အမေရိကန်ရောက် ရခိုင်လူမျိုး ၃၀၀ ခန့်သည် အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီ မြို့တော်ရှိ မြန်မာသံရုံးရှေ့တွင် ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့စစ်ပွဲအတွင်း အရပ်သားတွေ သေကြေဒဏ်ရာရခြင်း၊ ရှေးဟောင်းအမွေအနှစ်များ ပျက်စီးဆုံးရှုံးခြင်းများကို ဆန့်ကျင် ကန့်ကွက်သည့် အနေဖြင့် မတ်လ ၂၅ ရက်နေ့က ဆန္ဒပြခဲ့ကြသည်။
ဦးဦးသိန်းမောင်- ဥက္ကဋ္ဌ ( အမေရိကန် ရခိုင်လူမှုအဖွဲ့အစည်း) က “ ရခိုင်အရပ်သား ပြည်သူတွေကို ညှဉ်းဆဲ သတ်ဖြတ်နေမှုတွေ၊ နောက်တစ်ခါ ရခိုင်ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို ဖျက်ဆီး လုယက်တာတွေ၊ ဒီထက် ပိုပြီး အဆိုးက ရခိုင်ရှေးဟောင်း အမွေအနှစ်တွေကို ဖျက်ဆီးတာတွေ၊ ဘုရားပုထိုးစေတီက အစ အကုန်လုံး ဖျက်ဆီးနေတာတွေကို ကန့်ကွက်ရှုတ်ချတဲ့ အနေနဲ့ ကျွန်တော်တို့ စုရုံးပြီး ဒီဆန္ဒပြရတာ ဖြစ်ပါတယ်” ဟု မီဒီယာများသို့ ပြောကြားသည်။
၎င်းပြင် မြန်မာ့တပ်မတော်က အရပ်သားတွေကို တိုက်ခိုက်နေမှုများကို ရပ်တန့်ရန်၊ ၊ ငြိမ်းချမ်းရေး ဆွေးနွေးရန်၊ စစ်ပြေးဒုက္ခသည်များကို အကူအညီပေးမည့် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့များကို ဝင်ခွင့်ပြုရန်၊ မြန်မာ့တပ်မတော်ကို နိုင်ငံတကာက လက်နက်ရောင်းချမှုများကို ပိတ်ပင်ပေးရန် စသည့် တောင်းဆိုချက်များကိုလည်း တောင်းဆိုခဲ့သည်ဟု ဦးဦသိန်းမောင်က ပြောကြားသည်။
ဦသိန်းထွန်းဇံ - ဒုဥက္ကဋ္ဌ ( အမေရိကန် ရခိုင်လူမှုအဖွဲ့အစည်း) က “ အခု ရခိုင်ဖြစ်ပျက်နေတာတွေဟာ စစ်တပ်က တိုက်ရိုက်တာ ဝန်ရှိတယ်လို့ ယူဆပါတယ်။ ဒါပေမယ့် အခု လက်ရှိတက်နေတဲ့ NLD အစိုးရ ဒေါ်ဆောင်ဆန်းစုတို့က ထိထိရောက်ရောက် မဆောင်ရွက်ဘူး။ ရဲရဲတင်းတင်း မပြောဘူး။ ခွင့်ပြုလို့ ငြိမ်နေတာလား။ အဲသလိုမျိုး ပြောချင်ပါတယ်” ဟု ပြောဆိုသည်။
Indiana တွင် နေထိုင်သူ မရတီပွင့်ဦးက “ ကျွန်မတို့ ကျောင်းတွေပျက်၊ အလုပ်အကိုင်ဖျက်ပြီး ဒီမှာ ဆန္ဒလာပြရတာက ကျွန်မတို့ ပြည်နယ်မှာ အပြစ်မဲ့ ပြည်သူတွေကို သတ်ဖြတ်နေလို့ မခံရပ်နိုင်လို့ ခုလို လာပြီး ဆန္ဒပြတာပါ” ဟု VOA မြန်မာပိုင်း အစီအစဉ်သို့ ပြောကြားခဲ့သည်။
ဆန္ဒပြရာတွင် ကချင်တိုင်းရင်းသားများနှင့် တစ်ခြားတိုင်းရင်းသားများလည်း လာရောက် ပူးပေါင်း ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။
ဆန္ဒပြရာတွင် ပါဝင်သူ ကိုခိုင်မင်းက “ ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့စစ်ပွဲအတွင်းမှာ အရပ်သားတွေ သေကြေ ထိခိုက် ဒဏ်ရာရတာတွေ ရှိနေပါတယ်။ ဒါ့အပြင် ရှေးဟောင်းအမွေအနှစ်တွေမှာ ကျည်ဆံတွေ ထိမှန်ပြီး ပျက်စီးမှုတွေလည်း ရှိနေပါတယ်။ မြောက်ဦးမြို့မှာ ပစ်ခတ်တိုက်ခိုက် နေတာတွေကလည်း ဘယ်လိုနည်းနဲ့ မှ လက်ခံလို့ မရဘူး။ ဒါကြောင့် အမေရိကန်ပြည်ထောင်စုမှာ နေထိုင်တဲ့ ရခိုင်တိုင်းရင်းသားတွေက ဝါရှင်တန်ဒီစီမြို့တော်က မြန်မာသံရုံးရှေ့မှာ ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။
ဆန္ဒပြအဖွဲ့ထဲက ကိုယ်စားလှယ် ၄ ယောက်ကို ဝါရှင်တန်ဒီစီ မြန်မာသံအမတ်ကြီး ဦးအောင်လင်းက သံရုံးထဲကို ခေါ်ပြီး တံခါးပိတ်တွေ့ဆုံဆွေးနွေးခဲ့သည်ဟု သိရသည်။
တွေ့ဆုံပွဲတွင်ပါဝင်ခဲ့သူ ဦးခိုင်အောင်ကျော်က ဆွေးနွေးပွဲမှာ သူ့အနေနဲ့ အရပ်သားအစိုးရကို ကိုယ်စားပြုပြီးတွေ့တာ ဖြစ်တဲ့အကြောင်း၊ အခုလို သံရုံးရှေ့မှာ ဆန္ဒပြတဲ့အတွက် နိုင်ငံသိက္ခာ ထိခိုက်ရတာကြောင့်သူ့အနေနဲ့ စိတ်မကောင်း ဖြစ်ရကြောင်း၊ ရခိုင်ပြည်နယ်က ဖြစ်ရပ်တွေနဲ့ ပတ်သက်လို့ ခိုင်လုံတဲ့ သက်သေ အထောက်အထား၊ ဓာတ်ပုံ၊ ဗီဒီယိုမှတ်တမ်းတွေ ရှိရင် သံရုံးကိုပေးဖို့နဲ့ သူကတဆင့် အစိုးရကို တင်ပြပေးမည်ဟု ပြောဆိုကြောင်း RFA တွင် သတင်းဖော်ပြထားသည်။
ဆန္ဒပြသူများသည် မြန်မာသံရုံးမှ အမေရိကန်သမ္မတ အိမ်ဖြူတော်ထိ ချီတက်ပြီး နောက်ပိုင်းတွင် အမေရိကန် ကွန်ကရက် လွှတ်တော်ထိ သွားရောက် ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။







