သျှမ်း(ရှမ်း)ပြည်တောင်ပိုင်း ညောင်ရွှေစော်ဘွားကြီးစဝ်ရွှေသိုက်၏ ကြေးသွန်းရုပ်ထု သယ်ယူခြင်းနှင့် ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာလ ၁၉ ရက်နေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ပထမ သမ္မတ ၊ အဂ္ဂမဟာ သီရိသုဓမ္မ၊ အဂ္ဂမဟာ သရေစည်သူ ညောင်ရွှေစော်ဘွားကြီးစဝ်ရွှေသိုက်၏ကြေးသွန်းရုပ်ထုမှာ အောက်တိုဘာလ ၁၃ ရက်နေ့က ညောင်ရွှေသို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း သမီးဖြစ်သူ စဝ်ဟေမာသိုက်က သျှမ်းသံတော်ဆင့်အားပြောသည်။
“ဖောင်တော်ဦးဘုရားက ၁၆ ရက်နေ့ဆိုရင် ညောင်ရွှေကိုရောက်မှာလေ။ အခုက ရုပ်ထုက ဟော်နန်းမှာ။ ဟော်နန်းရှေ့ ဖောင်တော်ဦး ဘုရားဖြတ်သွားရင် ဆွမ်းကပ်မယ်။ ၁၉ ရက်နေ့ကျရင် လူမှုအခြေပြုအဖွဲ့အစည်းတွေအားလုံးလို လိုဖိတ်ခေါ်ထားတယ်။ ရုပ်ထုကို ဂူဗိမာန်ကိုမသယ်သွားခင်မှာ ခမည်းတော်တည်ထားကိုးကွယ်တဲ့ ကံကြီးကျောင်းမှာ ဆွမ်းကပ်မယ်။ ဧည့်သည်တော်တွေကို ဧည့်ခံမယ်။ ပြီးရင် ရုပ်ထုကို ဂူဗိမာန်ကိုသယ်သွားမယ်။ ခမည်းတော်ရဲ့ အတ္ထုပ္ပတ္တိ လေးလုပ်ပြီးဝေငှမယ်။ ကော်မတီတွေကိုကျေးဇူးတင်ကြောင်းပြောမယ်။ ” – ဟု စဝ်ဟေမာသိုက် ကပြောသည်။
ကြေးပိသာချိန် ၅၀၀ ရှိသော အဆိုပါကြေးသွန်းရုပ်ထုအား ၂၀၁၈ ဇူလိုင်လ ၈ ရက်နေ့က မန္တလေးသို့ သွားရောက်အပ်နှံခဲ့ပြီး အောက်တိုဘာလ ၁၂ ရက်နေ့တွင်ထွင်းထုပြီးစီးကြောင်း၊ ကြေးသွန်းရုပ်ထုမှာ သမ္မတဝတ်စုံ ဆင်မြန်းထားကြောင်း၊ ညောင်ရွှေမြို့ ညစျေးတန်းရှိ ဟော်နန်းဟောင်းနေရာနှင့်မျက်နှာချင်းဆိုင် စော်ဘွားကြီးအုဋ်ဂူတွင် တည်ထားမည်ဖြစ်ကြောင်း သိရသည်။
“ခမည်းတော်ဟာ ပြည်ထောင်စုသားအားလုံးအတွက် လုပ်ခဲ့တဲ့အတွက် ဂုဏ်ယူပြီးလုပ်ခဲ့တာပါ။ တချို့ကပြောတယ်။ အချိန်စောလွန်းတယ်လို့ပြောပါတယ်။ ပါပါ ထင်တယ်အချိန်ဆွဲနေလို့မဖြစ်ပါဘူး။ ရှေ့ဆက်မှာဘယ်လိုဆက်ဖြစ်မလဲ ဆိုတာ မသေချာဘူးလေနော်။ အခုကြေးသွန်းရုပ်ထုကလည်းဘဲ ပါပါ တယောက်တည်းလုပ်သွားတာမဟုတ်ပါဘူး။ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ကူညီဖေးမ မှု၊ လူထုအားလုံးရဲ့ အင်အားပါ၀င် မှ အခု အောင်မြင်တာဖြစ်ပါတယ်။ ” – ဟုလည်း စဝ်ဟေမာသိုက် ကပြောသည်။
ကြေးသွန်းရုပ်ထု တည်ထားမည့် ဂူဗိမာန်တွင်လည်း ၁၉၆၂ ကတည်းက ပြုပြင်နိုင်ခြင်းမရှိသဖြင့် ၂၀၁၅ ခုနှစ်က ပြန်လည်ပြုပြင်ခွင့်တောင်းခံပြီး ရေကန်၊ကြာ၊ ပန်းများဖြင့်ပြန်လည်ရှင်းလင်းပြုပြင်ထားကြောင်း သိရသည်။
ညောင်ရွှေစော်ဘွားကြီးကြေးသွန်းရုပ်ထုထွင်းထုရေးအတွက် ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၂၁ ရက် စော်ဘွားကြီး နတ်ရွာစံခြင်း ၅၅ နှစ်ပြည့် အောင့်မေ့ဖွယ် ဆွမ်းကပ်အလှူပြုရာတွင် ညောင်ရွှေဟော်နန်းတည်တံ့ခိုင်မြဲရေး ကော်မတီမှ ဆွေးနွေးဆုံးဖြတ်နိုင် ခဲ့ကြခြင်း ဖြစ်ကြောင်း စဝ်ဟေမာသိုက်က ဆိုပါသည်။
ညောင်ရွှေစော်ဘွားကြီး စဝ်ရွှေသိုက်သည် ၁၈၉၆ ခုနှစ်တွင် မွေးဖွားခဲ့ပြီး ၁၉၂၇ ခုနှစ်တွင် ညောင်ရွှေစော်ဘွား အဖြစ် ဟော်နန်းတက်ခဲ့ပါသည်။၁၉၄၈ ခုနှစ် ဇန္နဝါရီလ ၄ ရက် ပြည်ထောင်စုမြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး မြန်မာနိုင်ငံ၏ ပထမဆုံးသော နိုင်ငံတော် သမ္မတ ဖြစ်လာသည်။ ၁၉၄၈ ခုနှစ် မှ ၁၉၅၂ ခုနှစ် ထိ သမ္မတတာဝန် ထမ်းဆောင်ခဲ့ပြီး ၁၉၅၂ ခုနှစ် မှ ၁၉၅၆ ခုနှစ်အထိ လူမျိုးစု လွှတ်တော်နာယက ဖြစ်လာ သည်။ ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်နေဝင်းအာဏာသိမ်းစဉ် သားတော် စဝ်မီ ပစ်သတ်ခံရပြီး ညောင်ရွှေစော်ဘွားကြီး အားလည်း သျှမ်းစော်ဘွားများနှင့်အတူ ဖမ်းဆီးထိန်းသိမ်းခြင်းခံရကာ ၁၉၆၂ နိုဝင်ဘာ ၂၁ ရက်နေ့ သက်တော် ၆၆ နှစ်တွင် နတ်ရွာစံခဲ့ပါသည်။







