ချင်းပြည်နယ်တွင် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်အတွင်း မိခင်သေဆုံးမှုသည် ၁၆ ဦးအထိရှိနေပြီး အများစုမှာ မီးဖွားချိန်ကြာမှုနှင့် သွေးသွန်မှုကြောင့်ဖြစ်သည်ဟု ချင်းပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ မှတ်တမ်းအရသိရသည်။
မိခင်သေဆုံးမှုဆိုသည်မှာ ကိုယ်ဝန်စရှိသည့်အချိန်မှစ၍ ကလေးမွေးပြီး (၄၂) ရက်အတွင်း ကိုယ်ဝန်နှင့်သက်ဆိုင်သည့် ရောဂါကြောင့်ဖြစ်စေ ကိုယ်ဝန်နှင့်မသက်ဆိုင်သည့်ရောဂါကြောင့်ဖြစ်စေ သေဆုံးမှုများကို မိခင်သေဆုံးမှု ခေါ်ဆိုကြပြီး ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလ အထိ သေဆုံးသည့် မိခင်အများစုမှာ မွေးရက်ကြာမှုနှင့် သွေးသွန်မှုများကြောင့်ဟု ချင်းပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ရှာရွန်ပါရ်ကပြောသည်။
“သေဆုံးရတဲ့အကြောင်းရင်းအများစုကတော့ မွေးရက်ကြာတာပေါ့နော် မွေးဖို့ကြာတာ မွေးတဲ့အချိန်က အလွန်ဆုံး (၁၂) နာရီပဲရှိရမှာလေ အဲဒီအတွက်ကို သူတို့မမွေးနိုင်တော့ဘူး ဥပမာ အချင်း(ချက်ကြိုး) ကရှေ့ရောက်နေလို့ သို့မဟုတ် ကလေးအနေထား မမှန်လို့ပဲဖြစ်ဖြစ် အမေက အရပ်ပုနေတာမျိူး သို့မဟုတ် တင်ပါးဆုံရိုးကျဉ်းနေတာမျိူး ကလေး နဲ့မမျှတာမျိူးအဲဒါတွေကြောင့် ပြီးတော့ မွေးပြီးသွေးသွန်တာပေါ့ အဲဒီနှစ်ခုက အများဆုံးပဲ’’ ဟု ဒေါက်တာ ရှာရွန်ပါရ် ကပြောသည်။
ချင်းပြည်နယ်တွင် ၂၀၁၈ ခုနှစ်အတွင်း ကလေးအရှင်မွေးစာရင်းမှာ (၁၂၉၉၈)ဦးဖြစ်ပြီး မိခင်သေဆုံးမှုစာရင်းမှာ ပလက်ဝမြို့နယ်တွင်(၇)ဦး၊ ဟားခါးမြို့နယ်တွင်(၃)ဦး၊ တီးတိန်မြို့တွင် (၄)ဦး၊ ထန်တလန် နဲ့ တွန်းဇံမြို့နယ် တွင်(၁)ဦးစီဖြစ်ပြီး ယင်းတို့အနက် မီးဖွားချိန်ကြာမြင့်မှုကြောင့် သေဆုံးသူ (၅)၊ မီးဖွားပြီးသွေးသွန်၍ သေဆုံးသူ (၄) ဦးနှင့် ကိုယ်ဝန်ပျက်ကျ၍ သေဆုံးသူတစ်ဦးရှိခဲ့သည်ဟု သိရသည်။
ယခုကဲ့သို့ သေဆုံးမှုမျိူးသည် ကြိုတင်ကာကွယ်၍ရသော်လည်း ကျေးလက်နေမိခင်အများစုသည် ကိုယ်ဝန်ကို ဆေးရုံး တွင်သေချာအပ်နှံခြင်းမရှိကြသည့်အပြင် မွေးသည့်အချိန်တွင်လည်း ကျွမ်းကျင်သည့် ကျန်းမာရေးဝန်ထမ်းနှင့် မမွေးဘဲ လက်သည်နှင့်မွေးလေ့ရှိသည့်အတွက် ထိုကဲ့သို့သေဆုံးမှုဖြစ်ရသည်ဟု ဒေါက်တာကဆက်ပြောသည်။
“ ဒီမွေးရက်ကြာဟာက ကာကွယ်လို့ရတယ် ဥပမာ သူက ကိုယ်ဝန် (၉) လထိကို မှန်မှန်အပ်ခဲ့မယ်ဆိုရင် ကလေးအနေ ထား မမှန်တာတို့ တခြားသောပြသနာရှိတယ်ဆိုရင် စောစောစီးစီးဆေးရုံးမှာမွေးပြီးတော့မှ ကယ်နိုင်မယ်ပေါ့နော်၊ ဒါပေ မယ့် သူတို့က ကိုယ်ဝန်လည်းမအပ် ပြီးတဲ့ခါကျတော့ မွေးရင်လည်းကျန်းမာရေးဝန်ထမ်းနဲ့မမွေးဘူး လက်သည်နဲ့ မွေးတယ် ပေါ့လေ၊ ဆိုတဲ့ခါကျတော့ မွေးဖို့အရမ်းကြာတဲ့အခါမှာ ကလေးရော အမေရော မခံနိုင်တော့ပဲဆုံးသွားတာပေါ့နော်’’ ဟု ဒေါက်တာကပြောသည်။
ထို့ကဲ့သို့ ဖြစ်ရခြင်းမှာလည်း ချင်းပြည်နယ် လူဦးရေ၏ (၇၅) ရာခိုင်နှုန်းသည် ကျေးလက်ဒေသတွင် နေထိုင်ကြပြီး ကျေးလက်ဒေသတွင် သားဖွားခန်းမရှိခြင်း၊ ကျန်းမာရေးဝန်ထမ်းမလုံလောက်ခြင်း၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲခြင်းနှင့် အသိပညာပိုင်း အားနည်းမှုများကြောင့် ဖြစ်သည်ဟု ဒေါက်တာက ဆက်ပြောသည်။
“ကျေးလက်ဒေသမှာက မွေးခန်းမရှိဘူး ဒါပေမယ့် စောစောစီးစီးလွှဲရင် သွားလို့ရတယ် ဒါပေမယ့် စောစောစီးစီး လည်းမသွားချင်ဘူး ဘာလို့မသွားချင်လည်းဆိုတော့ ဒါကကြောက်ရကောင်းမှန်းမသိဘူး အသိပညာနည်းပါးတာ လည်းပါတယ် ခရီးသွားလာရခက်ခဲတာလည်းပါတယ်’’ ဟု ဒေါက်တာ ရှာရွန်ပါရ်ကပြောသည်။
ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်သန်းခေါင်းစာရင်းအရ မြန်မာနိုင်ငံတိုင်းနဲ့ပြည်နယ် (၁၄) ခုအနက် ချင်းပြည်နယ်သည် မိခင်သေဆုံး မှု အမြင့်ဆုံးဖြစ်သည်။ ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်တွင် မိခင်သေဆုံးမှု(၂၂) ဦး၊ ၂၀၁၇ ခုနှစ်တွင် မိခင်သေဆုံးမှု(၁၈) ဦးရှိခဲ့သည်။
ချင်းပြည်နယ်တွင် မိခင်သေဆုံးမှုလျှော့ကျလာစေရေးအတွက် ကျန်းမာရေးဌာနတစ်ခုတည်းဖြင့် ဆောင်ရွက်၍ မရကြောင်း အစိုးရ၊ ပြည်သူလူထုနှင့် ပူးပေါင်းဆောင်ရွက်ရမည်ဟု ချင်းပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြား ရေးမှူး ဒေါက်တာ ရှာရွန်ပါရ်ကပြောသည်။
“မိခင်သေဆုံးမှုလျှော့ဖို့က ကျန်းမာရေးဌာနတစ်ခုတည်းနဲ့လုပ်လို့မရဘူး အစိုးရအဖွဲ့ကလည်းပါဝင်ဖို့လိုတယ် ပြည်သူလူထု ကလည်းပါဝင်ဖို့လိုတယ် ကောင်းတာကတော့ ကျန်းမာရေးဝန်ထမ်းနဲ့မွေးကိုမွေးရမယ် အဲဒါကို ကျမတို့ပြည်သူလူထု ဆီမှာလည်း အသိရှိရမယ် အစိုးရအနေနဲ့လုပ်ပေးရမှာက သားဖွားခန်းတွေ လုပ်ပေးဖို့လိုတယ် ကျန်းမာရေးဝန်ထမ်းတွေ အချိန်ပြည့်ရှိဖို့လိုတယ် အခုတို့က ကျန်းမာဝန်ထမ်းလစ်လပ်ကလည်းများတယ်လေ၊ သားဖွားခန်းမှာမွေးဖို့ဆိုရင် အဆောက်အဦးတွေရှိဖို့လိုတယ် ပြီးတော့ ကျွမ်းကျင်သူနဲ့မွေးဖို့ဆိုရင် ကျွမ်းကျင်သူတွေများလာဖို့လိုတယ် ဝန်ထမ်းတွေ မွေးထုတ်ဖို့လိုပါတယ်” ဟု ဒေါက်တာကပြောသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အမျိူးသားကျန်းမာရေးစီမံကိန်းအကောင်အထည်ဖော်ခြင်းဆိုင်ရာ လေ့လာစောင့် ကြည့်ရေးအဖွဲ့နှင့် ချင်းပြည်နယ်၊ ပြည်သူ့ ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ ပြုလုပ်သော ချင်းပြည်နယ်ကျန်းမာရေး ဆိုင်ရာ အစီရင်ခံစာ(၂၀၁၈) အသိပေးထုတ်ပြန်ခြင်းဆိုရာ အခမ်းအနားကိုလည်း လာမည့် မတ်လ (၁၁) ရက်နေ့တွင် ဟားခါးမြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်မည်ဟု သိရသည်။







