သျှမ်း(ရှမ်း)ပြည်နယ် သထုံမူလမင်းကွန်း မဟာသတိပဌာန် ကမ္မဌာန်း၏ ၅၃ ကြိမ်မြောက် ဓမ္မသဘင်ညီလာခံပွဲအား သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် ကျင်းပမည်ဖြစ်ကြောင်းသိရသည်။
အောက်တိုဘာလ ၁၀ ရက်နေ့က ကျိုင်းတုံမြို့မှ ဓမ္မသဘင် ညီလာခံ ကျင်းပရေး ကော်မတီက လင်းခေးမြို့ ကမ္မဌာန်းကျောင်းတိုက်သို့ရောက်ရှိကာ ညီလာခံကျင်းပရေးသာသနာ့အလံတော်အား လက်ခံခဲ့ကြောင်းသိရသည်။
ကျိုင်းတုံမြို့မှ ညီလာခံကျင်းပရေးကော်မတီဝင် စိုင်းသန်းက – အစက ဒီ ၅၃ ကြိမ်မြောက်ကို နမ္မတူ မြို့နယ် မန်စံ မိုင်းမု ကမ္မဌာန်းကျောင်းမှာ ကျင်းပမလို့ပါ။ ဒါပေမယ့် အဲ့ဘက်မှာ တိုက်ပွဲကလည်း မကြာမကြာ ဖြစ်နေတော့ မကျင်းပဖြစ်သေးပါဘူးဆိုပြီး မိုင်းမုဘက်ကကော်မတီတွေက မူလကမ္မဌာန်းတိုက်ဖြစ်တဲ့ လင်းခေးကို သြဂုတ်လ ၂၉ ရက်နေ့ကပြန်လာအပ်တယ်။ဆိုတော့ မိုင်းမုပြီးရင် တောင်းဖို့စီစဉ်ထားတဲ့ ကျနော်တို့ကျိုင်းတုံက နေ အခုသွားတောင်းလာတာဖြစ်ပါတယ်- ဟု သျှမ်းသံတော်ဆင့်အားပြောပြသည်။
သျှမ်းပြည်အတွင်း သထုံမူလမင်းကွန်း ကမ္မဌာန်းကျောင်းတိုက် ၁၈ တိုက်ရှိပြီး တနှစ်တကြိမ်ဖြင့် အလှည့်ကျ နှစ်စဉ် ဓမ္မသဘင်ညီလာခံ ကျင်းပခဲ့သည်။ သက်ဆိုင်ရာမြို့နယ်မှ ကိုယ်စားလှယ်များ ဆရာတော် သံဃာ တော်များ စုဆုံကာ မိမိကျောင်းမှ တရားစခန်း ဖွင့်စဉ်ကာလ ကြုံတွေ့ရသော ပြသနာ အခက်အခဲ အောင်မြင်မှုအစရှိသည်တို့ကို ဆွေးနွေးတိုင်ပင်ခဲ့ကြပြီး ညီလာခံကာလအတွင်း ပရိသတ် များအတွက်လည်း ဓမ္မသဘင်တရားပွဲလည်းကျင်းပပေးခဲ့သည်။
လာမည့် ၅၃ ကြိမ်မြောက်ညီလာခံသဘင်မှာ ကျိုင်းတုံမြို့ ကမ္မဌာန်းကျောင်းတိုက်တွင် ၂၀၁၉ ခုနှစ်ဆန်းပိုင်းတွင် ကျင်းပမည်ဖြစ်ပြီး ကျင်းပမည့်ရက်အတိအကျကိုမူ ထပ်မံဆွေးနွေးပြီးမှ ကြေငြာမည်ဖြစ်ကြောင်း ကျိုင်းတုံ ညီလာခံကျင်းပရေးကော်မတီကပြောသည်။
၅၂ ကြိမ်မြောက် ဓမ္မသဘင်ညီလာခံကို ကွန်ဟိန်းမြို့ကမ္မဌာန်းကျောင်းတွင်လည်းကောင်း၊ ၅၁ ကြိမ်မြောက်ညီလာခံကို မိုးနဲမြို့တွင်လည်းကောင်း၊ ၅၀ ကြိမ်မြောက် ညီလာခံကို သျှမ်းပြည်နယ်၏ မူလဘူတဖြစ်သည့် လင်းခေးမြို့ ကမ္မဌာန်းကျောင်းတိုက်တွင်ကျင်းပခဲ့ပါသည်။







