ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူမနောကွင်းတွင် ဖေဖော်ဝါရီလ ၇ ရက်မနက် ၉နာရီ ၌ မြစ်ဆုံစီမံကိန်း ရာသက်ပန်ရပ်ဆိုင်းရန် ပြည်သူလူထု ဆန္ဒထုတ်ဖော်ပွဲကိုကျင်းပခဲ့ပြီး ၂၀၁၉ခုနှစ်မှာ ပထမဆုံးအကြိမ် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ယင်းဆန္ဒပြပွဲကို အရပ်ဘက်အဖွဲ့အစည်းများ၊ ဒေသခံပြည်သူများနှင့် ဘာသာရေးခေါင်းဆောင်များ စုပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး စစ်ဘေးဒုက္ခသည်များအပါအဝင် လူအင်အား ၇ ထောင်ခန့် ချီတက် ဆန္ဒပြခဲ့သည်ဟု ပွဲစီစဉ်သူများမှ သိရပါသည်။
“ပြည်သူတွေတင်မြောက်ထားတဲ့ NLD ကလဲ ပြည်သူတွေရဲ့စကားကိုနားထောင်ပြီး ၇နှစ် သာမက ရာသက်ပန်ရပ်ဆိုင်းပေးဖို့မျှော်လင့်တဲ့အတွက် ဆန္ဒပြတာဖြစ်တယ်” ဟု ကချင်လူမှု ဖွံ့ဖြိုးရေးကွန်ယက်အဖွဲ့ KDNG မှ ဆရာမ Awng Ja (အောင်ဂျာ) ပြောကြားသည်။
ဆန္ဒပြခြင်းကြောင်း စီမံကိန်းရပ်ဆိုင်းသွားမည်ဟု မျှော်လင့်သည့်အတွက် မြစ်ကြီးနား တဘက်ကမ်း ဝိုင်းမော်မြို့ ဝါးရှောင်ကျေးရွာကနေ လာရောက်ပါဝင်ခြင်းဖြစ်ကြောင်း Jan Nang Tawng (မ နန်တောင်) ၂၄နှစ်က ပြောကြားသည်။
မနက် ၉နာရီတွင် ဝတ်ပြုဆုတောင်းပြီး ၁၀နာရီ ၁၅တွင် မနောကွင်းမှ မြစ်ကြီးနားမြို့လယ်ကို “မြစ်ဆုံစိမံကိန်းရပ်တန့်ရေ-ဒို့အရေး၊ ပြည်သူဆန္ဒမပါတဲ့ စီမံကိန်ုး-ချက်ချင်းရပ်” ဆိုသည့် ကြွေးကြော်သံများဖြင့် ချီတက် ဆန္ဒပြခဲ့ကြပါသည်။
ယနေ့ ဆန္ဒပြပွဲဦးဆောင်သူ တစ်ဦးဖြစ်သော Slg. Nwat Naw Awng မှ အစီစဉ် ပြုလုပ်ရခြင်း ရည်ရွယ်ချက် ယခုလိုပြောဆိုပါသည်။
“လွန်ခဲ့တဲ့ ဒီဇင်ဘာ ၂၉ တရုတ်သံအမတ် ကချင်ပြည်နယ်ကို ရောက်ရှိတဲ့အချိန် ကချင်လူကြီးတွေနဲ့ တွေ့ဆုံခဲ့တယ်။ နောက် ဇန်နဝါရီ ၁၃ ကျတော့ တရုတ်နိုင်ငံခြားရေးဌာန သံအမတ်ကနေ မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်ပြီး ကချင်ပြည်နယ်သူ သားတွေဟာ ကန့်ကွက်ခြင်း မရှိဆိုပြီး ပါလာတဲ့အတွက် ကျနော်တို့ ပြည်ထောင်စု မြန်မာနိုင်ငံသားတွေကို စိန်ခေါ်သလို ဖြစ်သွားတယ်။ ဒါကြောင့် ကျွန်တော်တို့ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ ဂိုဏ်ဂဏမခွဲခြားလဲ စည်းစည်းလုံးလုံး ကျနော်တို့ ဘုံရန်သူကို ခုခံတားဆီးတဲ့ လူထုဆန္ဒပြ ချီတက်ပွဲ ပြုလုပ်ရခင်းဖြစ်တယ်။”







