ရှမ်းတပ်အားထိုးစစ်ဆင်မှုတွင် ကျန်ခဲ့သည့် ဗုံးတလုံး ကလေးယူဆော့ပေါက်ကွဲ ၁ ဦးသေ ၄ ဦးဒဏ်ရာရ

ရှမ်းတပ်အားထိုးစစ်ဆင်မှုတွင် ကျန်ခဲ့သည့် ဗုံးတလုံး ကလေးယူဆော့ပေါက်ကွဲ ၁ ဦးသေ ၄ ဦးဒဏ်ရာရ
အောင်ပန်းဆေးရုံရောက်ဒဏ်ရာပြင်းထန်သည့် ကျေးသီး ငူးလိမ်ရွာမှ အသက် ၁၀ နှစ်အရွယ် စိုင်းလှိုင်းနွံ (photo/SNLD Kesi)
အောင်ပန်းဆေးရုံရောက်ဒဏ်ရာပြင်းထန်သည့် ကျေးသီး ငူးလိမ်ရွာမှ အသက် ၁၀ နှစ်အရွယ် စိုင်းလှိုင်းနွံ (photo/SNLD Kesi)

သျှမ်း(ရှမ်း)ပြည်တပ်မတော် SSPP/SSA အား ၂၀၁၄ ခုနှစ်က အစိုးရတပ်မတော်မှ ထိုးစစ်ဆင်ချိန်တွင် ကျန်ခဲ့သည့် ဗုံးဟောင်းတလုံးအား ကျောင်းသူကျောင်းသားကလေးများ ယူဆော့ရာမှ  ပေါက်ကွဲမှုဖြစ်ပွါးရာ ၆ တန်းကျောင်းသူ တဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိသည်ဟု သိရသည်။

အောက်တိုဘာလ ၂၆ ရက်နေ့ မွန်းလွဲပိုင်းက ကျေးသီးမြို့နယ် ငူးလိမ်ရွာတွင် လွန်ခဲ့သည့် ၄ နှစ် ကတည်းက တိုက်ပွဲမှ မပေါက်ကွဲသေးသည့် ဗုံးတလုံးအား ကျောင်းသူ၊ ကျောင်းသားလေးများအဖွဲ့ကသွားရောက် ယူဆောင်ဆော့ ကစားရာမှ ဗုံးပေါက်ကွဲကာ ၆ တန်းကျောင်းသူတဦးသေဆုံးပြီး ၁ ဦးမှာ ဒဏ်ရာပြင်းထန်(စိုးရိမ်) ရသည့်အခြေ အနေဖြစ်နေကြောင်း ကျေးသီးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်စိုင်းစံမိန်းက ပြောသည်။

“၄ ယောက်ဒဏ်ရာရတယ်။ ၃ ယောက်က ကျေးသီးဆေးရုံမှာရှိနေပါတယ်။ တယောက်ကဒဏ်ရာပြင်းထန်လို့ ၂၆ ရက်နေ့တုန်းက အောင်ပန်းဆေးရုံ ကိုပို့ဆောင် ဆေးကုသထားရတယ်။ ခန္ဓာကိုယ် ညာဘက်ခြမ်းထိခိုက်ဒဏ်ရာရတယ်။ ”- ဟု ကျေးသီးဆေးရုံသို့သွားရောက်ကာ ကလေးများအား ကြည့်ရှုအားပေးခဲ့သည့် ကျားခေါင်းပါတီကိုယ်စားလှယ် စိုင်းစံမိန်းက ပြောသည်။

ဗုံးကွဲမှုကြောင့်သေဆုံးသွားသူမှာ ကျေးသီးမြို့ အထက ကျောင်းမှ ၆ တန်းကျောင်းသူ နန်းသျှန်စင့် အသက်( ၁၂ နှစ်)ဖြစ်ပြီး အသုဘအား အောက်တိုဘာလ ၂၆ ရက်နေ့က အသုဘချပြီးဖြစ်ကြောင်း၊ ကိုယ်စားဆွမ်းအ လှူအား နို၀င်ဘာလ ၁ ရက်တွင်ပြုလုပ်ပေးမည်ဖြစ်ကြောင်း ဆွေမျိုးများက ပြောသည်။

ဒဏ်ရာပြင်းထန်သဖြင့် အောင်ပန်းဆေးရုံသို့ရောက်နေသူမှာ အသက် ၁၀ နှစ်အရွယ် စိုင်းလှိုင်းနွံဆိုသူဖြစ်ပြီး လက်ရှိတွင် ညာဘက်ခြမ်းခြေလက်များဖြတ်တောက်ရကြောင်း ညာမျက်လုံးကွယ်သွားပြီး ညာဘက် တင်ပါးကြေမွပျက်စီးသွားကြောင်း သိရသည်။

ဒဏ်ရာအနည်းငယ်ရရှိသူများမှာ ကျေးသီး အထက ကျောင်းမှ ၄ တန်းကျောင်းသူ အသက် ၁၀ နှစ်အရွယ် နန်းအွမ်သျှန်ဆိုင်၊ ငူးလိမ်ရွာ အမက ကျောင်းမှ ပထမတန်းကျောင်းသူ ရ နှစ်အရွယ် နန်းဖောင်းညို နှင့် သူငယ်တန်းကျောင်းသား ၈ နှစ်အရွယ် စိုင်းဘမောင် တို့ဖြစ်ကြောင်းသိရသည်။

“ဗုံးပေါက်ကွဲခဲ့တဲ့နေရာက ၂၀၁၄ ခုနှစ်တုန်းက အစိုးရတပ်မတော်နဲ့ သျှမ်းပြည်တပ်မတော်ကြား တိုက်ပွဲဖြစ်ပွါးခဲ့တဲ့ တာ့ဖာ ဆောင်ရွာနားက ငူးလိမ်ရွာဖြစ်တယ်။ အဲဒီဒေသကို အစိုးရတပ်မတော်က အခြေချထားတဲ့နေရာဖြစ်တယ်။ တိုက်ပွဲပြီးပြီးခြင်းမပေါက်ကွဲသေးတဲ့ဗုံးများရှင်းဖို့နဲ့ မိုင်းအသိပညာပေးလုပ်ငန်းဆောင်ရွက်ပေးဖို့က တပ်မတော်မှာတာဝန်ရှိပါတယ်။ တပ်ကထိန်းထား တဲ့နယ်မြေလေ အခုဖြစ်ပွားတဲ့နေရာက ”- ဟု စိုင်းစံမိန်းက သျှမ်းသံတော်ဆင့်အားပြောပြသည်။

သျှမ်းပြည်အတွင်း တိုက်ပွဲများ ဖြစ်ပွါးလျှက်ရှိသောဒေသများတွင် မြေမြှုပ်မိုင်းများ ၊ တိုက်ပွဲမှ မပေါက်ကွဲသေးသည့် လက် နက်ကြီးကျည်နှင့်ဗုံးများ – များစွာရှိနေသေးသဖြင့် မိုင်းထောင်ထားသည့် သက်ဆိုင်ရာလက်နက်ကိုင် အဖွဲ့အစည်း အားလုုံး အနေဖြင့် ပြည်သူသွားလာ အသုံးပြုသည့် လမ်းတွင် မိုင်းများမထောင်ကြရန် – တလ အတွင်း မြေမြှုပ်မိုင်း ၄ ကြိမ်နင်းမိပေါက်ကွဲခြင်းခံရသည့် နမ့်ဆန်ဒေသခံများက လည်းတောင်းဆိုကြသည်။

မြန်မာနိုင်ငံတွင် မြေမြှုပ်မိုင်း ဆက်လက် သုံးစွဲမှုများရှိနေ ပြီး၊ မြေမြှုပ်မိုင်းကြောင့် သေဆုံးမှု အများဆုံးမှာ သျှမ်းပြည်နယ် ဖြစ်ကြောင်း မြေမြှုပ်မိုင်း အသုံးပြုမှု တားဆီးရေး နိုင်ငံတကာ လှုပ်ရှားမှု အဖွဲ့ ICBL ၏ ၂၀၁၇ ဒီဇင်ဘာလတွင် ကမ္ဘာတဝှမ်းလုံးမြေမြှုပ်မိုင်း အသုံးပြုမှု အစီးရင်ခံစာတွင် ရေးသားထားသည်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...