အစိုးရ၏ စစ်ဘေးရှောင်စခန်းများတည်ဆောက်ရေး ကျောက်တော်မြို့နယ်မှ စခန်းများ မပါဝင်၍ စခန်းနေသူတို့စိတ်ပျက်

အစိုးရ၏ စစ်ဘေးရှောင်စခန်းများတည်ဆောက်ရေး ကျောက်တော်မြို့နယ်မှ စခန်းများ မပါဝင်၍ စခန်းနေသူတို့စိတ်ပျက်

ရခိုင်ပြည်နယ် အစိုးရမှ စစ်ဘေးရှောင်စခန်းတစ်ချို့ကို တည်ဆောက်ရန် စီစဉ်နေရာ ထိုအထဲတွင် မြိုတိုင်းရင်းသား စစ်ဘေးရှာင် ၁၀၀၀ ကျော်နေထိုင်သည့် ဝါးတောင်စခန်းမပါဝင်သဖြင့် စိတ်ပျက်မိကြောင်း စခန်းခေါင်းဆောင်များက နိရဉ္စရာ သတင်းဌာနသို့ ပြောကြားသည်။

“ ကျွန်တော်တို့ စခန်းမှာ ကျေးရွာ ၈ ရွာက အိမ်ထောင်စုပေါင်း ၂၂၂ စု၊ လူပေါင်း ၁၀၀၀ ကျော်ရှိပါတယ်။ အခု နေတဲ့ မြေနေရာကလည်း ပုံစံ (၇) ပေါက်ထားတဲ့ မြေနေရာ ဖြစ်တဲ့ အတွက် စခန်းဆက်လက် ဆောက်ပြီး နေထိုင်တာကို ပိုင်ရှင်က ခွင့်မပြုနိုင်ဘူးလို့ ပြောပါတယ်။ ဒါ့ပြင် မိုးရွာ လေတိုက်နဲ့ အဆောင်တွေလည်း ပြိုကျ၊ ရေဝင်နေတော့ နေစရာ မရှိ ဖြစ်နေပါတယ်။ ဒါကြောင့် အဆောင်တွေကို စနစ်တကျ ဆောက်လုပ်ပေးဖို့ ကျွန်တော်တို့ လိုလားနေပါတယ်” ဟု စခန်းမှ ခေါင်းဆောင် တစ်ဦးဖြစ်သူဦးမောင်လှက ပြောကြားသည်။

ထိုသို့ မြေနေရာအခက်အခဲနှင့် နေစရာအခက်အခဲဖြစ်နေရခြင်း အပေါ် မြို့နယ်အဆင့် တာဝန်ရှိသူများကို တင်ပြရာ “ နေရာချပေးမည်၊ အချိန်နည်းနည်းစောင့်ပါ” ဟုပြောဆိုကြောင်း၊ ယခု မိုးကျနေပြီ ဖြစ်၍ စခန်းတစ်ခုလုံး ဒုက္ခရောက်နေကြောင်း ၎င်းက ပြောကြားသည်။

ရခိုင်ပြည်နယ် အစိုးရမှ စစ်ဘေးရှောင် စခန်းများကို တည်ဆောက်ပေးရန် စီစဉ်နေရာ ၎င်းအထဲတွင် ရသေ့တောင်မြို့နယ်တွင် သောင်းဒရားနှင့် ရွာသစ်ကေရွာ ၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် အထက်မြတ်လှဲနှင့် သာစည်၊ မြောက်ဦးမြို့နယ် တိမ်ညိုနှင့် ဓမ္မာရာဇ်၊ မင်းပြားမြို့နယ်တွင် နဒင်၊ ဘူးသီးတောင်မြို့နယ်တွင် မြောင်းနားနှင် အထက်ကျွဲချိုမော်တို့ပါဝင်သည်။

ကျောက်တော်မြို့နယ်မှ ကန်စောက်၊ ဝါးတောင် စခန်းများ မပါဝင်ကြောင်း သိရသည်။

“ ကျွန်တော်တို့ ဝါးတောင်မှာက ရွာ၈ ရွာက မြိုတိုင်းရင်းသားတွေပါ။ ကျွန်တော်တို့ဒေသမှာ မိုင်းပေါက်တာတွေရှိတယ်။ အခု မိုးဆိုတော့ သွားရေး လာရေးလည်း ခက်ခဲ သွားပါပြီ။ အခု ရွာကိုပြန်ရင်လည်း တောင်ယာစိုက်ပျိုးလို့ မရတော့ဘူး။ အချိန်က မရှိတော့ဘူး။ ဒါကြောင့် တစ်မိုး တစ်ဝါကို ဒီမှာဘဲ နေဖို့ ဆုံးဖြတ်ထားတာပါ။ အခု အဆောင်လည်း ဆောက်မပေးတော့ စိတ်ပျက် မိပါတယ်” ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

ဝါးတောင်စခန်းတွင် နေထိုင်နေကြသူများမှာ ကျောက်တော်မြို့နယ် ခမောင်းရွာ၊ ကင်ဘိရွာ၊ ပြိန်းချောင်း၊ ငစရိုင်းကိုင်း၊ ချင်းမဝန်တောင်း၊ လပွီ၊ အတွင်းပညာစသည့် ကျေးရွာများမှ ဖြစ်ကြောင်း သိရသည်။

ဝါးတောင်စခန်းမှ ဒေါ်မလှဦးက “ ကျန်းမာရေးစောင့်ရှောက်မှုကတော့ ပုံမှန်ရှိပါတယ်။ ဆန်အပါအဝင် ရိက္ခာတွေကတော့ လောလောဆယ် အဆင်ပြေပါတယ်။ ပြသနာက မိုးရွာတော့ အဆောင်တွေမှာ ရေဝင်ပြီး အခက်အခဲ ဖြစ်နေပါတယ်။ မီးဖိုချောင်းတွေမှာ ရေဝင်နေတော့ ထမင်းချက်ရတာ တော်တော်အခက်အခဲ ဖြစ်နေပါတယ်” ဟု ပြောကြားသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ပြည်နယ် အစိုးရ ပြောခွင့်ရသူ စည်ပင်ဝန်ကြီးအား ဆက်သွယ်ရာ အဆက်အသွယ် မရရှိသေးသဖြင့် ပြည်နယ် အစိုးရ၏ သဘောထားကို မသိရှိရသေးပါ။

Most read this week

January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...
January 13, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပြင်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်၏ ရှေ့တန်းစစ်မျက်နှာ‌...
ဗုံးကြဲခံခဲ့ရသည့်မြောက်ဦးပြည်သူ့ဆေးရုံအတွက် ဂျပန်နိုင်ငံတွင် အလှူငွေကောက်ခံနေ
January 12, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့တွင် ဗုံးကြဲခံလိုက်ရသည့်ပြည်သူ့ဆေးရုံအားထောက်ပံ့နိုင်ရန်...
January 9, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် ယနေ့ အာရက္ခတပ်တော်(AA)၏ ခြုံခိုတိုက်ခိုက်မှုကြောင့် အင်အား ၁၀၀...