PNLA နှင့် RCSS/SSA တို့ မိုင်းပန်တွင် ထိတွေ့မှုဖြစ်ပွါး

PNLA နှင့် RCSS/SSA တို့ မိုင်းပန်တွင် ထိတွေ့မှုဖြစ်ပွါး

သျှမ်း(ရှမ်း)ပြည်တောင်ပိုင်း မိုင်းပန်မြို့နယ်အတွင်း ၀င်ရောက်လှုပ်ရှားလာသော PNLA (ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်) တပ်ဖွဲ့နှင့်  သျှမ်းပြည်တပ်မတော် RCSS/SSA တို့ တရက်အတွင်း ၂ ကြိမ် တိုက်ပွဲဖြစ်ပွါးခဲ့ကြောင်းသိရသည်။

အောက်တိုဘာလ ၁၆ ရက် မနက် ၅ နာရီ ၄၅ မိနစ်က   PNLA တပ်ဖွဲ့နှင့်   RCSS/SSA တို့ မိုင်းပန်မြို့နယ် နားမွန်အုပ်စု ၀မ့်မိုက်ပုတ်ရွာအနောက်ဘက် လွယ်ကောင်းမူးတွင်တိုက်ပွဲဖြစ်ပွါး ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

RCSS/SSA ပြောခွင့်ရ ဒု ဗိုလ်မှူးကြီးစိုင်းဦးက – “အဲဒီဒေသမှာ RCSS/SSA ကနေ အမြဲလှုပ်ရှားနေတဲ့ဒေသဖြစ်တယ်။ PNLA တွေက လင်းခေးတောင်ဘက်ပိုင်း ကန်တူးလုံ ဘက်မှာလှုပ်ရှားတာအရင်က ။ ဒီဘက်ပိုင်းကိုသူတို့ မလာဘူး။ PNLA ဆက်သွယ်ရေးရုံးကိုဆက်သွယ်မေးမြန်းကြည့်တော့ သူတို့မသိရဘူးလို့ဖြေတယ်ဒီကိစ္စ။ တိုက်ပွဲကနေ ၂ ဖက်ထိခိုက်ဒဏ်ရာရတာတော့ရှိတယ် ။ ကျနော်တို့အတိအကျမသိရဘူး။ သူတိုကဘက်က အင်အား ၁၅ – ၁၆ ယောက်လောက်ရှိတယ်လို့ကြားရပါတယ်။” – သျှမ်းသံတော်ဆင့်အားပြောသည်။

အောက်တိုဘာလ ၁၆ ရက်တွင်ပင် အဆိုပါဒေသ၌ PNLA နှင့် RCSS/SSA တို့တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွါးခဲ့ကြောင်း နားမွန်ဒေသခံများကပြောသည်။

အလားတူ မြို့တွင်းရောက် နားမွန်ဒေသခံများကမူ လက်နက်ကိုင်ဆောင်သည့်ပအို၀်းအဖွဲ့လူအင်အားအများအပြား တွေ့ရကြောင်းပြောဆိုခဲ့သော်လည်းအရေအတွက်ကိုမူအတည်ပြုချက်မရခဲ့ပေ။

သျှမ်ပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA ၏ Tai Freedom သတင်းဌာနကလည်း PNLA တပ်ဖွဲ့ဝင်များသည် RCSS/SSA ၏ထိန်းချုပ်နယ်မြေ ၀မ့်မိုက်ပုတ် ပန်ပိရွာပိုင်းတွင် စခန်းချလှုပ်ရှားနေကြောင်း ၊ သို့သော် RCSS/SSA ၏ ဆက်သွယ်ရေးရုံးသို့ ဆက်သွယ်အကြောင်းကြားမှုမရှိကြောင်း၊ ထို့ကြောင့်ထိပ်တိုက်ရင်ဆိုင် မှုများဖြစ်ပွါးခဲ့ရကြောင်း ၄င်းတို့၏ ၀က်ပ်ဆိုက်တွင် ရေးသားပြောဆိုထားပါသည်။

တဖက်တွင်လည်း အောက်တိုဘာလ ၁၅ နှင့် ၁၆ ရက်နေ့တွင် ပအို၀်းနှင့် သျှမ်းတပ်ဖွဲ့လက်နက်ကိုင်ထိပ်သီးခေါင်းဆောင် ၂ ဦးအပါအဝင် NCA အပစ်ရပ်လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့၏ ထိပ်သီးခေါင်းဆောင်များ စုစုပေါင်း ၁၀ ဦးသည် NCA အပစ်ရပ်လက်မှတ်ရေးထိုးခြင်း ၃ နှစ်ပြည့် အထိမ်းအမှတ် ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးတက်ရောက်နေသည့်အချိန်ဖြစ်သည်။ အဆိုပါအစည်းအဝေးတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဒု စစ်ဦးစီးချုပ်၊ လွှတ်တော်ကိုယ်စားလှယ်များ ပါ၀င်ပါသည်။

PNLA နှင့် RCSS/SSA တို့ ၂ ဖွဲ့လုံးသည် NAC လက်မှတ်ရေးထိုးထားသည့်အဖွဲ့များဖြစ်ကြသည့်အပြင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST တွင်လည်း ပါ၀င်ပါသည်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...