သျှမ်းပြည်တောင်ပိုင်း မိုင်းပန်မြို့နယ် အတွင်း လယ်ယာဆင်းသည့် ဒေသခံတဦး ထောင်မိုင်းနင်းမိပေါက်ကွဲ သောကြောင့် ဒဏ်ရာရရှိကာ မိုင်းပန်မြို့မှ အောင်ပန်းမြို့ စစ်ဆေးရုံသို့ပို့ဆောင်ကုသ နေသည်ဟု သတင်းရရှိသည်။
၂၀၁၈ နိုဝင်ဘာ ၁၈ ရက်က လင်းခေးခရိုင် မိုင်းပန်မြို့ တောင်ဘက် လွယ်ပန်ပိဒေသ မိုက်ပုတ်ကျေးရွာနေ ဦးခွန်ကျော် အသက် ၅၃ နှစ်သည် ရွာနှင့် ၂ မိုင်ခန့်ဝေးသည့် လယ်တောသို့ ဆင်းချိန် ထောင်မိုင်းနင်း ရာမှ၊ ခြေလက် ခန္ဓာကိုယ် တို့တွင် ဒဏ်ရာရှိခဲ့သည်ဟု ဒေသခံများ ပြောပြချက်အရ သိရသည်။
မိုင်းပန်ဒေသခံ ခွန်မိုးအောင် က – “မထင်မှတ်ဘူးလေ၊ ဘယ်သူထောင်ထားလဲမှမသိတာ၊ ဒဏ်ရာတော့ ပြင်းထန်တယ်။ တပ်မတော်ကဘဲ သယ်သွားတာသူ့ကို အစက နမ့်စန် မှာထင်တာ။ လိုက်စုံစမ်း မှ အောင် ပန် း စစ်ဆေးရုံ ရောက်နေတာ ”- ဟု ပြောသည်။
အဆိုပါဒေသ ဘက်ဒေသ ဘက်တွင် လွန်ခဲ့သည့် ၂ လကျော်ခန့်က ကျေးရွာ အုပ်ချုပ်ရေးမှူး တဦးအား အမည်မသိလက်နက်ကိုင် တပ်ဖွဲ့တခုက ပစ်သတ်သွားခဲ့ပါသေးသည်။
“ကျနော့် အမြင်က တော့ RCSS နဲ့ PNLO အကြား ၀င်ကစားတဲ့ တတိယ လက်သည် ရှိမယ်လို့ထင်တယ်။ အဘက်ဘက်ကို သတိထားကြီးကြီး နဲ့ သတိမထားရင် မြောက်ပိုင်းကလို မလိုလားအပ်တဲ့ သျှမ်းပြည် တိုင်းရင်းသား ပြသနာဖြစ်လာမှာကို အရမ်းစိုးရိမ်တယ်။ ဖြစ်လာရင်အားလုံးနစ်နာကြမှာဘဲ ”- ဟု အမည်မ ဖေါ်လိုသည့် မိုင်းပန်မြို့ခံ နိုင်ငံရေးပါတီအကြီးအကဲ တဦးကပြောသည်။
မိုင်းပန်မြို့နယ် အတွင်း အဓိက လှုပ်ရှားသည့် အဖွဲ့ များမှာ အစိုးရတပ်မတော် နှင့် တနိုင်ငံ အပစ်အခတ်ရပ်စဲ ရေး စာချုပ်လက်မှတ်ရေးထိုးထားသော အဖွဲ့များဖြစ်ကြသည့် သျှမ်းပြည်တပ်မတော် RCSS တို့အပြင် လွယ်ပန်ပိတောင်ကြောတို့တွင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ PNLO တပ်တို့လည်း ၀င်ရောက် လှုပ်ရှားသည်။







