP တို့၏ တွေ့ဆုံဆွေးနွေးပွဲတွင် KNPP အနေဖြင့် ပြည်နယ်အဆင့် ပြည်ထောင်စုအဆင့်တွင် လက်မှတ်ရေးထိုးထားသည့် အကြောင်းအရာများကိုသာ အဓိကထားဆွေးနွေးသွားမည်ဟု ခူးညေးရယ်က ပြောသည်။

“အဓိကကတော့ ဖွံ့ဖြိုးရေး ပညာရေး ကျန်းမာရေး ဒါကတော့ အစိုးရနဲ့ NRPC နဲ့ တွေ့ပြီးတော့ ဆွေးနွေးရမယ်။ ဥပမာ တပ်ပိုင်းဆို တပ်ပိုင်းဆိုင်ရာကိစ္စတွေ အဲဒီလိုမျိုး ကျနော်တို့ အတိအကျဆွေးနွေးမယ် အဲလိုမျိုးပေါ့။”

ပြီးခဲ့သည့် မေလ ၆ ရက်နေ့က အစိုးရ ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူး အငြိမ်းစား ဒု-ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး ဦးဆောင်သည့် ကိုယ်စားလှယ်များ နှင့် KNPP ဒု-ဥက္ကဋ္ဌ ခူးဦးရယ်တို့ ဦးဆောင်သည့် အဖွဲ့တို့ ကယားပြည်နယ်၊ လွိုင်ကော်မြို့ Famous Hotel တွင် တွေ့ဆုံစဉ်ဆွေးနွေးခဲ့ကြသည်။ ထို့အစည်းအဝေးတွင် ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုလည်း တက်ရောက်ခဲ့သည်။

ထို့တွေ့ဆုံဆွေးနွေးပွဲတွင် ပြည်နယ်အစိုးရနှင့် KNPP တို့ လစဉ်ပုံမှန်အစည်းအဝေး ပြုလုပ်ရန် နှစ်ဖက်သဘော တူညီခဲ့ကြသည်။

ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP သည် ပြည်နယ်အဆင့် ပြည်ထောင်စုအဆင့် လက်မှတ်ရေးထိုးထားသည့် အဖွဲ့ဖြစ်ပြီး အစိုးရနှင့် NCA စာချုပ် လက်မှတ်ရေးထိုးနိုင်ရန် ဆွေးနွေးနေဆဲဖြစ်သည်။

Most read this week

ဓါတ်ပုံ - Crd
September 5, 2026
ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ညောင်ကျိုးအဆင်းရှိ အာရက္ခတပ်တော်...
ဓာတ်ပုံ - ဒေါနတနင်္သာရီ - စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့
September 5, 2026
မွန်ပြည်၊ ကရင်ပြည်နှင့် တနင်္သာရီတိုင်းတို့တွင် စစ်အုပ်စုတပ်၏ စစ်ကြောင်းထိုးမှုနှင့် လေကြောင်း...
ပုံဟောင်း / Crd
September 4, 2026
ရခိုင်ပြည်အတွင်း စစ်ရေးအရ အထိနာနေသည့် စစ်အုပ်စုတပ်သည် ပုဏ္ဏားကျွန်း၊ စစ်တွေနှင့် ရသေ့တောင်...
September 4, 2026
မကွေးတိုင်း၊ ယောဒေသ ဆောမြို့နယ်၊ သီးကုန်းကျေးရွာအတွင်းသို့ စစ်အုပ်စုတပ် စစ်ကြောင်း ရုတ်တရက်...