မွန်ပြည်နယ် သထုံမြို့နယ် နောင်ဘိုကျေးရွာရှိ ပြောင်းခင်းများတွင် ဖျက်ပိုး ထူပြောစွာ ကျရောက်လျက်ရှိကြောင်း ဒေသခံ ပြောင်းစိုက်တောင်သူတို့က ပြောသည်။
“ဒီလိုမျိုး တစ်နှစ်မှကို မဖြစ်ခဲ့ဖူးဘူး။ ဒီနှစ်မှာမှ ပိုးအကျကြမ်းတာ။ အခင်းတိုင်းပဲ”ဟု ၁၃နှစ်ကျော် နှစ်စဉ် ပြောင်းစိုက်လာခဲ့သူ နောင်ဘိုဘုရားဖြူပိုင်းနေ တောင်သူ ကိုရာဇာက လက်ရှိအခြေအနေအပေါ် ဝေဖန်သည်။
နောင်ဘို ကဿဖ တရုတ်ပိုင်းနေ တောင်သူ ဦးကျော်ဟိုးကလည်း “ပြောင်းကို တစ်နှစ်မှ ဆေးမဖျန်းရဘူး။ ခါတိုင်းနှစ်တွေဆိုရင် လက်နဲ့ လိုက်ဖမ်း၊ ပစ်ထုတ်လိုက်လို့ ရတယ်။ ဒီနှစ်တော့မရတော့ဘူး။ ဆေးဖျန်းလိုက်ရတယ်”ဟု ပြောသည်။
ငမြောင်တောင် ရွက်ဆုံစားပိုးများနှင့် ပင်စည်ထိုးပိုးများဖြစ်ကြောင်း သထုံမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးစောခင်ကျော်မြင့်က ဇန်နဝါရီ ၃ရက်နေ့တွင် ကွင်းဆင်းစစ်ဆေးပြီးနောက် ပြောသည်။
“မိုးအုံ့တယ် ပူအိုက်စွတ်စိုတယ်ဆိုတော့ ပိုးကြိုက်တဲ့ ရာသီပေါ့။ နောက်ပြီး ဓာတ်မြေသြဇာတွေ တအား သုံးထားတော့ အပင်က နုဖပ်နေတော့ ပိုးကြိုက်တာပေါ့။ ဆေးဖျန်းရမယ်၊ အခုရက်ပိုင်း အအေးဝင်၊ နှင်းကျလာပြီဆိုတော့ သက်သာသွားမှာပါ”ဟု ၎င်းက ဆိုသည်။
ပြောင်းစိုက်တောင်သူများအနေဖြင့် ဆိုင်ကလုံးပိုးသတ်ဆေးကို အသုံးပြုရန် လိုအပ်ပြီး ဓာတ်မြေသြဇာကိုမူ လျှော့ချ အသုံးပြုစေလိုကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူးက ဒေသခံတောင်သူများကို တိုက်တွန်းခဲ့သည်။
ဖျက်ပိုးများမှာ ပြောင်းညွှန့်များကို ကိုက်စားလေ့ရှိကြရာ ပြောင်းညွှန့်အဆစ်များပြတ်ကာ အပင်ကြီးထွားမှုနှုန်း ရပ်တန့်သွားရကြောင်း၊ ၎င်းပိုးများကို အချိန်မီ နှိမ်နင်းနိုင်ပါက အန္တရာယ် မရှိကြောင်း ပြောင်းစိုက်သက်တမ်း ကာလရှည်ကြာခဲ့သူ ဝါရင့်တောင်သူအချို့က ဆိုသည်။
မြန်မာနိုင်ငံတွင် ပြောင်းစိုက်ပျိုးဧက ၁၇ သန်း နီးပါးရှိကာ ၆ဝ ရာခိုင်နှုန်းကို ရှမ်းပြည်နယ်၌ စိုက်ပျိုးကြခြင်းဖြစ်ပြီး တစ်နှစ်လျှင် ပြောင်းတန်ချိန် ၃ ဒသမ ၆ သန်းခန့် ထွက်ရှိသည်။



