ရခိုင်ပြည်နယ်လွှတ်တော်ဒုဥက္ကဋ္ဌ ALD ပါတီနှင့် ပူးပေါင်း

ရခိုင်ပြည်နယ်လွှတ်တော်ဒုဥက္ကဋ္ဌ ALD ပါတီနှင့် ပူးပေါင်း

ရခိုင်အမျိုးသားပါတီ ( ANP) ပါတီကို ကိုယ်စားပြုပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် မြေပုံမြို့နယ် အမှတ် (၂) မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရရှိခဲ့သည့် ဦးမြသန်း ( လက်ရှိ ရခိုင်ပြည်နယ် လွှတ်တော် ဒုဥက္ကဋ္ဌ) သည် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ( ALD) သို့ ပူးပေါင်းဝင်ရောက်သွားပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

လွှတ်တော်ဒုဥက္ကဋ္ဌ ဦးမြသန်းက “ ANP က ကျွန်တော်ကို ထုတ်ပစ်ပါတယ်။ လွှတ်တော် ဒုဥက္ကဋ္ဌနေရာကို ပြိုင်တဲ့ နေရာမှာ ပါတီရဲ့ ဦးဆောင်မှုကို မခံယူ၊ ပါတီရဲ့ စည်းကမ်းကို မလိုက်နာဆိုပြီး ကျွန်တော်ကို ထုတ်ပစ်ပါတယ်။ ထုတ်ပစ်တော့ ပါတီ တစ်ခုကို လက်ကိုင်ထားရမယ်ဆိုပြီး ALD ကို ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်” ဟု နိရဉ္စရာသတင်းဌာနသို့ ပြောကြားသည်။

ယခင် ရခိုင်ပြည်နယ် လွှတ်တော် ဒုဥက္ကဋ္ဌ ဦးဖိုးမင်း ကွယ်လွန်သွားသဖြင့် လစ်လပ်နေသော ရခိုင်ပြည်နယ် လွှတ်တော် ဒုဥက္ကဋ္ဌနေရာအား ရခိုင်အမျိုးသားပါတီ (ANP) မှ မြေပုံမြို့နယ်အမှတ်(၁) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းအား ဝင်ရောက်ယှဉ်ပြိုင်ရန် ရွေးချယ်ခဲ့သော်လည်း ၎င်းနေရာကို ဦးမြသန်းမှ ပါတီဆုံးဖြတ်ချက်ကို မလိုက်နာဘဲ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရရှိသွားခဲ့သည်။

“ ကျွန်တော်ကို ဆုံးဖြတ်ချက်မရရှိဘဲ ပါဝင်ယှဉ်ပြိုင်တဲ့ အတွက် ANP ပါတီကနေ ကျွန်တော်ကို ထုတ်ပယ်ခဲ့တယ်။ ပါတီ CEC ဆုံးဖြတ်ချက်နဲ့ ထုတ်တယ်လို့ သိရပါတယ်။ ထုတ်တဲ့ စာကို ပါတီ ဒုဥက္ကဋ္ဌ ဦးခိုင်ပြည်စိုး လက်မှတ်ထိုးထားပါတယ်။ နိုင်ငံရေးထဲမှာ ကျွန်တော်အနေနဲ့လည်း တစ်ယောက်တည်း လျှောက်လှမ်းဖို့ မဖြစ်နိုင်တာကြောင့် ပါတီ တစ်ခုတော့ လက်ကိုင်ထားရမယ်ဆိုပြီး ခုလို ALD ထဲကို ဝင်ရောက်ခဲ့ရတာပါ” ဟု ဆက်လက် ပြောဆိုသည်။

ဦးမြသန်အား ရခိုင်အမျိုးသားပါတီ (ANP) မှ ၂၀၁၇ ခုနှစ် ဇူလိုင် ၁၇ ရက်နေ့က ထုတ်ပယ်လိုက်ကြောင်း သိရှိရသည်။

ရခိုင်အမျိုးသားပါတီ (ANP) အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်က “ အဓိကတော့ ရခိုင်ပြည်နယ် လွှတ်တော်မှာ ဒုဥက္ကဋ္ဌနေရာကို ပါတီ စည်းမျဉ်းစည်းကမ်းနဲ့ အညီ ပါတီဌာနချုပ်မှာ ကျွန်တော်ပါတီက တင်မြောက်ဖို့ အတွက် ကိုယ်စားလှယ် ရွေးချယ်တဲ့ အခါ ဦးမြသန်းလည်း ရှိပါတယ်။ သူကိုယ်တိုင်လည်း ၎င်းအစည်းအဝေးကို တက်ရောက်ပြီး ပါတီမှ ချမှတ်တဲ့ ကိုယ်စားလှယ်လောင်းကိုဘဲ ပါတီက ယှဉ်ပြိုင်မယ်ဆိုပြီ ပြည်နယ်လွှတ်တော်မှာ အမည်စာရင်း တင်သွင်းပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ပါတီက ပါတီဝင်ဖြစ်တဲ့ ဦးမြသန်းဟာကျွန်တော်တို့ပါတီရဲ့ သဘောတူညီချက်မရဘဲနဲ့ ပါတီဝင်တစ်ယောက် ဖြစ်ပါလျက် ပါတီဗဟို၏ သဘောတူညီချက် မရဘဲ မိမိသဘောနဲ့ မိမိ ဝင်ရောက်ယှဉ်ပြိုင်တာဟာ ကျွန်တာ်တို့ပါတီရဲ့ စည်းမျဉ်းစည်းကမ်းကို ချိုးဖောက်ရာရောက်ပါတယ်။ ပါတီတွင်း မညီမညွတ်ဖြစ်မှု ဖြစ်နေတယ်ဆိုတာ အများပြည်သူကို ထင်ယောင်ထင်းမှာ ဖြစ်အောင် လုပ်ရာကျပါတယ်။ ကျွန်တော်ပါတီကို ထိခိုက်တဲ့ အတွက် ဗဟိုအလုပ်အမှုဆောင်ကော်မတီ ဆုံးဖြတ်ချက်အရ ပါတီကနေ ထုတ်ပယ်လိုက်ရခြင်း ဖြစ်ပါတယ်” ဟု နိရဉ္စရာ သတင်းဌာနသို့ ပြောကြားသည်။

၎င်းနောက်ပိုင်း ယခုအခါ ဦးမြသန်းကို ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ၏ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် အဖြစ် ပြောင်းလဲ သတ်မှတ်ပေးရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့တင်ပြခဲ့ရာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၂၂ ရက်နေ့ကတည်းက ALD ၏ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် အဖြစ် သတ်မှတ်ခဲ့သည်ဟု သိရသည်။

ဦးမြသန်းသည် ဥပဒေဘွဲ့ရရှိထားသူ တစ်ဦးဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ် မဖြစ်ခင်က တရားလွှတ်တော်ရှေ့နေတစ်ဦးဘဝဖြင့် သက်မွေးဝမ်းကြောင်း ပြုလုပ်ခဲ့သည်ဟု သိရသည်။

Most read this week

January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...
January 13, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပြင်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်၏ ရှေ့တန်းစစ်မျက်နှာ‌...
ဗုံးကြဲခံခဲ့ရသည့်မြောက်ဦးပြည်သူ့ဆေးရုံအတွက် ဂျပန်နိုင်ငံတွင် အလှူငွေကောက်ခံနေ
January 12, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့တွင် ဗုံးကြဲခံလိုက်ရသည့်ပြည်သူ့ဆေးရုံအားထောက်ပံ့နိုင်ရန်...
January 9, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် ယနေ့ အာရက္ခတပ်တော်(AA)၏ ခြုံခိုတိုက်ခိုက်မှုကြောင့် အင်အား ၁၀၀...