ကိုင်းကြီးကျေးရွာအနီး မိုင်းပေါက်ကွဲပြီးနောက် မောရဝတီကျေးရွာမှ လူငယ်၂ ဦး ဖမ်းဆီးခေါ်ဆောင်ခံရ

ကိုင်းကြီးကျေးရွာအနီး မိုင်းပေါက်ကွဲပြီးနောက် မောရဝတီကျေးရွာမှ လူငယ်၂ ဦး ဖမ်းဆီးခေါ်ဆောင်ခံရ

ရခိုင်ပြည်နယ် ၊မောင်တောမြို့နယ်တောင်ပိုင်း၊ ကိုင်းကြီးကျေးရွာအနီးတွင် ယမန်နေ့ ည ၇နာရီ ၅၀ မိနစ်ခန့်တွင် မိုင်း ၂လုံး ပေါက်ကွဲခဲ့သည်။

၎င်းမိုင်းပေါက်ကွဲမှုဖြင့် ကိုင်းကြီးကျေးရွာ အနီးရှိ မောရဝတီကျေးရွာသားများအား စစ်တပ်က ဘုန်းတော်ကြီး ကျောင်းတွင် ခေါ်ယူစစ်ဆေးပြီးနောက် လူငယ်၂ ဦးအား ဖမ်းဆီး ခေါ်ဆောင် သွားကြောင်း မိသားစုဝင်များက ပြောကြားသည်။

၎င်းလူငယ် ၂ ဦးမှာ မောရဝတီကျေးရွာမှ မောင်ကျော်သိန်း(၂၄) နှစ် (ဘ) ဦးထွန်းလှဦးနှင့် နေကျော်လင်း (၁၈)နှစ် (ဘ) ဦးရဲထွန်းတို့ဖြစ်ကြောင်းသိရသည်။

မောင်ကျော်သိန်း မိခင် ဒေါ်အဒုံခိုင်က “မနေ့ ညအချိန်က ကိုင်းကြီးဖက်မှာ ဗုံးပေါက်ပါတယ်။ ကိုင်းကြီးနားမှာ ဗုံးပေါက်လို့ ကျမတို့ ကျေးရွာကလူတွေ အကုန်လုံးက ကြောက်လို့ ဘုန်းကြီးကျောင်းကိုပြေးကြပါတယ်။ ကျမတို့က အိမ်မှာ ကျန်ခဲ့တာပါ။ ကျမသားက ဘုန်းတော်ကြီးကျောင်းမှာအမြဲတန်း အိပ်တာပါ။ မနေ့က ညက စစ်တပ်က ဘုန်းတော်ကြီး ကျောင်းကို ဝင်လာတဲ့ အချိန်မှာ ကျောင်းကလူတွေကကြောက်ပြီး ကျောင်းသင်ခန်း နဲ့ သိမ်ကို ဝင်ပြေးကြတယ်။ အဲဒီအချိန်မှာ စစ်တပ်ကယောကျ်ား မိန်းမ အားလုံး အပြင် ထွက်ဆိုပြီး ခေါ်ထုတ်တယ်လို့ ပြောပါတယ်။ အားလုံးထွက်လာတဲ့အချိန်မှာ ကျမသား ဆိုင်ကယ်ကိုလည်း ဘုန်းတော်ကြီး ကျောင်းမှာ ထားတာပါ။ သူကိုင်တဲ့ ဖုန်းကိုလည်း ဆိုင်ကယ် ဘောက်ထဲမှာ ထည့်ထားတယ်လို့ ပြောပါတယ်။သူတို့ စစ်ဆေးတဲ့ အချိန်မှာ ဒီဆိုင်ကယ်က ဘယ်သူ့ဆိုင်ကယ်လဲလို့ မေးတဲ့အခါ လူတွေက မောင်ကျော်သိန်း ဆိုင်ကယ်လို့ ပြောလိုက်တဲ့အခါ ဆိုင်ကယ်ဘောက်ကို ဖွင့်ခိုင်းတယ်။ ဆိုင်ကယ်ဘောက်ထဲက ဖုန်းကို တွေ့ပြီး ဖုန်းကိုဖွင့်လို့ သူတို့ စစ်ဆေးတဲ့အခါ စာပို့ တာတွေ့တယ်ဆိုပြီး ကျမသားလေးနဲ့ အတူ အိပ်နေတဲ့ နေကျော်လင်းနဲ့ အတူ သူတို့ ၂ယောက်ကို စစ်တပ်က ဖမ်းခေါ်သွားပါတယ်”ဟု နိရဉ္စရာ သတင်းဌာနသို့ပြောသည်။

မောင်ကျော်သိန်း၏ ဘခင်ဖြစ်သူ ဦးထွန်းလှဦးအား ယနေ့ ညနေ ၃ နာရီခွဲက ဆက်သွယ်ရာ ယခုအချိန်ထိ ပြန်မလွတ်လာသေးကြောင်း၊ မိသားစုများနှင့်လည်း အဆက်အသွယ်မရရှိကြောင်း ပြောကြားသည်။

“ ကျွန်တော်သားက ကျဘမ်းလုပ်စားနေတာပါ။ အခု လက်ရှိ ပန်းရံလုပ်နေပါတယ်။ တစ်ရွာလုံးကို မေးကြည့်ရင်လည်း ရပါတယ်။ ရွာမှာ ရိုးရိုးသားသားလုပ်ကိုင်စားသောက်နေသူပါ။ အခုတော့ မိသားစုတွေ စိတ်မကောင်းဖြစ်နေကြရပါပြီ။ သူ့အမေရော၊ ကျနော်ရော ခုချိန်ထိ ထမင်းမစားနိုင်ဘဲ ဖြစ်နေကြပါတယ်” ဟု ပြောကြားသည်။

ရခိုင်ပြည်နယ်၊ အနောက်ဖက်နယ်စပ် မောင်တောမြို့နယ် ကိုင်းကြီးရခိုင်ရွာနှင့် မြိုကျေးရွာကြားကွန်ကရစ် ကားလမ်း တံတားအနီးတွင် ဧပြီလ ၂၁ ရက် ည ၇နာရီ ၅၀ မိနစ်ခန့်တွင် မိုင်း ၂လုံးပေါက်ကွဲခဲ့သည်။

၎င်းမိုင်းပေါက်ကွဲပြီးနောက်ပိုင်း မောရဝတီဘုန်တော်ကြီးကျောင်းထဲသို့ စစ်တပ် ရောက်ရှိလာပြီး ညနေ ၉နာရီထိ ကျေးရွာသားများအား စစ်ဆေးပြီးနောက် ၎င်းလူငယ်နှစ်ဦးအားဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်ဟု သိရသည်။

၎င်းတို့၏ နေအိမ်ကိုလည်း စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း၊ ၎င်းတို့နေအိမ်အားစစ်ဆေးပြီးနောက် ၎င်းလူငယ် ၂ ဦးကို မောရဝတီ တပ်ရင်းသို့ ခေါ်ဆောင်သွားကြောင်း မိသားစုများက ပြောသည်။

လူငယ်နှစ်ဦးဖမ်းဆီးခံရမှုနှင့်ပတ်သက်ပြီး မောင်တောမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အား ဆက်သွယ်မေးမြန်းခဲ့ရာ လွှတ်တော်ကိုစားလှယ် ဦးမောင်အုန်းက “လူငယ် နှစ်ယောက်ကို ဖမ်းသွားတယ်ပေါ့နော်။ဘုန်းကြီးကျောင်းသားလေးတစ်ယောက်ပါတယ်။နောက်ပြီး ရွာက တစ်ယောက် ပါတယ်။ သူတို့က အခု မောရဝတီ ဗျူဟာမှာ စစ်ဆေးနေတယ်လို့ သိရပါတယ်။ ရိုးသားတဲ့ ကလေးတွေလို့ ရွာသားတွေက ပြောပါတယ်။ မဟုတ်မဟပ် ဖမ်းဆီး မခံရစေချင်ဘူးပေါ့။ စစ်ဆေးလို့တော့ရပါတယ်။ မဟုတ်ရင် ပြန်လွတ် ပေးစေချင်တယ်။ မတော်မတရားဖမ်းဆီး ချုပ်နှောင်မှုမျိုးကိုတော့ မဖြစ်စေချင်ဘူးပေါ့”ဟု ပြောဆိုသည်။

ယမန်နေ့ ည မိုင်းပေါက်ကွဲခဲ့သည့် ကိုင်းကြီးကျေးရွာတွင်လည်း သက်ဆိုင်သည့် ဌာနဆိုင်ရာ အဖွဲ့ အစည်းများမှ တစ်အိမ်ဝင် တစ်အိမ်ထွက် အိမ်ထောင်စု စာရင်းများ စစ်ဆေးမှုများပြုလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး တပ်ဘက်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့သို့ မေးမြန်းလိုသော်လည်း အဆက်အသွယ် မရရှိသဖြင့် မေးမြန်းတင်ပြနိုင်ခြင်း မရှိပါ။

မောရဝတီ အုပ်ချုပ်ရေးမှူး ဦးလှထွန်းဦးသို့ ယနေ့ည နေ ၄ နာရီ ၅၀ မိနစ်က ဆက်သွယ်ရာ အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံရန် သွားရောက်ရန် စီစဉ်နေသဖြင့် အသေးစိတ် မပြောလိုသေးကြောင်း ပြောကြားသည်။

Most read this week

January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...
January 13, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပြင်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်၏ ရှေ့တန်းစစ်မျက်နှာ‌...
ဗုံးကြဲခံခဲ့ရသည့်မြောက်ဦးပြည်သူ့ဆေးရုံအတွက် ဂျပန်နိုင်ငံတွင် အလှူငွေကောက်ခံနေ
January 12, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့တွင် ဗုံးကြဲခံလိုက်ရသည့်ပြည်သူ့ဆေးရုံအားထောက်ပံ့နိုင်ရန်...
January 9, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် ယနေ့ အာရက္ခတပ်တော်(AA)၏ ခြုံခိုတိုက်ခိုက်မှုကြောင့် အင်အား ၁၀၀...